” အစာလည်းဆေး ၊ ဆေးလည်းအစာ ” ဆိုတဲ့ စကား နှင့်အညီ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာတွေဟာ လူတိုင်းအတွက် အားအင်ဖြစ်စေပြီး သဘာဝအသက်ရှည်ဆေးများ ဖြစ်ကြပါတယ်။
အချို့ အစားအစာတွေဟာ အရိုး နှင့် သွားများကို အားကောင်းစေတယ်။
အချို့အစားအစာတွေဟာ ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးစေတယ်။
အချို့ အစားအစာတွေဟာ ကိုယ်ခံအားကောင်းစေတယ် အစရှိသဖြင့် အမျိုးမျိုး ကွဲပြားကြပါတယ်။
အောက်ပါ အစားအစာတွေကတော့ သင့်ကလေးရဲ့ အစာအိမ် နှင့် အူလမ်းကြောင်းကို ပိုမိုအား ဖြစ်စေပါတယ်။
(၁) ဒိန်ချဉ်
ဒိန်ချဉ်ဟာ အစာအိမ် နှင့် အူလမ်းကြောင်းအတွက် အရမ်းကောင်းမွန်တဲ့ အစားအစာ တစ်ခုဖြစ်တယ်။
ဒိန်ချဉ်မှာ ‘Probiotic’ လို့ ခေါ်တဲ့ အူလမ်းကြောင်း အကျိုးပြု သဘာဝ ဇီဝပိုးလေးတွေ ပါပါတယ်။
၎င်း သဘာဝ ဇီဝ အူလမ်းကြောင်း အကျိုးပြု ပိုးလေးတွေဟာ သင့်ကလေးရဲ့ အူလမ်းကြောင်းကို ကျန်းမာစေပြီး အားဖြစ်စေပါတယ်။
ဒိန်ချဉ်ဟာ ဝမ်းချုပ်တတ်သော ကလေးများအတွက် သင့်တော်ပါတယ်။
ပိုးသတ်ဆေး ရက်ရှည်စွဲသောက်ရခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင်လည်း ဒိန်ချဉ်ပေါ်တွင် အူလမ်းကြောင်း အကျိုးပြု ဇီဝပိုးလေတွေက ကောင်းမွန်အောင် ပြုလုပ်ပေးနိုင်ပါတယ်။
Lactose ဓာတ် မချေဖျက်နိုင်သူ (Lactose Intolerance) ကလေးများအတွက်လည်း ဒိန်ချဉ် သောက်သုံးနိုင်ပါတယ်။
(၂) နာနတ်သီး
နာနတ်သီးမှာ ရေဓာတ်၊ အမျှင်ဓာတ် နှင့် အစာချေ အင်ဇိုင်းဓာတ်ပါပါတယ်။
အစာမကြေလျှင် ၊ ဝမ်းချုပ်တတ်လျှင် ၊ ဗိုက်ကယ်လျှင် နာနတ်သီးစားခြင်းဟာ သက်သာစေတယ် လို့ ဆိုတယ်။
ဗီတာမင်စီ ၊ မဂ္ဂနီဆီယမ်ဓာတ်၊ ပိုတက်စီယမ် ဓာတ် ပါ ပါဝင်တဲ့ အတွက် ကိုယ်ခံအားကောင်းစေ ပြီး အိပ်ပျော်စေပါတယ်။
(၃)သင်္ဘောသီး
သင်္ဘောသီးမှ ‘Papain’ လို့ ခေါ်တဲ့ အသားဓာတ်ကို ချေဖျက်ပေးတဲ့ အစာချေ အင်ဇိုင်းပါဝင်ပါတယ်။
ဒါကြောင့် သင်္ဘောသီးဟာ ရင်ပြည့်ရင်ကယ် တတ်သော ကလေးများ၊ ဗိုက်ကယ် ဗိုက်ပွဖြစ်တတ် သော ကလေးများအတွက် ပိုကျွေးသင့်တဲ့ အစားအစာ ဖြစ်တယ်။
ရေဓာတ် နှင့် အမျှင် ဓာတ်ပါဝင်တဲ့အတွက် ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။
ဗိုက်တာမင်အေ နှင့် ဓာတ်တိုးဆန့်ကျင်ဓာတ် (Antioxidant) များစွာ ပါဝင်သည့်အတွက် ကိုယ်ခံအား ကောင်းစေပြီး မျက်လုံးအားကောင်းစေပါတယ်။
(၄) ဘယ်ရီသီးများ
ဘယ်ရီသီးများမှာ ရေဓာတ် နှင့် polyphenol ဓာတ် ပါဝင်ပါတယ်။ Polyphenol ဓာတ်ဟာ သဘာဝ အူလမ်းကြောင်း အကျိုးပြု ပိုးများ ပိုမိုပွားများ ရှင်သန်နိုင်အောင် ပြုလုပ်ခြင်းဖြင့် အစာအိမ် နှင့် အူလမ်းကြောင်းကို ပိုအားဖြစ်စေပါတယ်။
