မြန်မာနိုင်ငံက လူကြီးမိဘတော်တော်များများရဲ့စိတ်မှာ ငွေကြေးစီမံခန့်ခွဲခြင်းဆိုတာကို ကလေးတွေနဲ့ မဆိုင်ဘူးလို့သတ်မှတ်ထားကြပါတယ်။
ဘယ်အရွယ်ပဲရောက်ရောက် ကလေးတွေကို တာဝန်ပေးလိုက်ဖို့ထက် မိမိကိုယ်တိုင် ဝင်စီမံခန့်ခွဲပေးဖို့ကိုပဲ ပိုအားသန်တတ်ကြပါတယ်။
ဒီကလေးတွေဟာလည်း တနေ့မှာ လူကြီးတွေအဖြစ် လောကအလယ်မှာ ဆက်ရင်ဆိုင်သွားရမယ်ဆိုတာကို မေ့ထားတတ်ကြပါတယ်။
လူကြီးတွေရဲ့ စကားဝိုင်းမှာ ဝင်ပြောဖို့၊ လူကြီးတွေကို ပြန်အကြံဉာဏ်ပေးဖို့ဆိုတာ ကလေးတွေအတွက်တော့ သိပ်မဖြစ်နိုင်တဲ့ အခွင့်အရေးပါ။
တကယ်လည်း ကလေးတစ်ယောက်ဆီက ကောင်းမွန်တဲ့ အကြံဉာဏ်၊ စီမံခန့်ခွဲမှု၊ ဆုံးဖြတ်ချက်တွေ၊ ငွေကြေးဆိုင်ရာစီမံမှုတွေ ရဖို့ဆိုတာ သိပ်တော့ မဖြစ်နိုင်ပါဘူး။
ဒါပေမဲ့ “ကလေးပဲ.. ကလေးလိုနေရမှာပေါ့” ဆိုတာမျိုးတော့ ပြတ်သားလို့မရပါဘူး။
သူတို့ကို တတ်နိုင်သမျှ စီမံခန့်ခွဲခွင့်ပေးခြင်း၊ အရေးတယူဆက်ဆံခြင်း၊ အကြံဉာဏ်တောင်းခြင်း၊ မိသားစုတွင်းဆုံးဖြတ်ချက်တိုင်း လုပ်ဆောင်ချက်တိုင်းမှာ ပါဝင်စေခြင်းက အရမ်းအရေးကြီးပါတယ်။
ကလေးတစ်ယောက်ကို တကယ်ဖွံ့ဖြိုးတိုးတက်စေချင်ရင် လူကြီးတစ်ယောက်လို သဘောထားဆက်ဆံပေးလိုက်ပါ။
ဒီလိုလုပ်ခြင်းအားဖြင့် လတ်တလောမှာ ကလေးတွေကို ကိုယ့်ကိုယ်ကိုယုံကြည်မှု ပုံမှန်ထက် အဆပေါင်းများစွာတိုးတက်လာတာတွေ့ရပါမယ်။
ရေရှည်မှာတော့ ကြီးပြင်းလာချိန်မှာ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်ပြည့်ဝတဲ့ ထက်မြက်တဲ့ ဦးဆောင်နိုင်တဲ့ တန်ဖိုးရှိတဲ့ လူသားတစ်ယောက်အဖြစ် ကြီးပြင်းလာစေမယ်လို့ အာမခံချင်ပါတယ်။
ဒီတော့ ငွေကြေးစီမံခန့်ခွဲတတ်တဲ့ ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ ဘယ်လိုလေ့ကျင့်ပေးသင့်လဲ ?
ငွေကြေးစီမံခန့်ခွဲခြင်းကို အရိုးရှင်းဆုံး စဉ်းစားကြည့်ရင် (၃)ပိုင်းရှိပါတယ်။
ငွေကြေးကို
– ရရှိခြင်း
– ထိန်းသိမ်းခြင်း
– သုံးစွဲခြင်း တို့ဖြစ်ပါတယ်။
ဒီအပိုင်းသုံးပိုင်းလုံးကို ကလေးတွေရဲ့ အသက်အရွယ်အလိုက် နားလည်နိုင်မဲ့ နည်းလမ်းတွေနဲ့ တဖြည်းဖြည်း သင်ကြားပေးသွားရပါမယ်။
ဘယ်လိုသင်ကြားနည်း သုံးသင့်လဲ ?
