လေ့ကျင့်ခန်း လုပ်ပြီးနောက် ကြာရှည်စွာ ကြွက်သားနာကျင်မှုခံစားနေရခြင်းသည် ကြွက်သားထိခိုက်ဒဏ်ရာရှိမှု၏ လက္ခဏာတစ်ခုဖြစ်နိုင်ပါသည်။
သာမန်အားဖြင့် ပြင်းထန်သောလေ့ကျင့်ခန်းများလုပ်ပြီး တစ်ရက်နှစ်ရက်ခန့်အတွင်း ကြွက်သားနာကျင်မှု ခံစားရခြင်းသည် ပုံမှန်ဖြစ်ပါသည်။ ပိုမိုပြင်းထန်သည့် လေ့ကျင့်ခန်းကို လုပ်ဆောင်လျှင်သော်လည်းကောင်း၊ တစ်ခါမှမလုပ်ဆောင်ဖူးသည့် လေ့ကျင့်ခန်းကို လုပ်ဆောင်လျှင်သော်လည်းကောင်း၊ မလုပ်ဆောင်တာကြာသည့် လေ့ကျင့်ခန်းတစ်ခုကို ပြန်လည်လုပ်ဆောင် လျှင်သော်လည်းကောင်း ကြွက်သားနာကျင်မှုများ ဖြစ်ပေါ်တတ်ပါသည်။
ချက်ချင်းမနာကျင်ပဲ နောက်ပိုင်းမှဖြစ်လာသော ကြွက်သားနာကျင်မှု၏ အကြောင်းရင်းမှာ ကြွက်သားအမျှင်များနှင့်တွယ်ဆက်တစ်ရှူးများအတွင်း သေးငယ်သောထိခိုက်ဒဏ်ရာ ရရှိမှုကြောင့်ဖြစ်ပါသည်။
အများအားဖြင့် ကြွက်သားနာကျင်မှုသည် တစ်ရက်နှစ်ရက်ခန့် အနားယူလိုက်လျှင် သက်သာသွားတတ်ပါသည်။
သို့သော်တစ်ရက်နှစ်ရက်ခန့် အနားယူပြီး မသက်သာလျှင် (သို့) ပို၍ နာကျင်လာမည်ဆိုလျှင် ပြင်းထန်သော ကြွက်သားနာကျင်မှုဖြစ်ပွားသည်ဟု သတ်မှတ်နိုင်ပါသည်။
ကြွက်သားနာကျင်မှုကို သက်သာအောင် ဘယ်လိုလုပ်မလဲ
အောက်ဖော်ပြပါနည်းလမ်းများကို အသုံးပြုပြီး ကြွက်သားနာကျင်မှုကိုသက်သာအောင် ပြုလုပ်၍ ရပါသည်။
၁။ ထိခိုက်ဒဏ်ရာရရှိပြီးနောက် အခြေအနေနှစ်မျိုးဖြစ်နိုင်ပါသည်။ အကယ်၍ ကြွက်သား (သို့) အရိုးအဆစ်နေရာတွင် ဖူးရောင်၍ ပူနွေးနေလျှင် ရေခဲအိတ်ဖြင့် ၁၅ မိနစ်ခန့် ကပ်ပေးပါ။ ဖူးရောင်ခြင်းမရှိပဲ နာကျင်ခြင်းသာရှိပါက ရေနွေးအိတ်ဖြင့် ၁၅ မိနစ်ခန့် ကပ်ပေးခြင်းဖြင့် သက်သာစေမှာဖြစ်ပါသည်။
၂။ ဖြည်းညင်းစွာဖြင့် နှိပ်နယ်ပေးခြင်းဖြင့်လည်း နာကျင်နေသောကြွက်သားများ၏တင်းကြပ် ကိုက်ခဲမှုကို သက်သာစေနိုင်ပါသည်။
၃။ လွယ်ကူပေါ့ပါးသောကြွက်သားပြေလျော့စေသော သွေးပူလေ့ကျင့်ခန်းများကို လေ့ကျင့်ခန်း၊ အားကစားမလုပ်မီနှင့်လုပ်ပြီးအချိန်များတွင် လုပ်ပေးခြင်းဖြင့် ကြွက်သားနာ ကျင်မှုကို ကာကွယ်နိုင်ပါသည်။့
၄။ ရေနွေးဖြင့်ရေချိုးပေးခြင်းဖြင့် တင်းကြပ်နေသော ကြွက်သားများကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကို တိုးမြှင့်ပေးသဖြင့် ကြွက်သားနာကျင်မှုကို သက်သာစေနိုင်ပါသည်။
၅။ လေ့ကျင့်ခန်းပြုလုပ်ခြင်းကိုအပြီးမရပ်လိုက်ပဲ ရေကူးခြင်း ၊ လမ်းလျှောက်ခြင်းစသော လေ့ကျင့်ခန်းများကို ဆက်လက်လုပ်ပေးခြင်းဖြင့်် ကြွက်သားနာကျင်မှုကို ကာကွယ်နိုင်ပါသည်။
၆။ နာကျင်မှုကိုသက်သာစေသော လိမ်းဆေး နှင့်ဖျန်းဆေးများကို အသုံးပြု ခြင်းဖြင့်လည်း ကြွက်သားနာကျင်မှုကို သက်သာစေနိုင်ပါသည်။
အကယ်၍ အထက်ပါနည်းလမ်းများကို အသုံးပြုသော်လည်း နာကျင်မှု မသက်သာခဲ့လျှင်သော်လည်းကောင်း၊ ကြွက်သားနာကျင်မှုနှင့်အတူ အသက်ရှူရခက်ခဲခြင်း ၊ အဖျားကြီးခြင်း၊ ကြွက်သားအားနည်းခြင်း စသောလက္ခဏာများပေါ်ပေါက်လာပါက ဆရာဝန်နှင့်တိုင်ပင် ပြသသင့်ပါသည်။
Author : Dr. မိုးမိုးလွင် (ဆေး ၁)