ကလေးတစ်ယောက်မှာ အစာအာဟာရ ပြည့်ဝဖို့လိုတယ်ဆိုတာ လူတိုင်းသိတဲ့ အချက်တစ်ခုဖြစ်ပါတယ်။
ဒါပေမဲ့ အာဟာရချို့တဲ့ရင် ဘာတွေဖြစ်မှာလဲဆိုရင်တော့ လူတိုင်းတိတိကျကျမသိတော့ပါဘူး။
နေမကောင်းဖြစ်မှာပေါ့ဆိုတာလောက်ပဲ အဖြေပေးတဲ့လူများပါလိမ့်မယ်။
ဒီလိုပဲ ဘာကြောင့်အာဟာရချို့တဲ့တာလဲ မေးရင်လည်း အဖြေရေရေရာရာ မပေးတတ်ကြပါဘူး။
မိဘက ကောင်းကောင်းမကျွေးလို့ပေါ့လို့ ဖြေမဲ့လူရှိသလိုကလေးက ကောင်းကောင်းမစားလို့ပေါ့လို့ ဖြေမဲ့လူလည်းရှိပါတယ်။
အခုကလေးတွေကို အာဟာရချို့တဲ့စေမဲ့ လူသိပ်သတိမထားမိတဲ့ အကြောင်းရင်တွေကို ပြောပြချင်ပါတယ်။
ကလေးတစ်ယောက် အာဟာရချို့တဲ့ခြင်းကို (၃)ပိုင်း ခွဲကြည့်လို့ရပါတယ်။
(၁) မိဘက ကျွေးတာမလုံလောက်လို့လား
(၂) ကလေးက ကောင်းကောင်းမစားလို့လား
(၃) မိဘက ကောင်းကောင်းလည်းကျွေးတယ် .. ကလေးလည်းကောင်းကောင်းစားတယ် ..ဒါပေမဲ့ အာဟာရချို့တဲ့နေတုန်းလား
ဒီ(၃)ချက်က အတွေ့များတဲ့ ပြဿနာတွေဖြစ်ပါတယ်။
တစ်ခုချင်းပြန်ကြည့်ရအောင်။
(၁) လုံလောက်စွာမကျွေးခြင်း
ဒီနေရာမှာတော့ ဆင်းရဲချို့တဲ့ခြင်းက အကြောင်းရင်းတစ်ခုလို့ ဆိုချင်စရာရှိပေမဲ့ အာဟာရနဲ့ပတ်သတ်တဲ့ အသိပညာချို့တဲ့ခြင်းက ပိုကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။
လူနေမှုအဆင့်အတန်းမြင့်မားပေမဲ့လည်း ဒီပြဿနာကိုတွေ့နိုင်ပါတယ်။
မိဘတွေအနေနဲ့ အစာအာဟာရအုပ်စုတွေဆိုတာဘာလဲ.. ကစီဓာတ်ဆိုတာဘာလဲ…အသားဓာတ်ဆိုတာဘာလဲ.. အမျှင်ဓာတ်ဆိုတာဘာလဲ… ဗီတာမင်တွေ…သတ္ထုဓာတ်တွေဆိုတာဘာတွေလဲ သိဖို့လိုပါတယ်။
ဥပမာပြောရရင် အသားကျွေးမှ အသားဓာတ်ရတာမဟုတ်ဘူး .. ပဲတွေကလည်း ရနိုင်တယ်။
