ကလေးတစ်ယောက်အတွက် ပထမဆုံး အာဟာရဓာတ်ဟာ မိခင်နို့ဖြစ်ပါတယ်။
မိခင်နို့ဦးရည် ဒါမှမဟုတ် မိခင်နို့ရည်မှာ ကလေးတွေအတွက် အာဟာရ ပြည့်ဝရုံသာမက ရောဂါကာကွယ်နိုင်တဲ့ ပစ္စည်းလေးတွေပါ အလုံအလောက် ပါဝင်တဲ့အတွက် မွေးစကနေ ခြောက်လအထိ မိခင်နို့ရည်ကောင်းကောင်းရထားတဲ့ ကလေးတွေမှာတော်ရုံရောဂါ ဖြစ်ခဲပါတယ်။
အဲ့ဒါဆို ဖော်မြူလာ နို့မှုန့်တိုက်ခြင်းက လုံးဝမကောင်းဘူးလား ဆိုတဲ့ မေးခွန်းထုတ်စရာ ဖြစ်လာတတ်ပါတယ်။
လုံးဝမကောင်းဘူးဆိုတာတော့ မဟုတ်ပါဘူး။ ကလေးပေါင်ချိန်များပြီး ကြီးထွားနေလျှင် တခြားကလေးတွေထက် နို့လိုအပ်မှုပိုလိုတတ်တဲ့ အခြေအနေမျိုးမှာ မေမေကလည်း နို့ကောင်းကောင်းမထွက်နိုင်ဘူးဆိုရင် ဖော်မြူလာကူရတာမျိုးရှိတတ်ပါတယ်။ တစ်ခါတစ်လေ တစ်ချို့အခြေအနေတွေကြောင့် ကလေးတွေကို ဖော်မြူလာနို့မှုန့်တိုက်ဖို့အကြောင်းဖန်လာတာ ဖြစ်လာတတ်ပါတယ်။ အလှပျက်ခြင်း ဒါမှမဟုတ် အလုပ်လုပ်ရခြင်း ဆိုတဲ့ အကြောင်းပြချက်နှင့်တော့ သားသားမီးမီးလေးတွေကို ဖော်မြူလာတိုက်ခြင်းဟာ မဖြစ်သင့်ပါဘူးနော်။
ကလေးကို ဖော်မြူလာနို့မှုန့် မဖြစ်မနေ တိုက်ရတတ်သော အခြေအနေများ
- မိခင်တွင်ကင်ဆာရောဂါရှိ၍ ကင်ဆာဆေးသွေးရသောသူ၊ ဓါတ်ကင်ရသောသူ။
- မိခင်တွင်နို့ကြောင်းပိတ်သောရောဂါဝေဒနာခံစားနေရခြင်း။
- မိခင်တွင် ခုခံအားကျဆင်းမှုရောဂါခံစားနေရခြင်း။ ( ထိုသူများတွင် မိခင်နို့တစ်မျိုးတည်းသာ တောက်လျှောက်တိုက်ခြင်း သို့မဟုတ် ဖော်မြူလာနို့မှုန့်ကိုသာတောက်လျှောက်တိုက်ခြင်း ထဲမှ တစ်မျိုးမျိုးကိုသာ ရွေးချယ်ရတတ်သည်။ မိခင်နို့တိုက်လိုက် ဖော်မြူလာတိုက်လိုက် မလုပ်ရပါ။ )
- ကလေးတွင် မိခင်နို့နှင့်မတည့်သော ဝေဒနာခံစားရခြင်း။
- မိခင်တွင် နာတာရှည်ရောဂါအခံတစ်ခုခုရှိခြင်း။
- မိခင်တွင် ကူးစက်နိုင်သော အရေပြားပြဿနာဆိုးဆိုးရွားရွား ရှိခြင်း။
ဖော်မြူလာနို့မှုန့်တိုက်ခြင်း၏ ကောင်းကျိုးများ
- မိခင်တစ်ဦးတည်းမှ နို့တိုက်စရာမလိုခြင်း၊ အဆင်ပြေသောသူမှ တိုက်နိုင်ခြင်း။
