ကလေးတို့ကို ဟင်းသီးဟင်းရွက်သစ်သီး၀လံကျွေးရခက်တတ်သည်မှာ ရှားပါးပါးပါးပြသနာမဟုတ်ပါ။ မေမေတို့မှာလည်း ရှိသမျှသောနည်းလမ်းပေါင်းစုံနှင့် ကြိုးစားပမ်းစားမရအရကျွေးနိုင်အောင်ကြိုးစားနေကြရသည်။ အသီးအနှံများထက်စာလျှင် ဟင်းသီးဟင်းရွက်များကိုကျွေးရသည်မှာ ပို၍ပင်ခက်တတ်သေးသည်။ သို့သော်ထိုဟင်းသီးဟင်းရွက်အသီးအနှံများတွင် ကလေးများအတွက် အလွန်ပင်အရေးကြီးသောအဟာရများပါ၀င်နေသောကြောင့် ကလေးတို့မစားမဖြစ်စားရမည့် အစားအစာများဖြစ်နေလေသည်။
ဟင်းရွက်သစ်သီးများတွင် သတ္တုဓါတ်များ၊ vitamin များ၊ အမျှင်ဓါတ်များ၊ antioxidants များအများအပြားပါ၀င်နေသောကြောင့် ကလေးတို့၏နေ့စဉ်အစားအစာများထဲတွင် မပါမဖြစ်အရေးကြီးသောအစားအစာအမျိုးအစားဖြစ်လေသည်။ ထိုပြင်ကလေးတို့သည် အစိမ်းရောင်အသီးအရွက်များသာမက အရောင်စုံအသီးအရွက်များကိုလည် းစားသုံးတတ်ရန်အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရောင်စုံသစ်သီးသစ်ရွက်များသည် ပါ၀င်ပစ္စည်းများမတူဘဲ တစ်ခုချင်းဆီတွင်လည်း အရေးကြီးအဟာရများပါ၀င်နေသောကြောင့်ဖြစ်သည်။ ထိုအဟာရများသည် ကလေးတို့၏ရေတိုရေရှည်ကျန်းမာရေးအတွက်အလွန်အရေးပါသည်။
အရေးကြီးရခြင်း အကြောင်းရင်းများ……….
သစ်သီးသစ်ရွက်များတွင် ပါ၀င်သောအဟာရတို့သည်
- ကလေးတို့၏ ကိုယ်ခံအားကို တိုးတက်ကောင်းမွန်စေနိုင်သောကြောင့် ချူချာခြင်း၊ ခဏခဏဖျားနာခြင်းတို့ကို လျော့ကျစေနိုင်ပါတယ်။
- ကလေးတို့ရဲ့ခန္ဒာကြီးထွားခြင်း၊ ဉာဏ်ရည်ဖွံဖြိုးခြင်းဖြစ်စဉ်တို့အတွက်လည်း အရေးကြီးသောလိုအပ်ချက်များဖြစ်ပါတယ်။
- အသက်ကြီးလာတဲ့အခါ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ခြေချေကိုလည်း လျော့ကျစေနိုင်ပါတယ်။
- ဟင်းသီးဟင်းရွက်များမှာပါ၀င်တဲ့အမျှင်ဓါတ်သည် ကလေးများတွင်ဖြစ်လေ့ရှိသော ၀မ်းချုပ်ခြင်းကိုကာကွယ်ပေးနိုင်သည်။
ထို့ကြောင့်မေမေတို့သည် ကလေးများကို အသီးအနှံဟင်းသီးဟင်းရွက်များစားတတ်စေရန်၊ စားနိုင်စေရန် ငယ်ငယ်တည်းက လေ့ကျင့်ပေးဖို့အရေးကြီးပါသည်။ သဘာ၀အရကလေးတို့သည် ချိုသော၊ ဆိမ့်သောမုန့်များကိုပို၍နှစ်ခြိုက်ကြသည်ဖြစ်ရာ အသီးအရွက်စားသောကလေးလေးများဖြစ်စေရန်ကြိုးစားနေသော မေမေတို့အတွက် အောက်ပါအချက်များသည် တစိတ်တပိုင်းအကူအညီဖြစ်နိုင်ပါလိမ့်မည်။
၁။ ကလေးတို့ကို ဟင်းသီးဟင်းရွက်မျိုးစုံအောင်ကျွေးပါ။
၂၊ နေ့တိုင်းကျွေးပါ။ ကလေးငြင်းလျင်လည်း ငြင်းပါစေ။ လက်မလျော့ပါနှင့် ။ ဒီနေ့ ကျွေးမရလျှင်နောက်ရက်များမှာပြန်စမ်းကျွေးကြည့်နိုင်ပါသည်။ ထမင်းအနပ်တိုင်းမှ ာဟင်းသီးဟင်းရွက်ဟင်းပါနေသင့်ပါသည်။
၃။ အသီးများကို မုန့်စားချိန်တွင်လည်းကျွေးနိုင်ပါသည်။
၄။ ကလေးများသူ့ဘာသူ ဟင်းသီးဟင်းရွက်ဟင်းများကိုစားလျင်ဖြစ်စေ၊ ကျွေးသည့်အခါမငြင်းလျင်ဖြစ်စေ ချီးကျူးပေးခြင်းဖြင့် ကောင်းသည့်အကျင့်ဖြစ်ကြောင်း ကလေးလေးများသိနေစေနိုင်ပါသည်။
၅။ စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ကျွေးမွေးခြင်းဖြင့်လည်း ဟင်းသီးဟင်းရွက်စားသည့်အလေ့အကျင့်ကိုမွေးမြူနိုင်ပါသည်။
၆။ သစ်သီးများကို ဖျော်ရည်ပုံစံမျိုးဖြင့်လည်း မုန့်အဖြစ်ကျွေးနိုင်ပါသည်။ နေ့တိုင်းသစ်သီးဖျော်ရည်တိုက်ပေးလျင် ကလေးအကျင့်ရစေနိုင်ပါသည်။။
၇။ ဈေးမှာ၊ supermarket မှာ သူတို့စားချင်သည့်အသီးအရွက်များကိုရွေးချယ်ခိုင်းခြင်း၊ ချက်ပြုတ်သည့်နေရာတွင်အနည်းငယ်ပါ၀င်ခွင့်ပေးခြင်းဖြင့်လည်းဟင်းသီးဟင်းရွက်များသည်စားကိုစားရမည့်အစားအစာအမျိုးအစားဖြစ်ကြောင်း ကလေးများကိုသိရှိစေပါသည်။
၈။ နောက်ဆုံးအနေဖြင့်ကလေးတို့၏စံပြမှာမိဘများဖြစ်သောကြောင့် မိမိတို့ဖြစ်စေချင်သောနေထိုင်စားသောက်မှုပုံစံကို သူတို့ရှေ့တွင် လက်တွေ့နေထိုင်စားသောက်ပြခြင်းဖြင့် ကလေးတို့အား အလေ့အကျင့်များမွေးမြူပေးနိုင်ပါကြောင်း အနည်းငယ်တင်ပြလိုက်ရပါသည်။
Author : Dr. ဖြိုးဆုရည်မွန်