အားဆေးတိုက်မှ ဗီတာမင်တွေ သတ္ထုဓာတ်တွေ ရတာမဟုတ်ဘူး .. အသီးအနှံတွေ နို့တွေကလည်း ရနိုင်တယ်ဆိုတာတွေ နားလည်ထားဖို့လိုပါတယ်။
ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် အသားဓာတ်လိုတယ်။
ခွန်အားဖြစ်ဖို့ ကောင်းကောင်းဆော့နိုင်ဖို့ ကစီဓာတ်လိုတယ်။
ဝမ်းမှန်ဖို့ အမျှင်ဓာတ်လိုတယ်။
ရောဂါတွေကာကွယ်နို်ငဖို့ ကိုယ်ခံအားကောင်းဖို့ဗီတာမင်တွေသတ္ထုဓာတ်တွေ လိုတယ်ဆိုတာ သိထားရင် မျှတအောင် ကျွေးဖြစ်မှာပါ။
အားရှိတယ်လို့ သူများပြောတိုင်းကျွေးရမှာမဟုတ်သလို အားရှိမယ်ထင်တဲ့ အစာတစ်မျိုးတည်းကိုပဲ..ဒါမှမဟုတ် ကျွေးရလွယ်တဲ့ ကလေးကြိုက်မဲ့ အစာကိုပဲ ကျွေးနေတာမျိုးကလည်း မှားယွင်းတဲ့ ပုံစံတွေပဲဖြစ်ပါတယ်။
ထမင်းစားရင်အားရှိတယ်ဆိုပြီး ထမင်းပဲ ဖိကျွေး၊ခြောက်ကျွေးနေဖို့မလိုပါဘူး။
ဂျုံမှာလည်း ကစီဓာတ်ပါတာ နားလည်တဲ့ မိဘအတွက် ကလေးလည်းကြိုက်မဲ့ ခေါက်ဆွဲလေးခဏပြောင်းကျွေးလိုက်တာမျိုးက ပိုအဆင်ပြေစေမှာပါ။
အရိုးရှင်းဆုံးပြောရရင်တော့ ကလေးတစ်ယောက်ကို ကောင်းကောင်းကျွေးတယ်…လုံလောက်အောင်ကျွေးတယ်လို့ ပြောဖို့ဆိုရင် “ထမင်း(သို့မဟုတ်)ဂျုံ၊ အသား(သို့မဟုတ်)ငါး၊ အသီးအရွက်” အခြေခံအားဖြင့်ပါရပါမယ်။
အသားစားနည်းရင် ပဲတစ်မျိုးမျိုး ပိုကျွေးရပါမယ်။
နေ့စဉ်ပုံမှန် နွားနို့/နှို့မှုန့်/ပဲနို့/ဒိန်ချဉ် တစ်ခုခုတိုက်ပေးရပါမယ်။
တစ်နေ့ကို ထမင်း (၃)ကြိမ် နဲ့ ကြားထဲမှာ အဆာပြေ (၂)ကြိမ်ကို အာဟာရဖြစ်မဲ့ မုန့်တစ်ခုခုဖြစ်စေ..အသီးအနှံ၊ ကန်စွန်းဥ၊ ပြောင်းဖူး စတာတွေဖြစ်စေ ကျွေးဖို့လိုပါတယ်။
(၂) ကလေးက ကောင်းကောင်းမစားလို့လား ?