- အလွယ်တကူဝယ်နိုင်ခြင်း။
- မေမေ အလုပ်ရှုပ်သက်သာခြင်း။
- ကြိုက်သည့်အချိန်ကြိုက်သည့်နေရာတွင် တိုက်နိုင်ခြင်း၊ နို့တိုက်ရတာ လွယ်ကူခြင်း။
ဖော်မြူလာနို့မှုန့်တိုက်ခြင်း၏ ဆိုးကျိုးများ
- ငွေကုန်ကြေးကျများခြင်း။
- နို့ဖျော်ရန် သေချာရေနွေးဖြင့် ပြုတ်ကာ သန့်ရှင်းအောင် ပြင်ဆင်ဖို့လိုခြင်း။
- တစ်နေ့တာ လိုအပ်သောပမာဏထက် ပို၍တိုက်မိတတ်ခြင်း။
- ကလေးအဝလွန်ရောဂါဖြစ်နိုင်ချေများခြင်း။
- ဝမ်းပျက်ဝမ်းလျှောဖြစ်လွယ်ခြင်း။
- နားပြည်ယို နားရောင်သောရောဂါ ဖြစ်လွယ်ခြင်း။
- ခုခံအားမကောင်းဘဲ ခဏခဏဖျားလွယ်ခြင်း။
- မိခင်နှင့် တရင်းတနှီးသိပ်မနေတော့ခြင်း။
- ကလေးကိုမိခင်နို့မတိုက်ခြင်းကြောင့် မိခင်တွင် ရင်သားအကျိတ် ဒါမှမဟုတ် ရင်သားကင်ဆာဖြစ်နိုင်ချေများခြင်း စတဲ့အကြောင်းအချက်များဘဲ ဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့အတိုင်းကလေးတွေကိုဖော်မြူလာနို့မှုန့်တိုက်ခြင်းဟာ မိခင်နို့တိုက်ခြင်းနှင့် နှိုင်းယှဉ်မယ်ဆိုလျှင် ကောင်းကျိုးထက် ဆိုးကျိုးကပိုများပါတယ်။ သားသားမီးမီးလေးတွေကို မိခင်နို့ဝင်အောင်တိုက်ခြင်းဟာ သားသားမီးမီးလေးတွေအတွက်သာမက မေမေတို့အတွက်ပါ ကောင်းကျိုးအများကြီးရှိပါတယ်။ အဲ့ဒီ့ကောင်းကျိုးတွေကတော့
– သားအိမ်အကျုံ့မြန်ခြင်း
– ရင်သားအကျိတ် သို့မဟုတ် ရင်သားကင်ဆာဖြစ်နိုင်ချေနည်းခြင်း
– ကိုယ်ဝန်မဆောင်ခင်ကိုယ်အလေးချိန်ကို ပြန်ရောက်လွယ်ခြင်း
– မိခင်နို့တစ်မျိုးတည်းသာ ၆လအထိ တောက်လျှောက်တိုက်ခဲ့ပါက ရာသီလာခြင်းကိုတားထားနိုင်ပြီး တားဆေးထိုးဆေးသောက်ဆေး မလိုဘဲ၈၀ရာခိုင်နှုန်းခန့် ကိုယ်ဝန်တားထားနိုင်ခြင်း
စတဲ့ အကျိုးကျေးဇူးများစွာ ရရှိနိုင်တာကိုတွေ့ရပါတယ်။
ဒါ့ကြောင့် ကလေးများကို မဖြစ်မနေအကြောင်းအချက်များမှ လွဲ၍ မိခင်နို့ရည်တစ်မျိုးတည်းကိုသာ ၆လအထိတိုက်ကြပါ…လို့ တိုက်တွန်းလိုက်ရပါတယ်။
Dr.Khaing