fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 12,425 Total Cases
😥 284 Deaths
😇 3,391 Recovered

COVID-19 အပါအဝင် ရောဂါပိုးတွေကာကွယ်ဖို့ အမေတွေ ကလေးကို ဘာတွေသင်ပေးထားဖို့လိုလဲ

ကမ္ဘာမြေကြီးတစ်ခုလုံးရဲ့ ကျန်းမာပျော်ရွှင်မှုဟာ အမေတွေလက်ထဲမှာရှိတယ်လို့ပြောရင် ပိုတယ်ထင်ကြမလား။
သေချာတွေးကြည့်ရင် မပိုဘူးဆိုတာ သိရမှာပါ။

အဖေအများစုက မိသားစုစားဝတ်နေရေးအတွက် breadwinner လို့ခေါ်တဲ့ အဓိက ဝင်ငွေရှာဖွေပေးသူအဖြစ်ရှိတတ်ကြသလို အမေတွေကတော့ ဒီစီးလာတဲ့ရေတွေ မလိုလားအပ်တဲ့နေရာတွေရောက်မသွားဖို့ ကန်သင်းတစ်ခုအဖြစ် လုပ်ဆောင်ပေးတတ်ကြပါတယ်။

ဒါ့အပြင် အမေတွေက မိသားစုတစ်ခုလုံးရဲ့ ကျန်းမာရေးအတွက် အမြဲတမ်းပူပူပင်ပင်နဲ့ ကနဦးစောင့်ရှောက်မှုပေးရသူတွေလည်းဖြစ်ပါတယ်။

ဒီတော့ အမေတွေအနေနဲ့ မိမိရဲ့ မိသားစုဝင်တွေ နေမကောင်းဖြစ်မှ ပြုစုတာထက် နေမကောင်းလွယ်လွယ်မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ ကလေးတွေကို ငယ်ငယ်တည်းက ကျန်းမာစေမဲ့ အလေ့အကျင့်ကောင်းတွေ နေ့စဉ်စွဲမြဲအောင် သင်ကြားပေးဖို့လိုပါတယ်။
ဒီနေရာမှာတော့ မိဘနှစ်ပါးလုံးတာဝန်ယူလေပိုကောင်းလေဆိုတာ သိရပါမယ်။
ဒီလိုမိသားစုဝင်တိုင်းကျန်းမာပျော်ရွှင်နေမှ ရပ်ကွက်၊မြို့နယ်၊တိုင်း၊နိုင်ငံ တွေကနေ အဆင့်ဆင့် လူသားတွေအားလုံးကျန်းမာပျော်ရွှင်တဲ့ ကမ္ဘာကြီးဖြစ်လာမှာဖြစ်ပါတယ်။

ဒီအထဲမှာ အခြေခံအကျဆုံး အရေးအကြီးဆုံးအချက်တစ်ချက် ကတော့ တစ်ကိုယ်ရည် သန့်ရှင်းရေးဖြစ်ပါတယ်။
တစ်ကိုယ်ရည်သန့်ရှင်းရေး ဘယ်လောက်အရေးကြီးတယ်..ကျန်းမာရေးအလေ့အကျင့်တွေ ငယ်ငယ်ကတည်းက လေ့ကျင့်သင်ကြားပေးထားသင့်တယ်ဆိုတာကို လက်ရှိ COVID-19 က ကျွန်တော်တို့ကို သင်ခန်းစာကောင်းကောင်းပေးခဲ့ပါပြီ။

ဒါကြောင့်.. ကလေးတွေကို

– တစ်နေ့တစ်ခါရေချိုးခိုင်းပါ

ရေချိုးလျှင် ဆပ်ပြာကို စက္ကန့် ၂၀ – ၄၀ အထိ သေချာ နေရာအနှံ့တိုက်ရပါမယ်။
အရေပြားယားနာရောဂါတွေအတွက် အခြေခံကာကွယ်နည်းတစ်ခုဖြစ်ပါတယ်။
ခေါင်းကို အနည်းဆုံး တစ်ပါတ်တစ်ကြိမ်လျှော်ပေးပါ။

