မိဘတွေရဲ့ အလိုချင်ဆုံးဆုက မိမိသားသမီး တစ်သက်လုံး ကောင်းစားရေးဖြစ်ပါတယ်။
ကောင်းစားတယ်ဆိုတဲ့ စကားလုံးရဲ့အောက်မှာ ကိုယ်ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်းနဲ့ စည်းစိမ်ဥစ္စာတို့ ပါဝင်တယ်လို့ အကျမ်းဖျဉ်းပြောလို့ရပါတယ်။
ဒီထဲမှာ ဘယ်ဟာအရေးအကြီးဆုံးလဲလို့ အဖြေရှာကြည့်ရင်တော့ အခြေခံအကျဆုံး အလိုအပ်ဆုံး အရာတစ်ခုကတော့ မိမိသားသမီးတွေရဲ့ ကျန်းမာရေးပဲဖြစ်ပါတယ်။
သားသမီးတွေကျန်းမာဖို့ မိဘတွေရဲ့ အခန်းကဏ္ဍက ဘာလဲ ?
ကလေးတစ်ယောက် နေမကောင်းဖြစ်ချိန်မှာ ကုသပေးဖို့ ပြုစုစောင့်ရှောက်ဖို့ မိဘတွေမှာ တာဝန်ရှိတယ်ဆိုတာ လူတိုင်းသိပေမဲ့ နေမကောင်းမဖြစ်လွယ်အောင် ကျန်းမာရေးဗဟုသုတတွေ သင်ကြားပေးထားဖို့ကလည်း နေ့စဉ်အလုပ်တစ်ခုဖြစ်တယ်ဆိုတာကိုတော့ သတိမထားမိတတ်ကြပါဘူး။
ငယ်စဉ်ကတည်းက အရိုးစွဲအောင် သင်ကြားခံထားရမှသာ ကောင်းတဲ့အသိတရားကနေ ကောင်းတဲ့ အမူအကျင့်အဖြစ် ပုံစံသွင်းပြီးသား ဖြစ်သွားပြီး တစ်သက်လုံးကျန်းမာပျော်ရွှင်စွာနေသွားနိုင်မှာဖြစ်ပါတယ်။
ဘာတွေသင်ပေးရမလဲ ??
– ခန္ဓာကိုယ်အစိတ်အပိုင်းတွေအကြောင်း
ဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းက ဘယ်လိုအလုပ်လုပ်တယ်။ ဘယ်အစိတ်အပိုင်းအတွက် ဘယ်အရာတွေကကောင်းစေပြီး ဘယ်အစိတ်အပိုင်းအတွက်ကိုတော့ ဘယ်အချက်တွေက ဘေးဖြစ်စေတယ်ဆိုတာမျိုး သင်ပေးထားဖို့လိုပါတယ်။
ဒီအတွက် လူကြီးတွေကိုယ်တိုင်လည်း လိုက်နာဖို့၊ ဗဟုသုတရှိဖို့လိုပါတယ်။
ဥပမာအားဖြင့် ကော်ဖီကြိုက်တဲ့ လက်ဖက်ရည်ကြိုက်တဲ့ ကလေးတစ်ယောက်ကို ကဖင်းဓာတ်က ဘာအန္တရာယ်ရှိတယ်ဆိုတာ ငယ်ငယ်တည်းက သင်ပေးထားရင် ကြီးလာရင် ကဖင်းစွဲဖို့ အခွင့်အလမ်းပိုနည်းပါတယ်။
ဒီလိုပဲ အရက်က အသည်းထိခိုက်စေမယ်ဆိုတဲ့ အကြောက်တရား၊ ဆေးလိပ်သောက်ရင် အဆုတ်ပျက်စီးမယ်ဆိုတဲ့ အကြောက်တရားမျိုး ငယ်ငယ်တည်းက ထည့်ပေးထားရင် ကြီးလာရင် ပိုရှောင်ဖြစ်စေမှာပါ။
– သန့်ရှင်းခြင်း
တစ်ကိုယ်ရည်သန့်ရှင်းရေးရဲ့ အရေးပါပုံ၊ ရောဂါကာကွယ်နို်ငပုံတွေ သင်ပေးရပါမယ်။