ဒီအချက်ကတော့ အပေါ်မှာပြောခဲ့သလိုပါပဲ။
အစာရွေးတဲ့ ဂျီကျနေတဲ့ ကလေးတစ်ယောက်ကို သူကြိုက်မဲ့ အာဟာရအုပ်စုတူရာထဲက တစ်ခုခုရွေးချယ်ကျွေးလိုက်ရင် ပြေလည်သွားတတ်ပါတယ်။
ထမင်းစားနည်းတဲ့ကလေးကို အာလူးပိုကျွေးလိုက်ရင် ကစီဓာတ်ချို့တဲ့တာ ပြေလည်သွားပါလိမ့်မယ်။
ဒီတော့ သေချာတွေးကြည့်ရင် မိဘတွေအနေနဲ့ အစာအာဟာရတွေအကြောင်း သေချာနားလည်ဖို့က တော်တော်လေး အရေးကြီးတာတွေ့ရပါလိမ့်မယ်။
ကလေးကောင်းကောင်းမစားခြင်းမှာ နောက်သတိထားရမဲ့ အချက်ကတော့ ကလေးမှာ ရောဂါတစ်ခုခုရှိနေလား သတိထားဖို့ဖြစ်ပါတယ်။
အရင်က ကောင်းကောင်းစားနေတဲ့ အစားအသောက်တွေကိုပဲ ငြင်းဆန်လာတာလား၊ သိသိသာသာ ခံတွင်းပျက်လာတာလား၊ အကြိတ်တစ်ခုခုရှိလား၊ ပိန်လာလား၊ မကြာခဏဖျားနေလား စတဲ့ ရောဂါလက္ခဏာတစ်ခုခုရှိမရှိကို သတိထားကြည့်ပြီး လိုအပ်ရင် ဆရာဝန်ပြရပါမယ်။
မိဘတွေသိပ်သတိမထားမိတတ်တဲ့ ကလေးတွေ အစာသိပ်မစားတဲ့ အာဟာရချို့တဲ့စေတဲ့ အကြောင်းတစ်ခုလည်း ရှိပါသေးတယ်။
အိမ်တွင်းဆူပူအကြမ်းဖက်မှုတွေ တွေ့ကြုံနေရရင်..နေ့စဉ်မိဘတွေစကားများရန်ဖြစ်နေရင် မပျော်ရွှင်တဲ့ မိသားစုထဲကကလေးတွေမှာ အစားအသောက်ပျက်လာတာ..အာဟာရချို့တဲ့လာတာတွေ့ရတတ်မို့ ဒါကိုလည်း သတိထားဖို့လိုပါတယ်။
(၃)ကောင်းကောင်းကျွေးတယ်..ကောင်းကောင်းလည်းစားတယ်…အာဟာရချို့တဲ့နေတုန်းပဲ ?
ဒီကိစ္စမှာတော့ ကလေးရဲ့ အစာအိမ်နဲ့အူလမ်းကြောင်းမှာ အာဟာရဓာတ်စုပ်ယူတဲ့နေရာမှာ ပြဿနာတစ်ခုခုရှိနေတာမျိုးဖြစ်နိုင်ပါတယ်။
ဒီရောဂါတွေကတော့ သိပ်အဖြစ်မများလှပါဘူး။
နောက်ဆုံးအနေနဲ့ သတိထားဖို့ လိုတဲ့ အရေးအကြီးဆုံး တစ်ချက်ကတော့ သန်ကောင်ပြဿနာဖြစ်ပါတယ်။
သန်ရှိနေရင်လည်း ကလေးက စားသလောက် အာဟာရမဖြစ်လာတာတွေ့ရတတ်ပါတယ်။
သိပ်ဆိုးရင် သံဓာတ်ချို့တဲ့တဲ့ လက္ခဏာတွေပေါ်လာတာတွေ့ရတတ်ပါတယ်။
ဒီတော့ နှစ်နှစ်အထက်ကလေးတွေအကုန်လုံး တစ်နှစ်ကို အနည်းဆုံး ၂ ကြိမ်မှ ၃ကြိမ် (၆လခြား သို့မဟုတ် ၄ လခြားပြီး) မိသားစုလိုက် သန်ချပေးဖို့လိုပါတယ်။
မိဘဆိုတာကတော့ မေတ္တာအပြည့်ရှိပြီးသားမို့ မကျွေးမှာသိပ်မပူရပါဘူး။
ကျွေးတာမှန်ကန်ဖို့ပဲလိုပါတယ်။
ဘယ်အာဟာရဓာတ်မဆိုချို့တဲ့လာရင် လက္ခဏာတစ်ခုခုတော့ ပြလေ့ရှိတာမို့ တစ်ခုခုထူးခြားတာနဲ့ မိမိကလေးကို ဆရာဝန်ပြသတိုင်ပင်ဖို့လိုပါလိမ့်မယ်။
ကျန်းမာပျော်ရွှင်ကြပါစေ..
Dr ဖြိုးဝေလင်း