ကဖင်းဓာတ်ဟာ နေ့စဉ်စားသောက်နေတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ခွန်အားဖြည့်အချိူရည်များ၊ အချိူ့သော ဆေးဝါးများမှာပါဝင်နေပါတယ်။ လေ့လာတွေ့ရှိချက်များအရ အရွယ်ရောက်ပြီးသူ ၉၀ရာခိုင်နှုန်းလောက်ဟာ ကဖင်းပါတဲ့သောက်စရာတွေကို နေ့စဉ်သောက်သုံးနေပါတယ်။
မနက်ခင်းမှာ ကော်ဖီလေးတစ်ခွက်သောက်ရတာ လူတိုင်းနီးပါးနှစ်ခြိုက်ကြပါတယ်။ မနက်ခင်းမှာ ကော်ဖီလေးနဲ့မှ ပြည့်စုံတာလို့ပြောကြလေ့တောင်ရှိပါတယ်။
ကဖင်းဓာတ်ဟာ ခန္ဓာကိုယ်အတွက်တကယ်ပဲအကျိူးပြုပါသလား?
အလွန်အကျွံသောက်သုံးလို့ ကဖင်းတပ်မက်မှု၊ စွဲလမ်းမှုတွေဖြစ်ရင် ဘာလက္ခဏာတွေဖြစ်တတ်လဲ? ဘယ်လိုဖြေရှင်းရမလဲ? ဆက်လေ့လာကြည့်ရအောင်ပါ။
ကဖင်းဟာ ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိူးပြုလဲ။ တက်ကြွလန်းဆန်းခြင်း၊ ဦးနှောက်စွမ်းဆောင်ရည် မြင့်မားစေခြင်း၊ အဆီများကိုလောင်ကျွမ်းစေနိုင်ခြင်း၊ ပါကင်ဆန်ရောဂါ၊ အယ်ဇိုင်းမားရောဂါများကို ကာကွယ်ပေးနိုင်ခြင်း စတဲ့အကျိူးကျေးဇူးများ ပေးနိုင်ပါတယ်။
ကဖင်းကို လိုအပ်တာထက် ပိုမိုသောက်သုံးမိရင် ဘာတွေဖြစ်နိုင်လဲ
ကဖင်းတပ်မက်ခြင်း၊ စွဲလမ်းခြင်းပြဿနာများ ဖြစ်ပေါ်လာပြီး ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ဒါဆိုရင် ကဖင်းတပ်မက်မှု ဖြစ်နေပြီလို့ ဘယ်လိုသိနိုင်လဲ။
ကော်ဖီ သို့မဟုတ် ကဖင်းဓာတ်ပါတဲ့အရည်တစ်မျိူးမျိူး သောက်နေကျအချိန်မှာ မသောက်မိရင် ခေါင်းကိုက်ခြင်းကို ခံစားရပါတယ်။ ခေါင်းကိုက်ခြင်းအပြင် နွမ်းနယ်ခြင်း၊ အားမရှိသလိုခံစားရခြင်း၊ ထိုင်းမှိုင်းခြင်း၊ စိတ်တိုလွယ်ခြင်း၊ စိတ်မကြည်လင်ခြင်း၊ အာရုံစူးစိုက်မှုလျော့နည်းခြင်း စတဲ့လက္ခဏာတွေ ခံစားရလျှင် မိမိမှာ ကဖင်းတပ်မက်မှုဖြစ်နေပြီလို့ ပြောလို့ရပါတယ်။
ကဖင်းတပ်မက်မှု ဖြစ်ပေါ်လျှင် ဘယ်လိုအန္တရာယ်တွေရှိနိုင်ပါလဲ
ကဖင်းတပ်မက်မှု ဆိုးဝါးလျှင် အိပ်မရခြင်း၊ စိုးရိမ်ပူပန်လွယ်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ နှလုံးနှင့် သွေးကြောရောဂါများဖြစ်ပွားခြင်း၊ အရိုးပွ၍ ကျိူးလွယ်ခြင်း စတဲ့ရောဂါများဖြစ်ပွါးတတ်ပါတယ်။
ကဖင်းဟာ ဘာလို့စွဲလမ်းစေတာလဲ
ကဖင်းဟာ အဓိကအားဖြင့် ဦးနှောက်ပေါ် သက်ရောက်ခြင်းဖြစ်လို့ ဦးနှောက်မှတ်သားမှုကမှတစ်ဆင့် ကဖင်းတပ်မက်မှုဖြစ်ပေါ်စေတာပါ။
ကဖင်းပါတဲ့ ကော်ဖီ၊လက်ဖက်ရည်တွေကိုနေ့စဉ် သောက်သုံးလို့ရပါသလား
ပုံမှန်ကျန်းမာတဲ့ လူတစ်ယောက်မှာ တစ်နေ့ကို အများဆုံး လေးခွက်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။ တစ်နေ့ကို လေးခွက်ထက်ပိုလျှင် အလွန်အကြူးသောက်သုံးခြင်းဖြစ်ပါတယ်။
မိမိမှာ ကဖင်းတပ်မက်မှုဖြစ်နေလျှင် ဘယ်လိုလျှော့ချရမလဲ
ကဖင်းကို တိခနဲဖြတ်တာထက် အမြဲသောက်နေကျ ပမာဏထက် လျှော့၍သောက်သုံးပါ။ ကဖင်းဓာတ်များသောကော်ဖီအစား ကဖင်းဓာတ်ပိုနည်းသော လက်ဖက်စိမ်းကဲ့သို့ အရည်မျိူး အစားထိုးသောက်သုံးပါ။
နို့၊ ဒိန်ချဉ်၊ မစ်ရှိတ်၊ ရေခဲမုန့် စတဲ့ အစားအစာများအစားထိုးပါ။ ရေများများသောက်ခြင်း၊ မျှတသောအစားအစာပုံစံစားသုံးခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများ လုပ်ခြင်းတို့ဖြင့်လည်း ကဖင်းတပ်မက်မှုကို လျှော့ချနိုင်ပါတယ်။
ကဖင်းတပ်မက်မှုမရှိအောင် ချင့်ချိန်သောက်သုံးနိုင်ပါစေ။
Author : Dr. ဆုမြတ်နိုး