ဓာတ်တိုးဆန့်ကျင်ဓာတ် (Antioxidant) များစွာ ပါဝင်တဲ့အတွက် ကိုယ်ခံအားကောင်းစေပါတယ်။
(၅) Kefir (ကီဖာ / နို့ချဉ်)
ကီဖာဆိုတာ ကိုယ်တိုင်လုပ် ဒိန်ချဉ်အကျဲ (သို့မဟုတ်) နို့ချဉ် ဖြစ်ပါတယ်။
ယေဘုယျအားဖြင့် ဈေးမှ ဒိန်ချဉ်ဝယ်ပြီး နို့နှင့် ရောပြီး (၃) နာရီလောက်ထားလျှင် ကီဖာရပါတယ်။
ကီဖာမှာ သဘာဝ လမ်းကြောင်း အကျိုးပြု ဇီဝပိုး (Probiotic + Prebiotic) များစွာ ပါဝင်တဲ့အတွက် အစာအိမ် နှင့် အူလလမ်းကြောင်းကို ကျန်းမာအားရှိစေပါတယ်။
အစာချေဖျက်မှုကို ကောင်းမွန်စေပါတယ်။
ကီဖာ သောက်ခြင်းဟာ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်း၊ ဗိုက်ကယ်ခြင်းကို သက်သာစေပြီး ဝမ်းမှန်စေပါတယ်။
(၆) BRAT အစားအစာ (BRAT Diet)
BRAT Diet လို့ခေါ်တဲ့ BRAT အစားအစာကတော့ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေတဲ့ ကလေးငယ်များ အတွက် ဖြစ်တယ်။ B က Banna(ငှက်ပျောသီး)၊ R က Rice (ထမင်း) ၊ A က Applesavee (နာနတ်ဆော့စ်) ၊ T က Toast (ပေါင်မုန့်ကင်) တွေကို ဆိုလိုခြင်း ဖြစ်တယ်။
Bland Food အစာကျေလွယ်တဲ့ အစားအစာကိုသာ ဝမ်းပျက်ဝမ်းလျှောချိန်မှာ ပိုကျွေးခိုင်းတာ ဖြစ် ပါတယ်။
ငှက်ပျောသီး၊ ဆန်ပြုတ် ၊ ပေါင်မုန့်ဖြူ၊ ကြက်ဥပြုတ်၊ ငါး၊ ကြက်သား (အရေခွံမပါ)၊ အာလူး ကျွေးနိုင်ပါတယ်။
(၇) ဟင်းသီးဟင်းရွက်များ
အမျှင်ဓာတ်များတဲ့ ဟင်းသီးဟင်းရွက်တွေဟာ အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။ ဝမ်းမှန်စေ ပါတယ်။
အစိမ်းရောင်ရှိသော အသီးအရွက်များ၊ မုန်လာဥနီ၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပဲပင်ပေါက် နှင့် ကစွန်းဥတွေဟာ အစာအိမ် နှင့် အူလမ်းကြောင်းကို အားဖြစ်စေပါတယ်။
(၈) ရေ
သင့်ကလေး အူလမ်းကြောင်း ကျန်းမာရေးအတွက် ရေ ဓာတ်ဟာ အရမ်းအရေးကြီးပါတယ်။
ရေဓာတ်မလုံလောက်ခြင်းဟာ ဝမ်းချုပ်ခြင်းကို ဖြစ်စေပါတယ်။
အသက်အရွယ် နှင့် လှုပ်ရှားမှုပေါ် မူတည်ပြီး ရေဓာတ်လိုအပ်ချက် ကွာခြားနိုင်ပါတယ်။
ယေဘုယျအားဖြင့် အသက် (၈) နှစ် အောက် ကလေးများအတွက် အနည်းဆုံး ရေကို တစ်နေ့လျှင် ရေဖန်ခွက် 4-6 ခွက် ခန့် သောက်သုံးရပါမယ်။
(၈) နှင့် အထက် ကလေးများအတွက် 6-8 ခွက်ခန့် သောက်သုံးပေးရပါမယ်။
သင့်ကလေးဟာ အားကစားလုပ်ခြင်းရှိလျှင်၊ အဆော့သန်လျှင် ရေလိုအပ်ချက် ပိုများစေနိုင်ပါ တယ်။
Dr.Yin Yin Win
M.B;B.S (YGN)
Dip. Med.Sc (Family Medicine)