Vitamin အမျိုးအစား ပေါင်းများစွာရှိသည့်အနက် Vitamin A ဟာလည်း ကလေးတွေအတွက် အရေးကြီးတဲ့ အခန်းကဏ္ဌမှာပါဝင်နေတဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ Vitamin A ကို နေ့စဉ်စားသုံးသော အစားအစာတွေကနေ ရရှိပြီး မျက်စိအားကောင်းစေခြင်း၊ ကိုယ်ခံအားမြှင့်တင်ပေးခြင်း စသည့် လုပ်ငန်းတွေအတွက် အရေးပါပါတယ်။
Vitamin A မှာ Retinal, Retinol နဲ့ Retinoic acid ဆိုပြီး သုံးမျိုးပါဝင်ပါတယ်။ သည်သုံးမျိုးဟာ မျက်လုံး၊ အရေပြားနဲ့ ခုခံအားစနစ်တွေမှာ အသီးသီး အရေးပါကြပါတယ်။
Vitamin A ချို့တဲ့ခြင်းဟာ ဖွံဖြိုးဆဲနိုင်ငံတွေမှာ အတွေ့ရများတတ်ပါတယ်။ Vitamin Aချို့တဲ့ရင် ကြုံတွေ့ရမယ့် ပထမဆုံးလက္ခဏာမှာ ကြက်မျက်သင့်ခြင်းလို့ အများခေါ်ကြတဲ့ ညဘက်မျက်စိမမြင်ခြင်း (night blindness) ပဲ ဖြစ်ပါတယ်။ Vitamin A ချို့တဲ့ခြင်းကို မကုသဘဲနေရင် နောက်ပိုင်းမှာ ပိုဆိုးလာနိုင်ပြီး နောက်ဆုံး လုံးဝမျက်စိကွယ်တဲ့ အထိဖြစ်တတ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဖွံဖြိုးဆဲနိုင်ငံတွေမှာနေထိုင်တဲ့ အသက်ငါးနှစ်အောက်ကလေး ၂သိန်းခွဲမှ ငါးသိန်းအထိဟာ Vitamin A ချို့တဲ့မှုကြောင့် မျက်စိကွယ်နေရတယ်လို့ စစ်တမ်းတွေအရ သိရှိရပါတယ်။
Vitamin A ချို့တဲ့ခြင်းရဲ့ လက္ခဏာများ
- Night blindness ညဘက် မျက်စိကန်းခြင်း (ကြက်မျက်သင့်ခြင်း)
Vitamin A (retinol) ဟာ မျက်လုံးထဲက ပရိုတိန်းတစ်မျိုး (opsin) နဲ့ပေါင်းပြီး ညဘက် အမှောင်ထဲမှာ မြင်ကွင်းကို ထိန်းညှိပေးတဲ့ Rhodopsin လို့ခေါ်တဲ့ မျက်လုံးရောင်ခြယ်ပစ္စည်းကို ထုတ်လုပ်ပေးပါတယ်။ ဒါကြောင့် Vitamin A ချို့တဲ့နေတဲ့ အခါ ထို ရောင်ခြယ်ဓာတ် ထုတ်လုပ်မှုကို ဟန့်တားလိုက်ခြင်းကြောင့် ညဘက်မှောင်လာတဲ့ အခါမှာ မမြင်နိုင်တော့တာဖြစ်ပါတယ်။ ဒါကြောင့် ညဘက်ရောက်လာရင်၊ မှောင်လာရင် ကလေးတွေဟာ ပုံမှန်အတိုင်းမမြင်နိုင်တော့ပဲ ခဏခဏ ခလုတ်တိုက်မိတာမျိုး၊ ချော်လဲတာမျိုးတွေ ဖြစ်လာတတ်လို့ မိဘတွေအနေနဲ့ သတိထားသင့်ပါတယ်။
- မျက်လုံး ခြောက်သွေ့ကာ အနာဖြစ်ခြင်း (xeropthalmia)
