၃၀ ရာခိုင်နှုန်းရှိတဲ့ လူတွေဟာ ဝေဒနာအတွက် ဆေးညွှန်းပေးထားတဲ့အတိုင်း ရပ်ရမယ့် အချိန်မတိုင်မီ ဆေးသောက်တာ ရပ်ပစ်ကြတယ်။ ဒါဟာသိပ်အန္တရာယ်ကြီးပါတယ်။ အဲ့ဒီလိုလုပ်ဖို့ ကျွန်မတို့ နှစ်ခါ မစဉ်းစားကြဘူး။ ဘေးထွက်ဆိုးကျိုးတွေမကြိုက်လို့ ကိုယ်နေကောင်းသွားပြီဖြစ်လို့ ဆေးစွဲသွားမှာဆိုးလို့နဲ့ ဆေးပြားတွေကို မတတ်နိူင်လို့ စသည်ဖြင့် အကြောင်းအမျိုးမျိုးပြပြီး ဆေးသောက်တာကို ရက်မစေ့မီရပ်လိုက်ကြတယ်။ ဆေးကို ရုတ်တရက်ရပ်လိုက်လို့ အန္တရာယ်ရှိတယ်ဆိုတာ မှန်ပါတယ်။
ဆေးသောက်တာရပ်တဲ့ အချို့သာမန်အကြောင်းပြချက်များနဲ့ သင်မလုပ်ခင် ဘာတွေသိရမယ်ဆိုတာကို ဖော်ပြလိုက်ပါတယ်။
(၁) နေကောင်းသွားပါပြီ
ခုနစ်သားလေးတစ်ယောက်ဟာ ဘက်တီးရီးယားပိုးတစ်မျိုးကြောင့် လည်ချောင်းနာရောဂါဖြစ်နေတာကြောင့် ပဋိဇီဝဆေးကို ၁၀ ရက်သောက်ဖို့ ဆရာဝန်က ဆေးညွှန်းပေးထားတယ်။ ရှစ်ရက်မြောက်တဲ့နေ့မှာ ကလေးရဲ့ အဖျားနဲ့ လည်ချောင်းနာတာတွေ ပျောက်သွားလို့ဆက်ပြီး ဆေးမသောက်တော့ဘူး။ ရက်အနည်းငယ်ကြာတော့ အဲ့ဒီကလေးရဲ့အသံက အာချင်သံဖြစ်နေပြီး အဖျားလည်းတတ်လာတယ်။ ဒါကြောင့် ကလေးက ဒုတိယအကြိမ်အဖြစ် ပဋိဇီဝဆေးကို ဆေးပတ် တစ်ပတ်သောက်ရပြန်တယ်။ ကလေးက ဆေးသောက်ရတာကို ညည်းညူလို့ မိခင်က အလိုလိုက်ပြီး ရပ်လိုက်ပြန်တယ်။ ရောဂါပြန်ထလာတာကို ထိုးဆေးကို တတိယအကြိမ်ပြန်စရတယ်။ ဒီတခါမှာတော့ ဆေးကို မရပ်ရဲတော့ပါ။
အဓိကအချက်
နေလို့ကောင်းလာတယ်ဆိုတာ ဘက်တီးရီးယားပိုးတွေသေပြီး ရောဂါကူးစက်မှု ပပျောက်သွားပြီလို့ မဆိုလိုပါ။ တစ်ဝက်တစ်ပျက်ကုသမှုလို့ဆိုတဲ့ ဆေးသောက်ခြင်းကို စောစောရပ်လိုက်ရင် ပဋိဇီဝဆေးခံနိူင်ရည်ရှိတဲ့ ဘက်တီးရီးယားပိုးများကြောင့် ပြဿနာပိုကြီးလာနိူင်တယ်။
နာတာရှည်ရောဂါတွေ ဖြစ်တဲ့ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါအမျိုးအစားကို ခံစားနေရသူတွေဟာ ရောဂါလက္ခဏာတွေမခံစားရတော့ဘူးဆိုပြီး ဆေးသောက်တာရပ်ပစ်ကြတယ်။ ဘယ်လောက်ကြာကြာသောက်ရမယ်ဆိုတာကို ဆရာဝန်အား အမြဲမေးပါ။
(၂) ဘေးထွက်ဆိုးကျိုးတွေကို မကြိုက်ပါ
ကောလိပ်ကျောင်းသူတစ်ယောက် ဝက်ရူးပြန်ရောဂါရှိလို့ ဆေးသောက်နေရတယ်။ အဲ့ဒီဆေးသောက်ရတာ မောပန်းခြင်းနဲ့ ရာသီလာချိန်နာကျင်ခြင်းတို့ကို မကြိုက်လို့ နှစ်နှစ်ကြာပြီးနောက် ဝက်ရူးပြန်တတ်တာလည်း မရှိတော့တာကြောင့် ဆေးကိုဖြတ်လိုက်တယ်။ တစ်ပတ်ကြာတဲ့အခါ စာမေးပွဲဖြေမယ့်နေ့မှာ ဆိုးဆိုးဝါးဝါးတက်သွားလို့ စာမေးပွဲမဖြေလိုက်ရပါ။