– လက်ဆေးခိုင်းပါ
“ဖဝါးဖမိုး၊ လက်ခေါက်ချိုး၊ လက်ကြားလက်မ မကျန်ရ၊ ကုတ်၍ခြစ်ပါ လက္ခဏာ၊ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ”ဆိုတဲ့ စနစ်တကျ လက်ဆေးနည်းအဆင့်ဆင့်အတိုင်း လက်ကို ရေ၊ ဆပ်ပြာနဲ့ စက္ကန့် ၂၀ မှ စက္ကန့် ၄၀ ကြာအောင် မကြာခဏ သေချာဆေးရပါမယ်။
မဖြစ်မနေဆေးရမဲ့ အချိန်တွေကတော့ အစာမစားခင်၊ ဆော့ကစားပြီးလျှင်၊ အပြင်မှပြန်ရောက်ရောက်ချင်း၊ တိရစ္ဆာန်တွေ အမှိုက်သရိုက်တွေ ကိုင်တွယ်မိလျှင်၊ အိမ်သာမှအထွက် စတဲ့ အချိန်တွေပဲဖြစ်ပါတယ်။
ဒီလက်ဆေးတဲ့ အလေ့အကျင့်ကို ငယ်ငယ်တည်းက စွဲမြဲအောင် လေ့ကျင့်ပေးထားရပါမယ်။

 

– လက်သည်းညှပ်ပေးပါ

လက်သည်းတွေမရှည်ပါစေနဲ့၊ ဂျီးမဝင်ပါစေနဲ့။
သံကောင်ပြဿနာဝင်လာတတ်ပါတယ်။

– သွားတိုက်ခိုင်းပါ

တနေ့ ၂ကြိမ် ဖလိုရိုက်ပါတဲ့သွားတိုက်ဆေးနဲ့ သွားကို စနစ်တကျတိုက်ပါ။

ဖြစ်နိုင်ရင် ထမင်းစားပြီးတိုင်းတိုက်သင့်ပါတယ်။

– တစ်နေ့တစ်ခါအဝတ်လဲပါ
အဝတ်ဟောင်းတွေ ပြန်မဝတ်ရပါ။ အဝတ်ဟောင်းတွေကို မလျှော်ဘဲ အကြာကြီးပစ်ထားတာ မလုပ်ရပါ။ အဝတ်တွေကို ဆပ်ပြာနဲ့လျှော်ပါ၊ နေပူမှာလှမ်းပါ။

 

– အတွင်းခံအဝတ်တွေ ရေလဲအဝတ်တွေ သန့်ရှင်းရေးကို ဂရုစိုက်ပါ

မိသားစုဝင်ချင်း အတွင်းခံ ၊ ရေလဲအဝတ် ဝေမျှသုံးစွဲတာမျိုးမလုပ်ပါနဲ့။

– အမှိုက်စနစ်တကျစွန့်ပစ်ခြင်းကို လိုက်နာပါ
လမ်းပေါ်နဲ့ တွေ့ရာနေရာ အမှိုက်မပစ်ဖို့ အသိတရားကိုလည်း ငယ်ကတည်းက သင်ပေးရပါမယ်။

မီးဖိုချောင်ထွက်အမှိုက်တွေ၊ နေ့စဉ်ထွက်လာသမျှအမှိုက်တွေနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေက အစ သေချာစွန့်ပစ်တတ်အောင် သင်ပေးပါ။

သေချာစွန့်ပစ်တတ်ဖို့ ၊ အမှိုက်အမျိုးအစားခွဲတတ်ဖို့ နဲ့ အမှိုက်တွေရဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကို သေချာနားလည်သိရှိထားဖို့လိုပါတယ်။

ဒီအချက်တွေအားလုံးစနစ်တကျလိုက်နာတဲ့ အပြင် အစားအသောက်သန့်ရှင်းရေးကိုလည်း ဂရုစိုက်ရပါမယ်။
ဒါ့အပြင် ချောင်းဆိုး နှာချေတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကိုအုပ်ထားမယ်…လူကြားထဲမှာ ဆေးလိပ်မသောက်ဘူး စတဲ့ လူ့အခြေခံကျင့်ဝတ်တွေကို လူတွေအားလုံး ငယ်ငယ်တည်းက သိရှိလိုက်နာကြမယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံရော ကမ္ဘာကြီးရော နောင်မှာ ပိုကျန်းမာလာတာ သေချာပေါက်တွေ့ရမှာပါ။

 

ကျန်းမာပျော်ရွှင်ကြပါစေ..

Dr ဖြိုးဝေလင်း

 

ဆက်စပ် ဆောင်းပါးများ