သန့်(၄)သန့်လို့ ခေါ်တဲ့ ရေသန့်၊ အစာသန့်၊ အိမ်သာသန့်၊ အိမ်နဲ့ ပတ်ဝန်းကျင်သန့်ရှင်ရေးတွေအကြောင်းကို သေချာသင်ထားပေးဖို့လိုပါတယ်။
အမှိုက်ကို စနစ်တကျစွန့်ပစ်တတ်ဖို့ သင်ပေးရပါမယ်။
– အစာအာဟာရ
သန့်ရှင်းတဲ့ အစားအသောက်ပဲ စားဖို့ သင်ပေးထားဖို့လိုသလို အာဟာရပြည့်ဝအောင် စားသောက်တတ်ဖို့လိုပါတယ်။
အာဟာရအုပ်စုတွေအကြောင်းသိအောင် သင်ပေးထားရပါမယ်။
ဥပမာ အသီးအနှံတွေမှာ ဗိုက်တာမင်စီ ကြွယ်ဝလို့ ကိုယ်ခံအားကောင်းစေတယ်ဆိုတာမျိုး၊ ငါးများများစားမှ အိုမီဂါ 3 ဖြည့်တင်းနိုင်ပြီး ဉာဏ်ပိုကောင်းမယ်ဆိုတာမျိုး၊ နို့သောက်ရင် ပိုအရပ်ရှည်လာမယ် သန်မာထွားကျိုင်းလာမယ် သူများအနိုင်မကျင့်ရဲဘူး ဆိုတာမျိုး ကလေးကြိုက်မဲ့ စကားလုံးတွေနဲ့ ဆွဲဆောင် သင်ကြားပေးတတ်ဖို့လိုပါတယ်။
– အိပ်စက်ခြင်း
ကလေးတွေကို ငယ်ငယ်တည်းက ကောင်းစွာအိပ်စက်ခြင်းရဲ့ အရေးပါပုံတွေကို သင်ကြားပေးရမှာဖြစ်သလို အိပ်ချိန်မှန်ဖို့လည်း လေ့ကျင့်ပေးထားရပါမယ်။
အိပ်ရေးဝမှ လန်းဆန်းတက်ကြွမယ်၊ ဉာဏ်ကောင်းမယ်၊ နေမကောင်းမဖြစ်လွယ်ဘူးဆိုတာမျိုး သင်ပေးထားရပါမယ်။
– လိင်နှင့် မျိုးဆက်ပွားကျန်းမာရေး
အသက်အရွယ်အလိုက် သမီးကိုလည်း သမီးအလျောက်၊ သားတွေကိုလည်း သားအလျောက် သူတို့နားလည်နိုင်မဲ့ စကားလုံးတွေနဲ့ ယဉ်ယဉ်ကျေးကျေး သင်ပေးထားဖို့လိုပါတယ်။
သမီးမိန်းကလေးတွေကိုလည်း ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်ဖို့ စောင့်ထိန်းရမဲ့ အချက်တွေသင်ပေးထားဖို့လိုပါတယ်။
သားတွေကိုလည်း လိင်မှုကိစ္စရဲ့ နောက်ဆက်တွဲပြဿနာတွေအကြောင်း၊ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေအကြောင်း၊ စိတ်ထားမြင့်မြတ်ခြင်းရဲ့ တန်ဖိုးတွေ အကြောင်းကို တဖြည်းဖြည်းချင်း သင်ကြားပေးထားရပါမယ်။
ကလေးဘဝမှာ သင်ကြားပေးခဲ့တာတွေအားလုံးက သူတို့ ဘဝတစ်လျှောက် မိဘတွေရင်အေးစေဖို့ပဲဖြစ်မှာပါ။
ဒီတော့ မိဘတွေအနေနဲ့ ကိုယ်တိုင်လည်း ပိုသိအောင်ကြိုးစားပါ။
ကလေးတွေကိုလည်း သေချာပြုစုပျိုးထောင်ပေးရင်း ကမ္ဘာကြီးပိုသာယာစေဖို့ ကူညီကြရအောင်လို့ မှာလိုက်ချင်ပါတယ်။
ဘဝတစ်လျှောက်လုံး ကျန်းမာပျော်ရွှင်ကြပါစေ
Dr ဖြိုးဝေလင်း