ခန္ဓာကိုယ်၏ ခုခံအားစနစ်သည် ရောဂါပိုးများကို တိုက်ခိုက်ခြင်းနှင့် ခန္ဓာကိုယ်တွင်ရှိသော စနစ်များ၊ အင်္ဂါရပ်များ ကောင်းမွန်စွာအလုပ်လုပ်နိုင်ရန်အတွက် မျှတသည့် မျှခြေတစ်ခု ဖန်တီးပေးနိုင်ရန် နေ့စဉ် အပြင်းအထန်ကြိုးစားလျက်ရှိပါသည်။
ထို့ကြောင့် ခန္ဓာကိုယ်အတွက် အရေးကြီးလှသော ကိုယ်ခံအားစနစ်တိုးတက်ကောင်းမွန်စေရန်အတွက် အစားအစာများကိုရွေးချယ်စားသုံးတတ်ရန် လိုအပ်ပါသည်။ အောက်ပါအစားအစာတို့သည် ခုခံအားစနစ်ကိုတိုးတက်စေသည့် အစားအစာများ ဖြစ်ကြပါသည်။
၁။ ဒိန်ချဉ်
ဒိန်ချဉ်တွင် အူလမ်းကြောင်းအတွင်းတွင် နေထိုင်တတ်သည့် အကျိုးပြုဗက်တီးရီးယားပေါင်းများစွာ ပါဝင်ပါသည်။ ထိုဗက်တီးရီးယားများက ခန္ဓာကိုယ်၏ခုခံအားစနစ်ကို တိုးမြင့်စေပါသည်။
မကြာသေးမီက လေ့လာတွေ့ရှိချက်များအရ ထိုကဲ့သို့ အကျိုးပြုဗက်တီးရီးယားများပါဝင်သည့် အစားအစာများကို စားသုံးတတ်သူများသည် အခြားသူများထက် ဖျားနာရန်အခွင့်အလမ်း ၃၃% နည်းပါးကြောင်း တွေ့ရှိရပါသည်။
၂။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူတွင်ပါဝင်သော Allicin ဓာတ်သည် ဗက်တီးရီးယားများနှင့် ကူးစက်ရောဂါများကို ကာကွယ်တိုက်ခိုက်နိုင်စွမ်းရှိပါသည်။
ကြက်သွန်ဖြူကိုပုံမှန်စားသုံးသောသူများသည် အအေးမိရောဂါ ဖြစ်ရန် အခွင့်အလမ်း နည်းပါးကြောင်းလည်း တွေ့ရှိရပါသည်။
၃။ ကြက်စွပ်ပြုတ်ရည်
ကြက်စွပ်ပြုတ်သည် ရောင်ရမ်းမှုများကို လျော့ကျစေရန်နှင့် ချောင်းဆိုးပျောက်ဆေးများကဲ့သို့ပင် ချွဲများပျော်စေရန် ပြုလုပ်ပေးနိုင်ပါသည်။
ထို့ပြင် ကြက်စွပ်ပြုတ်တွင်တွေ့ရသော Amino Acid တစ်မျိုးဖြစ်သည့် Cystine သည် လေပြွန်ရောင်ရမ်းခြင်းတွင် သောက်သုံးရသည့် ပဋိဇီဝဆေးဝါးများနှင့် ဓာတုဗေဒဖွဲ့စည်းပုံချင်းတူညီပါသည်။
၄။ လက်ဖက်ရည်
လက်ဖက်ရည်သည် လည်ချောင်းနာခြင်းအတွက် ကောင်းမွန်သောဆေးတစ်မျိုးဖြစ်ပါသည်။
လေ့လာတွေ့ရှိချက်များအရ တစ်နေ့လျှင် Black Tea ငါးခွက်ကို နှစ်ပတ်ခန့် သောက်သုံးသောသူများ၏ သွေးအတွင်းတွင် ခုခံစွမ်းအားကိုတိုးမြှင့်ပေးနိုင်သည့် Protein တစ်မျိုးဖြစ်သည့် Interferon များကို ပိုမိုတွေ့ရှိကြောင်း သိရပါသည်။
၅။ မှို
ခုခံအားစနစ်တိုးတက်စေရန်အတွက် မှိုကို ရာစုနှစ်ပေါင်းများစွာကတည်းကပင် စားသုံးခဲ့ကြပါသည်။
မှိုသည်ရောဂါပိုးများကိုတိုက်ဖျက်နိုင်သည့် သွေးဖြူဥထုတ်လုပ်ခြင်းကို တိုးတက်စေပါသည်။
၆။ စတော်ဘယ်ရီ
စတော်ဘယ်ရီတွင် Vitamin C ကြွယ်ဝစွာပါဝင်ပါသည်။
Vitamin C သည် ဗိုင်းရပ်စ်ပိုးများကို တိုက်ခိုက်နိုင်သကဲ့သို့ စိတ်ဖိစီးမှုဖြစ်စေသည့် ဟော်မုန်းများကိုလည်း ဖြိုဖျက်ပေးပါသည်။ ထို့ကြောင့် ခုခံအားစနစ်ကိုလည်းတိုးတက်စေပါသည်။
၇။ မုန်လာဥနီ ၊ ကန်စွန်းဥ
မုန်လာဥနီနှင့် ကန်စွန်းဥတို့တွင် ကူးစက်ရောဂါပိုးများကို ကာကွယ်တိုက်ထုတ်နိုင်သည့် ဆဲလ်များနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို တိုးတက်စေသည့် Beta-carotene ဓါတ်ကြွယ်ဝပါသည်။ ထို့ပြင် Beta-carotene သည် နှလုံးနှင့်ပတ်သက်သည့် ရောဂါများဖြစ်နိုင်ခြေကိုလည်း လျော့ကျစေပါသည်။
၈။ Dark chocolate
ချောကလက်အမည်းတွင် ကူးစက်ရောဂါများကို တိုက်ထုတ်နိုင်သည့် သွေးဖြူဥများ၏ ကြီးထွားဖွံ့ဖြိုးမှုကိုတိုးတက်စေသည့် Zinc ဓာတ်များစွာပါဝင်ပါသည်။
ထို့ကြောင့် နေမကောင်းသည့်အခါ Dark Chocolate ကို ဝယ်ယူ၍ တစ်တုံး နှစ်တုံးစားသုံးပေးခြင်းသည်လည်း ခုခံအားစနစ်ကိုတိုးတက်စေ၍ အမြန်ဆုံး ပြန်လည်နေကောင်းလာစေရန် အထောက်အကူပေးပါသည်။ သတိပြုရမည်မှာ သကြားဓါတ်မပါဝင်သော အချိုအရသာမရှိသည့် ချောကလက်အမည်းကို ဝယ်ယူရန်ဖြစ်ပါသည်။
အထက်ပါ အစားအစာများကို စားသုံးပြီး ခန္ဓာကိုယ်၏ အရေးကြီးလှသည့် ခုခံအားစနစ်ကို တိုးတက်စေခြင်းအားဖြင့် ကူးစက်ရောဂါများ ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ပါကြောင်း တင်ပြအပ်ပါသည်။
Author: ဒေါက်တာမိုး (ဆေး ၁)