ငါးကြီးဆီတွင် အဓိကတွေ့ရသော Omega -3 အဆီများမှာ Eicosapentaenoic acid (EPA) နှင့် Docosahexaenoic acid (DHA) တို့ဖြစ်ပြီး အပင်များမှရရှိသော Omega -3 တွင် အဓိကအားဖြင့် Alpha-linolenic Acid (ALA) တို့ပါဝင်ပါသည်။
ALA သည် Essential Fatty acid တစ်မျိုးဖြစ်သော်လည်း EPA နှင့် DHA တို့က ကျန်းမာရေးကို ပိုမိုအထောက်အကူပေးနိုင်ကြောင်း တွေ့ရှိရပါသည်။
ယခုနောက်ပိုင်း လူအများစားသုံးလေ့ရှိကြသော အစားအစာများတွင် Omega-3 အဆီများ၏နေရာတွင် Omega-6 ကဲ့သိုသော အခြားသောအဆီများက အစားထိုးဝင်ရောက်လာမှု ပိုမိုများပြားလာကြပါသည်။
ထိုသို့ အစားအစာများတွင် အဆီများ၏အချိုးအဆများပါဝင်မှု ပြောင်းလဲလာခြင်းသည် များစွာသောရောဂါတို့ကို ဖြစ်စေနိုင်သောကြောင့် အစားအစာများတွင် Omega-3 အဆီများ လုံလောက်စွာ ရရှိရန် အရေးကြီးလာပါသည်။
ငါးကြီးဆီပြည့်၀အောင် စားသုံးခြင်းအားဖြင့် ရရှိနိုင်သည့် ကောင်းကျိုးများထဲမှ အချို့ကို အပိုင်း ( ၂ ) အဖြစ် ဆက်လက်တင်ပြပေးလိုက်ပါသည်။
မျက်လုံးကျန်းမာရေး
ဦးနှောက်နှင့် မျက်လုံးသည် Omega-3 အဆီများအပေါ်တွင် များစွာမှီခိုနေပါသည်။
လေ့လာတွေ့ရှိချက်များအရ Omega-3 အဆီများ လုံလောက်စွာမရရှိသောကလေးများတွင် အမြင်အာရုံချို့တဲ့ခြင်းနှင် မျက်လုံးဆိုင်ရာရောဂါများ ဖြစ်နိုင်ခြေအလားအလာ ပိုမိုများပြားကြောင်းတွေ့ရှိရပါသည်။
ထို့အပြင် မျက်လုံးကျန်းမာရေးသည် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ကြံ့ခိုင်မှု ပိုမို၍ အားနည်းလာတတ်ကြပါသည်။
ငါးနှင့် ပတ်သက်သော အစားအစာများ များစွာစားသုံးခြင်းသည် အသက်အရွယ်ကြီးရင့်သောအခါ ဖြစ်လာတတ်သည့် မျက်လုံးဆိုင်ရာပြဿနာများ ဖြစ်နိုင်သည့်အလားအလာကို လျော့ကျစေနိုင်ကြောင်း တွေ့ရှိရပါသည်။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး
ဦးနှောက်၏ ၆၀% နီးပါးကို အဆီဓါတ်များဖြင့် ဖွဲ့စည်းထားပါသည်။ အဆီဓါတ်အများစုမှာ Omega-3 Fatty Acids များဖြစ်ကြပါသည်။ ထို့ကြောင့် Omega-3 Fatty Acids သည် ဦးနှောက်၏ ပုံမှန်လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်ရန်အတွက် မရှိမဖြစ်အရေးပါလှပါသည်။
ထို့ကြောင့် ငါးကြီးဆီသည် စိတ်ပိုင်းဆိုင်ရာပုံမမှန်ခြင်းများကို ကုသရာတွင် အကူအညီပေးနိုင်ပါသည်။ အချို့သောလေ့လာတွေ့ရှိချက်များအရ စိတ်ပိုင်းဆိုင်ရာပုံမမှန်ခြင်းဝေဒနာ ခံစားနေရသောလူများတွင် Omega-3 Fatty Acids ပမာဏများ လျော့နည်းနေတတ်ကြောင်း တွေ့ရပါသည်။
ထို့အပြင် ငါးကြီးဆီ ဖြည့်စွက်အာဟာရများက စိတ်ပိုင်းဆိုင်ရာပုံမမှန်ခြင်းများ ဖြစ်ပွားမှုကို တားဆီးကာကွယ်ပေးပြီး အကယ်၍ အဆိုပါရောဂါဝေဒနာဖြစ်ပေါ်ပြီးသားဆိုပါကလည်း ရောဂါလက္ခဏာများ သက်သာလျော့ပါးစေရန် လုပ်ဆောင်ပေးနိုင်ပါသည်။
ထို့အပြင် Schizophrenia နှင့် Bipolar Disorder ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာရောဂါများ၏ လက္ခဏာရပ်များကို ငါးကြီးဆီ ပမာဏအများအပြား စားသုံးပေးခြင်းအားဖြင့် လျော့ချနိုင်ကြောင်းလည်း တွေ့ရှိရပါသည်။
ကိုယ်အလေးအချိန်
ခန္ဓာကိုယ်၏ ကိုယ်အလေးချိန်နှင့် အရပ်အမြင့်တို့ကို အခြေခံ၍ တွက်ချက်သော Body Mass Index (BMI) ပမာဏ ၃၀ ထက်ကျော်လွန်နေသောသူများကို အဝလွန်သောသူများဟု သတ်မှတ်ပါသည်။
တစ်ကမ္ဘာလုံးတွင် အရွယ်ရောက်သောသူများ၏ ၃၉% သည် ရှိသင့်သည့် ကိုယ်အလေးချိန်ထက် ပိုမိုများပြားနေကြပြီး ၁၃% မှာ အဝလွန်နေကြပါသည်။
အဝလွန်ခြင်းသည် နှလုံးရောဂါ၊ အမျိုးအစား ၂ ဆီးချိုရောဂါ နှင့် ကင်ဆာရောဂါ ကဲ့သို့သော ရောဂါများဖြစ်ပွားနိုင်သည့် အလားအလာကို သိသိသာသာ တိုးတက်စေပါသည်။
ငါးကြီးဆီ ဖြည့်စွက်အာဟာရများသည် အဝလွန်သောသူများတွင် နှလုံးရောဂါ ဖြစ်ပွားနိုင်သည့် အလားအလာကို လျော့ချပေးနိုင်ကြောင်း တွေ့ရှိရပါသည်။
အချို့သောလေ့လာတွေ့ရှိချက်များအရ ငါးကြီးဆီဖြည့်စွက်အာဟာရများစားသုံးခြင်းနှင့် နေ့စဉ်အစားအစာများကို သတိပြုရှောင်ကြဉ်ခြင်း၊ လေ့ကျင့်ခန်းများပြုလုပ်ခြင်းတို့ကို တွဲဖက်လုပ်ဆောင်ပါက ကိုယ်အလေးအချိန်ကို သိသိသာသာ လျော့ကျစေနိုင်ကြောင်းတွေ့ရှိရပါသည်။