Vitamin C သည် အအေးမိနှာစေးရောဂါများကို ကာကွယ်ရာတွင် အလွန်အစွမ်းထက်ကြောင်း လက်ခံထား ကြပါသည်။ ထို့ကြောင့် ဖျားနာခြင်း၊ နေထိုင်မကောင်းဖြစ်ခြင်း ကြုံတွေ့ရသောအခါတွင် Vitamin C ကို ပိုမိုစားသုံးရန် အကြံပြုတတ်ကြပါသည်။ သို့သော် Vitamin C သည် ကလေးတို့၏ ကျန်းမာရေးနှင့်ဖွံ့ဖြိုးမှု အတွက်လည်း အရေးကြီးကြောင်းကိုမူ သိရှိသူ နည်းပါးလှပေသည်။
ယခုဆောင်းပါးတွင် Vitamin C သည် ကလေးတို့၏ ကျန်းမာရေးအတွက် မည်သို့မည်ပုံ အကျိုးပြုနိုင်ကြောင်း ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
Vitamin C ခန္ဓာကိုယ်ကို ဘယ်လို ကူညီသလဲ။
Ascorbic acid ဟုသိကြသော Vitamin C ကို ချဉ်သော အသီးအနှံများ၊ ပန်းသီး၊ ဘယ်ရီသီး၊ အာလူးနှင့် ငရုတ်ကောင်း စသည့်နေ့စဉ် စားသုံးနေသော အစားအစာများတွင် အများအပြားတွေ့ရှိရပါသည်။
Vitamin C သည် ခန္ဓာကိုယ်တွင် ကော်လာဂျင်၊ သွေးကြော၊ အရိုးနုနှင့် ကြွက်သားများ တည်ဆောက်ဖြစ်ပေါ်ခြင်း တွင် အရေးကြီးပါသည်။
ထို့ပြင် အရေပြားကဲ့သို့သော ခန္ဓာကိုယ် တစ်ရှူးများ ကို ထိန်းသိမ်းပြုပြင်ရာတွင်လည်း Vitamin C က များစွာ ကူညီပေးပါသည်။
Vitamin C သည် တွယ်ဆက်တစ်ရှူးများ ထိန်းသိမ်းပြုပြင်ခြင်းနှင့် အနာကျက်ခြင်းတွင်လည်း ပါဝင်ကူညီပေးကြောင်း သုတေသနပြုချက်အထောက်အထားများအရ သိရှိရပါသည်။
ထို့ပြင် Vitamin C သည် ကလေးတို့၏ ခုခံအားစနစ် တိုးတက်ကောင်းမွန်စေရေးအတွက်လည်း အရေးကြီးသည့် အခန်းမှ ပါဝင်နေကြောင်းတွေ့ရှိရပါသည်။
Vitamin C သည် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်သည့်အတွက် ကလေးတို့၏ ကျန်းမာရေး ကောင်းမွန်စေရန် ကူညီပေးနိုင်သကဲ့သို့ ခုခံအားစနစ်တိုးတက်စေရန် အထောက်အကူပြုနိုင် ကြောင်းတွေ့ရှိရပါသည်။
သို့သော် Vitamin C ကို ကလေးတို့၏ ခန္ဓာကိုယ်အတွင်းတွင် ထုတ်လုပ်နိုင်ခြင်းမရှိပါ။ ထို့ကြောင့် မိဘများအနေနှင့် ကလေးများအား နေ့စဉ် အသီးအနှံများကို စုံစုံလင်လင် ကျွေးမွေးရန် အရေးကြီးပါသည်။
ထိုသို့ ကျွေးမွေးရန်မှာ အပြောလွယ်သလောက် အလုပ်ခက်ပါသည်။
အကယ်၍ မိမိ၏ ကလေးသည် အစားအစာဂျီးများသော ကလေးဖြစ်နေပါက မိဘများအတွက်
Vitamin C လုံလောက်သော ပမာဏရရှိအောင် ကျွေးမွေးခြင်းသည် ခေါင်းခဲစရာကိစ္စတစ်ခုဖြစ်လာပါသည်။
ထိုသို့သော အခြေအနေများတွင် Vitamin C ဖြည့်စွက်အာဟာရဓာတ်များကို တွဲဖက် ကျွေးမွေးနိုင်ပါသည်။
ကလေးများ Vitamin C ချို့တဲ့နေလျှင် မည်သို့သိနိုင်သနည်း။
ကလေးများ Vitamin C ချို့တဲ့လျှင် Scurvy ဟုခေါ်သည့်သွားဖုံးသွေးယိုသည့် ပြဿနာဖြစ်နိုင်ပါသည်။
ထိုသို့ Scurvy ရောဂါ ရှိခဲ့လျှင်
- အရေပြားပေါ်တွင် အညိုရောင်အစက်အပြောက်များ ပေါ်ပေါက်လာခြင်း
- အရေပြားကြမ်းတမ်းလာခြင်း
- သွားဖုံးများထူထဲလာခြင်း
- ခန္ဓာကိုယ်၏ နုနယ်သော အမြှေးပါးများမှ သွေးများထွက်လာခြင်းစသည့် လက္ခဏာများ ကို တွေ့ကြရပါသည်။
ထို့ပြင် ကလေးများသည် အားမရှိသကဲ့သို့ ခံစားနေရကြောင်း သို့မဟုတ် နေထိုင်ရသည်မှာ မအီမသာ ဖြစ်နေကြောင်း ပြောပြတတ်ကြပါသည်။ အနာကျက်နှေးခြင်းနှင့် အရိုးအဆစ်နာခြင်းတို့လည်း ဖြစ်တတ်ပါသည်။ ကလေးများ၏ စိတ်အခြေအနေသည်လည်း အလွန်အပြောင်းအလဲ မြန်တတ်ကြောင်း တွေ့ရပါသည်။
အလွန်ဆိုးရွားသော Vitamin C ချို့တဲ့မှု အခြေအနေတွင် အရေပြားနှင့် မျက်လုံးများဝါခြင်း နှင့် အာရုံကြောထိခိုက်မှုရှိခြင်းတို့ကို တွေ့ရှိရပါသည်။
ထို့ကြောင့် ကလေးတို့၏ ကျန်းမာရေးအတွက် ဤမျှအရေးကြီးသော Vitamin C ကို မချို့တဲ့စေရန် ဖေဖေ မေမေတို့မှ ဂရုတစိုက်ကျွေးမွေးသင့်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။