Docosahexaenoic acid ဟုခေါ်သော DHA သည် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသော Omega-3 Fatty Acids တွေထဲမှ အရေးပါဆုံးတစ်ခု ဖြစ်ပါသည်။
မိခင်၏ ဝမ်းဗိုက်အတွင်း သန္ဓေသားဘ၀အဖြစ်နှင့် နေချိန်မှစ၍ မွေးဖွားပြီးသည့်အချိန်အထိ ကလေးများ၏ ဖွံ့ဖြိုးမှုများအတွက် DHA သည် လွန်စွာအရေးပါပါသည်။
DHA (Omega-3 Fatty Acid) ကို အဆီဓါတ်များပြားသောငါးများတွင် အများအပြားတွေ့ရှိရပါသည်။
ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးမှ ကလေးများအား ငါးနှင့် ပတ်သက်သော အစားအစာများကို ပိုမို ကျွေးမွေးရန်နှင့် လူတိုင်းလူတိုင်းသည်လည်း ငါးနှင့် ပတ်သက်သော အစားအစာများကို သီတင်းပတ် တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ်မှ နှစ်ကြိမ်ခန့် စားသုံးသင့်ကြောင်း ပြောကြားထားပါသည်။
အကယ်၍ ထိုသို့ မစားသုံးဖြစ်သည့် အခြေအနေများတွင် DHA (Omega-3 Fatty Acid) ပါဝင်သော ဖြည့်စွက် အာဟာရများကို စားသုံးသင့်ပါသည်။
DHA သည် ခန္ဓာကိုယ်တွင်ရှိသော ဦးနှောက်၊ မျက်လုံးနှင့် အရေပြားဆဲလ်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ဖွဲ့စည်းနေပါသည်။ ထို့ပြင် DHA သည် နှလုံးကျန်းမာရေးအတွက်လည်း များစွာ အကျိုးပြုနိုင်ကြောင်း တွေ့ရှိရပါသည်။
နှလုံးရောဂါဖြစ်ပွားသေဆုံးမှုများသည် Omega-3 Fatty Acids ပမာဏနည်းပါးမှုနှင့် ဆက်စပ်နေသည့် ခိုင်မာသည့် သက်သေများကို တွေ့ရှိထားရပြီဖြစ်ပါသည်။
DHA သည် ခန္ဓာကိုယ်အတွင်းတွင်ရှိသော မကောင်းသော အဆီများကို ကျဆင်းစေကာ ကောင်းသော အဆီများကို တိုးတက်လာစေပါသည်။
ထို့ပြင် သွေးပေါင်ချိန်များကို ထိန်းသိမ်းပေးနိုင်ပါသည်။
သွေးကြောများ ပုံမှန်အလုပ်မလုပ်နိုင်ခြင်းကြောင့်ဖြစ်ပွားတတ်သော နှလုံးရောဂါများကိုလည်း ကာကွယ်ပေးပါသည်။
ထို့ပြင် ရုတ်တရက် နှလုံးခုန်ရပ်တန့်ခြင်း၊ လေဖြတ်ခြင်း၊ နှလုံးရောဂါကြောင့် သေဆုံးခြင်းများကိုလည်း လျော့ကျစေပါသည်။
သွေးပေါင်ချိန်များကိုလည်း ကျဆင်းစေပါသည်။
ထို့ပြင် နှလုံးခုန် စည်းချက်မမှန်ခြင်းများကိုလည်း သက်သာစေကြောင်း တွေ့ရှိရပါသည်။