ကလေးတွေအတွက် အကောင်းဆုံးသင်ကြားမှုက ဆော့ကစားခြင်းမှာပဲရှိပါတယ်။
သူတို့ပျော်ပျော်ရွှင်ရွှင် ကစားရင်း သင်မှန်းမသိ သင်ယူသွားတာတွေက တစ်ဘဝလုံးစာအကျိုးရှိစေမှာပါ။
ဆော့ကစားရင်း သင်ယူ(learning) ရရှိသွားတဲ့ သူတို့ရဲ့ သိမှု(cognition) ကို လက်တွေ့ဘဝနဲ့ ဆက်စပ်ပေးတတ်ဖို့လိုပါတယ်။
ဒီသိမှုကို မိဘတွေက ကောင်းမွန်တဲ့ စိတ်နေစိတ်ထား(mindset) ဖြစ်အောင် ထပ်ပေါင်းစပ်ပေးလိုက်ရင် ကလေးတစ်ယောက်ရဲ့ ကောင်းမွန်တဲ့ ပြုမူနေထိုင်ပုံ (behavior) တွေဖြစ်လာမှာဖြစ်ပါတယ်။
ဒီ အပြုအမူတွေ စိတ်နေစိတ်ထားတွေကို တစ်သက်လုံးထိန်းသိမ်းသွားရင်းက လူတော်လူကောင်းတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး(personality) ဆက်ဖြစ်သွားစေမှာဖြစ်ပါတယ်။
ဒါဟာ ငွေကြေးစီမံခန့်ခွဲခြင်းတင်မက ဘယ်နယ်ပယ်အတွက်မဆို ကလေးတစ်ယောက် ပျိုးထောင်ခြင်းရဲ့ အခြေခံပါပဲ။
ဘာတွေသင်ပေးရမလဲ ?
– ငွေကြေးနဲ့ ငယ်ငယ်ထဲက ရင်းနှီးအောင် မိတ်ဆက်ပေးထားပါ။
ငွေကြေးနဲ့ ရင်းနှီးအောင် လုပ်ပေးပါဆိုပေမဲ့ ပိုက်ဆံတွေပေးကိုင်ရမယ်လို့ ဆိုလိုခြင်းတော့မဟုတ်ပါဘူး။
(ကလေးတစ်ယောက်အတွက်တော့ ဒီငွေစက္ကူတွေပေါ်က ရောဂါပိုးမွှားတွေက အန္တရာယ်များလှပါတယ်။ ဘယ်တော့မှ ကလေးတွေကို ငွေစက္ကူပေးမကိုင်ပါနဲ့။ ကိုင်မိခဲ့ရင်လည်း လက်ပြန်ဆေးခိုင်းပါ။)
ဒီတော့ အရင်ဆုံး ငွေကြေး၊ပိုက်ဆံဆိုတာဘာလဲ သင်ရပါမယ်။
ကလေးတစ်ယောက်အတွက် ပိုက်ဆံဆိုတာ ပိုက်ဆံအိတ်ထဲကထွက်လာတယ်။ ဒါမှမဟုတ် ATM စက်ထဲကထွက်လာတယ်။ ဘဏ်ကထုတ်ပေးလိုက်တယ်။ ဒါပဲမြင်ပါလိမ့်မယ်။
ဒါကြောင့် ကလေးတွေကို ပိုက်ဆံဆိုတာ ဘယ်ကရလဲ အရင်ဆုံးသင်ရပါမယ်။
အလုပ်နဲ့ငွေကြေးဆက်စပ်ပုံကို သေချာနားလည်အောင်ရှင်းပြရပါမယ်။
နေ့စဉ်ဘဝနေထိုင်မှုအတွက် ငွေကြေးလိုအပ်တယ်..ဒါကြောင့် အလုပ်လုပ်ရတယ်ဆိုတာကနေတစ်ဆင့် အလုပ်ရဲ့ဂုဏ်၊ အလုပ်ရဲ့ တန်ဖိုးကို ဆက်နားလည်သွားအောင် တဖြည်းဖြည်း သင်ကြားပေးရပါမယ်။
ဒီနေရာမှာလည်း moral lesson (နီတိ)အနေနဲ့ သမ္မာအာဇီဝဖြစ်ခြင်း၊ ရိုးသားခြင်းကိုပါ မြတ်နိုးတတ်အောင် ၊ အလုပ်တိုင်းမှာ အကျိုးပြုမှုကိုယ်စီရှိကြောင်းကိုလည်း ဆက်သင်ကြားပေးဖို့လည်းလိုပါတယ်။
– ငွေကြေးကို ချစ်မြတ်နိုးစိတ်မွေးပေးပါ။
ဒီအချက်က money-minded ဖြစ်ခြင်း ၊ မယဉ်မကျေးပြောရရင် ငွေမက်ခြင်းကို မဆိုလိုပါဘူး။
ငွေကြေးကို ချစ်စိတ်က အလုပ်လုပ်ဖို့ စိတ်တက်ကြွမှုဖြစ်စေသလို မဖြုန်းတီးဖြစ်အောင် ဟန့်တားပေးပါလိမ့်မယ်။
ဒီတော့ ကလေးတွေကို နေ့စဉ်ပုံမှန်အလုပ်တစ်ခုခုခိုင်းထားပြီး ပုံမှန်ဝင်ငွေလေးတစ်ခုပေးထားပါ။
