အိပ်စက်ခြင်းဆိုင်ရာ မူမမှန်ခြင်းပြဿနာသည် ကလေးများတွင် တွေ့ရသော ပြဿနာတစ်ရပ်ဖြစ်ပါသည်။
ကလေးစုစုပေါင်း၏ ၃၀% မှ ၄၀% အထိတွင် ဤပြဿနာကို တွေ့ရပါသည်။
ကလေးများ ကောင်းစွာ မအိပ်စက်နိုင်သောအခါ
- အခြားကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပွားခြင်း၊
- တက်ကြွမှုမရှိဘဲ လေးလံထိုင်းမိှုင်းနေခြင်း၊
- ကျောင်းတွင်းဆိုင်ရာ စွမ်းဆောင်ရည်များကျဆင်းလာခြင်း၊
- စိတ်ကျခြင်း၊
- အပြုအမူဆိုင်ရာပြောင်းလဲလာခြင်း၊
- ကိုယ်အလေးချိန်တက်လာခြင်းစသည့် ပြဿနာများဖြစ်ပေါ်လာနိုင်ပါသည်။
သုတေသနတစ်ခုတွင် ကလေးဦးရေ ၃၉၅ ယောက်ကို စစ်ဆေးလေ့လာတွေ့ရှိချက်များအရ သွေးအတွင်းတွင် DHA ပမာဏ နည်းပါးနေသော ကလေးများသည် ညဘက်အိပ်စက်သည့် အချိန်ကာလ ပိုမိုလျော့နည်းကြောင်းတွေ့ရှိရပါသည်။
သွေးအတွင်း DHA ပမာဏ ပိုမိုများပြားနေသော ကလေးများသည် သိသိသာသာ ပိုမိုကောင်းမွန်သည့် အိပ်စက်ခြင်းကို ရရှိကြကြောင်းတွေ့ရှိရပါသည်။
ထို့နောက် အဆိုပါကလေးများကို DHA ဖြည့်စွက် အာဟာရတိုက်ကျွေး၍ သီတင်းပတ် ၁၆ ပတ်တိတိ ထပ်မံစမ်းသပ်လေ့လာကြည့်သောအခါ
- အိပ်စက်ခြင်းဆိုင်ရာ အရည်အသွေးများ ပိုမိုတိုးတက်လာခြင်း၊
- အိပ်စက်သည့် ကြာချိန် ပိုမိုရှည်လျားလာခြင်း နှင့််
- ညဘက် ယောင်ယမ်း၍ လမ်းထလျှောက်ခြင်းများ ပိုမိုနည်းပါးလာခြင်း စသည့်ကောင်းကျိုးများကိုတွေ့ရှိရပါသည်။
ထိုသို့ အိပ်စက်ခြင်းကို တိုးတက်စေနိုင်သည့်ဖြစ်စဉ်သည် ဦးနှောက်အတွင်းတွင်ရှိသော DHA ပမာဏနှင့် အိပ်စက်ခြင်းကို ထိန်းချုပ်ပေးသည့်နေရာတွင် အရေးပါသည့် Melatonin ဟော်မုန်းထုတ်လုပ်ခြင်းတို့နှင့် ပတ်သက်မှုရှိနိုင်ကြောင်း ယုံကြည်ကြပါသည်။
DHA သည် ဦးနှောက်အတွင်းတွင်ရှိသော ပမာဏအများဆုံးသော Omega-3 Fatty Acids ဖြစ်ကာ ဦးနှောက်တွင်ရှိသော Omega 3 Fatty acids များ၏ ၉၀% ကျော်အထိ ပါဝင် ဖွဲ့စည်းထားပါသည်။ ထို့ကြောင့် ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုနှင့် လုပ်ငန်းဆောင်တာများ ပုံမှန်အတိုင်းလုပ်ဆောင်နိုင်စေရန် လွန်စွာမှ အရေးပါလှပါသည်။
DHA သည် ကောင်းမွန်သောအိပ်စက်ခြင်းကို ရရှိနိုင်ရန် အားပေးသကဲ့သို့ ကောင်းမွန်သောအိပ်စက်ခြင်းသည် ဦးနှောက်၏ လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်ရန်အခြေခံလိုအပ်ချက် တစ်ချက်ဖြစ်ပါသည်။
ထို့ကြောင့် DHA၊ ပြည့်၀ကောင်းမွန်သော အိပ်စက်ခြင်းနှင့် ကလေးများ၏ ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများသည် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဆိုသကဲ့သို့ ကလေးများ၏ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်ဆက်စပ်နေကြသော အခြေခံအကြောင်းတရားများဖြစ်ပါတော့သည်။