၎င်းဟာ ဘေးထွက်ဆိုးကျိုးပိုနည်းတဲ့အတွက် အတက်ကာကွယ်ဆေး နောက်တစ်မျိုးကိုသောက်နေပြီး အခြေအနေကောင်းကြောင်း ၎င်းက ပြောပြတယ်။
အဓိကအချက်
ဘေးထွက်ဆိုးကျိုးရှိလို့ ဆေးသောက်တာကို ရပ်လို့မရပါ။ ဆေးပမာဏကို လျော့ခြင်း ဒါမှမဟုတ် အခြားဆေးတစ်မျိုးကို ပြောင်းသောက်ခြင်းက ပိုကောင်းပါတယ်။
(၃) ဆေးစွဲသွားမှာ စိုးတယ်။
ရုံုးဝန်ထမ်းအမျိုးသမီးတစ်ဦးဟာ စိတ်ဓာတ်ကျမှုကာကွယ်တဲ့ ဆေးကို ခြောက်လကြာသောက်ခဲ့တယ်။ ဆေးလိပ်၊ အရက် ဖြစ်တဲ့အခါမှာဖြစ်တဲ့ ဝေဒနာတွေရဲ့ လက္ခဏာတွေကို မြင်ဖူး ကြားဖူးလို့ သောက်နေကြဆေးကို စွဲမိမှာ အလွန်စိုးရိမ်ပြီး ဆေးကို ရပ်ပစ်လိုက်တယ်။ ၎င်းဟာ သုံးရက်ကြာ အိပ်မပျော်၊ စားမဝင်ဖြစ်ပြီး စိတ်ချောက်ချားလာကာ၊ လက်များတွင် စပ်ဖျဉ်းဖျဉ်း ခံစားရတယ်။ စိတ်ဆိုးမာန်ဆိုးဖြစ်ပြီး ကသိကအောက်ဖြစ်လာတယ်။
အဓိကအချက်
စိတ်ဓာတ်ကျခြင်းကို ကာကွယ်ဖို့ ညွှန်းတဲ့ ဆေးတစ်မျိုးဖြစ်တဲ့ SSRI ကိုရပ်ခြင်းက ဆေးဖြတ်တဲ့ ဝေဒနာရဲ့ လက္ခဏာကို ဖြစ်ကောင်းဖြစ်နိူင်တယ်။ ဆေးစွဲတယ်ဆိုတာဟာ သတ်သတ်မှတ်ဖြစ်တဲ့ အခြေအနေဖြစ်ကြောင်း အမေရိကန်စိတ်ရောဂါအသင်း ဥက္ကဌ ဒေါက်တာနာဒါစတော့လန်က ဆိုတယ်။ ဆေးစွဲသူတစ်ယောက်ဟာ ဆေးကို အငမ်းမရဖြစ်ပြီး ဆေးမရရင် အလွန်ပြင်းထန်တဲ့ ဝေဒနာလက္ခဏာကို ခံထားရတယ်။ ဆေးကိုအသုံးလွန်ခြင်း၊ ဒါမှမဟုတ် နာကျင်မှုနဲ့ စိုးရိမ်မှုအတွက် ဆေးဝါးကိုတလွဲသုံးခြင်းမရှိရင် ညွှန်းထားသည့်ဆေးဝါးဟာ စွံတယ်ဆိုတာမရှိကြောင်း ၎င်းကဆိုသည်။ SSRI ဖြတ်လို့ ဝေဒနာလက္ခဏာများကို ဆေးလျှော့သောက်ခြင်းဖြင့် ကျော်လွှားနိူင်တယ်လို့ ၎င်းက ဆိုတယ်။
(၄) ဆေးက သိပ်ဈေးကြီးတယ်
အမျိုးသမီးတစ်ဦးဟာ ခေါင်းအရမ်းကိုက်လို့ ဆေးရုံတတ်လိုက်ရတယ်။ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီးနောက်၊ ခေါင်းတစ်ခြမ်းကိုက်တဲ့ရောဂါပျောက်ဆေးကိုပေးပြီး ဆေးရုံမှ ပြန်ဆင်းခိုင်းလိုက်တယ်။ ညွှန်းလိုက်တဲ့ ဆေးတစ်ပုလင်းရဲ့ ဈေးနှုန်းက သူ့ခင်ပွန်းရဲ့ တစ်ပတ်စာလုပ်အားခလောက်ရှိနေတာကို တွေ့ရတယ်။
ငွေကြေးအကျပ်ရိုက်မှုကို ခံစားရတဲ့သူဟာ ထိုအမျိုးသမီးတစ်ယောက်တည်း မဟုတ်ပါ။ လွန်ခဲ့သော ၁၂ နှစ်လောက်ကတည်းက ညွှန်းတဲ့ဆေးဝါးတွေရဲ့ဈေးနှုန်းက မြှင့်တက်နေတယ်လို့ သိရပါတယ်။
အဓိကအချက်
ဈေးသက်သာပြီး အာနိသင်တူတဲ့ အခြားဆေးမရှိဘူးလားလို့ ဆရာဝန်အားမေးပါ။
Author: နှင်းအေးဝေ