ညဘက် မျက်စိကန်းခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ မျက်ကာအမှေးပါး (conjunctiva) မှ အစိုဓာတ် ထုတ်လုပ်ပေးတဲ့ ဆဲလ်တွေလျော့နည်းလာတဲ့ အခါမှာ မျက်လုံးအိမ် ခန်းခြောက်ပြီး အနာ ဖြစ်လာတတ်ပါတယ်။ ထိုမှတဆင့် လုံးဝမျက်စိကွယ်သွားသည် အထိပါဖြစ်သွားနိုင်ပါတယ်။
အစားအသောက်ကနေရရှိလာတဲ့ Vitamin A (Retinol) ဟာ Retinoic Acid အဖြစ်ပြောင်းလဲပေးပြီး Retinoic Acid ဟာ ခုခံအားအတွက် လိုအပ်တဲ့ ဆဲလ် ( T-lymphocytes) တွေပွားများလာအောင် လုပ်ဆောင်ပေးပါတယ်။ဒါကြောင့် Vitamin A ချို့တဲ့နေရင် ခုခံအားကျဆင်းပြီး ရောဂါပိုးတွေ အလွယ်တကူဝင်လာနိုင်ပါတယ်။
- Follicular Hyperkeratosis ခေါ် အရေပြားပြောင်းလဲမှုများ
Vitamin A ဟာ ခန္ဓာကိုယ်မှာရှိတဲ့ တစ်သျှုးတွေ မပျက်စီးအောင် ထိန်းသိမ်းပေးပါတယ်။ Vitamin A ချို့တဲ့လာတဲ့ အခါမှာ တစ်သျှူးများ ပျက်စီးပြီး အရေပြားပေါ်မှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ မိမိကလေးရဲ့ တံတောင်ဆစ်၊ ကျောပြင်၊ လက်မောင်းနှင့် ဒူးခေါင်း လို နေရာတွေမှာ အစက်အပြောက် ပြင်လိုက်ထွက်ပြီး စမ်းကြည့်ရင် ခပ်ကြမ်းကြမ်းတွေ ဖြစ်နေရင်တော့ ဒါဟာ Vitamin A ချို့တဲ့လို့ ဖြစ်နိုင်တာကို သတိရှိသင့်ပါတယ်။
Vitamin A ဘာကြောင့်ချို့တဲ့တာလဲ?
- Vitamin A ကြွယ်ဝသော အစားအစာများ လုံလောက်အောင် မစားခြင်း။
- သံဓာတ်ချို့တဲ့ခြင်းကြောင့် Vitamin A စုပ်ယူအားနည်းပြီး Vitamin A ချို့တဲ့ခြင်း။
- အစာအိမ် အူလမ်းကြောင်းမှ အာဟာရဓာတ်ကောင်းကောင်းမစုပ်ယူနိုင်သည့်အခြေအနေများ (IBS ဟုခေါ်သော အူရောင်ရမ်းတတ်သောရောဂါ၊ ပန်ကရိယမကောင်းသူများ၊ အူလမ်းကြောင်းအား ခွဲစိတ်မှု ပြုလုပ်ထားသူများ)။
- Protein Energy Malnutrition (PEM) ဟုခေါ်သော အာဟာရပြတ်လတ်သောရောဂါ ခံစားနေရသော ကလေးများ။
သည်အချက်တွေကြောင့် Vitamin A ချို့တဲ့နေတတ်ပါတယ်။
မိမိကလေး Vitamin A မချို့တဲ့အောင် Vitamin A ကြွယ်ဝတဲ့ အစားအစာတွေ လုံလောက်အောင် ကျွေးမွေးသင့်ပါတယ်။ ထို အစားအစာတွေမှာ ကြက်ဥအနှစ်၊ အသည်းကလီစာများ၊ ငါးကြီးဆီ၊ အစိမ်းရောင်နှင့် အဝါရောင် ဟင်းသီးဟင်းရွက်များ စသည်တို့ပါဝင်ပါတယ်။
အချုပ်ဆိုရလျှင် Vitamin A ဟာ ကလေးတွေအတွက် ခေါင်းအစခြေအဆုံး အရေးပါတဲ့ vitamin ဖြစ်တာကြောင့် မချို့တဲ့အောင် ဂရုစိုက်သင့်ပါတယ်။