အတန်းတက်တာလို…ဆုရတာလို..အဆင့်ကောင်းကောင်း အမှတ်ကောင်းကောင်းရတာလို Achievement တစ်ခုခုရတဲ့အခါဖြစ်စေ၊ သူမရဖူးတဲ့ အရာတစ်ခုကို စိန်ခေါ်(challenge တစ်ခုခု)လုပ်တဲ့အခါဖြစ်စေ၊ မွေးနေ့မှာဖြစ်စေ…ငွေကြေးပမာဏတစ်ခုကို reward ဆုကြေး အဖြစ် သတ်မှတ်ပြီး ပေးပါ။
ဒီငွေကြေးကိုစုဆောင်းထားစေပြီး သူလိုချင်တာ၊သူလိုအပ်တာ ဝယ်ခိုင်းတဲ့အကျင့်လုပ်ပေးပါ။
ငွေကြေးအပေါ်တပ်မက်စိတ်မလွန်စေဖို့အတွက် ငယ်ငယ်ကတည်းက ကိုယ်ပိုင်ဝင်ငွေထဲက လှူဒါန်းတတ်တဲ့ အလေ့အကျင့်ရအောင် လုပ်ပေးပါ။
– ကလေးနဲ့ တူတူဆော့ပါ
ကလေးကို တစ်ဦးထဲဆော့စေတာ.. ကလေးချင်းဆော့ကစားစေတာမျိုးတင်မကဘဲ မိဘတွေ၊ အုပ်ထိန်းသူတွေပါ ပါဝင်ဆော့ကစားပေးတဲ့ Pretend-play တွေ Role–play တွေ တူတူလိုက်ဆော့ပေးဖို့ သိပ်လိုအပ်ပါတယ်။
ကစားစရာ ငွေစက္ကူလေးတွေနဲ့ pretend play ဆော့ပါ။
ဈေးရောင်းတမ်း ဝယ်တမ်းဆော့ချိန်မှာ “လိုအပ်တာကိုပဲ ဝယ်မယ်..ငွေကြေးကို မဖြုန်းတီးရဘူး”ဆိုတဲ့ အသိကို တခါတည်းရိုက်သွင်းပေးပါ။
ဘယ်ဟာက တကယ်လိုအပ်တာလဲ…ဘယ်ဟာက လိုချင်တာလဲ ဆိုတဲ့ needs နဲ့ wants ခွဲခြားတတ်ဖို့ လေ့ကျင့်ပေးပါ။
ကြိုတင်စာရင်းလုပ်ပြီး စာရင်းထဲကအတိုင်း ဝယ်တတ်တဲ့ အလေ့အကျင့်ဖြစ်အောင် လေ့ကျင့်ပါ။
လိုချင်တာတွေတွေ့တိုင်း.. discount ချတာတွေ့တိုင်း မဝယ်မိစေဖို့ စိတ်ကိုထိန်းချုပ်တတ်ဖို့ (Impulse control) ကို လေ့ကျင့်ပေးပါ။
နည်းနည်းကြီးတဲ့ ကလေးတွေမှာဆိုရင် “မိုနိုပိုလီ”လို ကစားနည်းတွေက ကလေးတွေကို ငွေကြေး၊ ဘဏ်စနစ်၊ အိမ်ခြံမြေ၊ ပထဝီဗဟုသုတ၊ အခွန်စနစ်စတာတွေနဲ့ ရင်းနှီးသွားစေမှာပါ။
လူကြီးတွေအနေနဲ့ တူတူဆော့ကစားပေးရင်း ကစားနည်းရဲ့ ပြင်ပက လက်တွေ့ဘဝက အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြတာ၊ ဆက်စပ်ပြတာ၊ နားလည်အောင်ရှင်းပြပေးတာမျိုးလုပ်ဖို့လိုပါတယ်။
– ကလေးနဲ့တူတူဈေးဝယ်ပါ
လူကြီးတွေ အပြင်မှာ ဈေးဝယ်ထွက်ချိန်၊ အွန်လိုင်းက ဝယ်ယူချိန် ဘယ်အခြေအနေမျိုးမှာမဆို ကလေးကိုပါ သူ့အတွက်လိုအပ်ချက်၊ အိမ်အတွက်လိုအပ်ချက်ကို ကူစဉ်းစားခိုင်းတာ၊ ကူစာရင်းလုပ်ခိုင်းတာမျိုးတွေကလည်း ကလေးတွေကို ကိုယ့်ကိုယ်ကို ယုံကြည်မှုတက်စေသလို ပိုစီမံခန့်ခွဲတက်လာစေပါလိမ့်မယ်။
အချုပ်ပြောရရင်တော့ အပေါ်မှာ ပြောခဲ့တဲ့ အချက်ကလေးတစ်ခုလိုပါပဲ။
“ကလေးက ကလေးလိုနေ”ဆိုတဲ့ အကျင့်လုံးဝမလုပ်ပါနဲ။
ကလေးတစ်ယောက်ကို တကယ်တိုးတက်၊ထက်မြက်၊ဖြစ်ထွန်းစေချင်ရင် “လူကြီးလိုသဘောထားဆက်ဆံပေးပါ”လို့ပဲ မှာလိုက်ချင်ပါတယ်။
ကျန်းမာပျော်ရွှင်ကြပါစေ..
Dr ဖြိုးဝေလင်း