ဆီးချိုသွေးချိုရှိသောသူများအတွက် မည်သည့်အစားအစာကို စားသောက်လျှင် အကောင်းဆုံးဖြစ်သည်ကို စဉ်းစားရခြင်းသည် ခက်ခဲသည့်အလုပ်တစ်ခုဖြစ်ပါသည်။
အစားအစာများကို ရွေးချယ်သည့်အခါ သွေးတွင်းသကြားဓာတ်များကို ထိန်းသိမ်းရန်အတွက် အဓိကရွေးချယ်ရမည်ဖြစ်သော်လည်း နှလုံးရောဂါကဲ့သို့သော ဆီးချိုရောဂါ၏နောက်ဆက်တွဲပြဿနာများကို ကာကွယ်ပေးမည့် အစားအစာများကို ရွေးချယ်မိရန်လည်း အရေးကြီးပါသည်။
အောက်ပါတို့သည် ဆီးချိုသွေးချိုရောဂါအမျိုးအစား( ၁ ) နှင့် ( ၂ ) နှစ်မျိုးလုံးအတွက် သင့်တော်ကောင်းမွန်သည့် အစားအစာများဖြစ်ကြပါသည်။
(၁) အဆီကြွယ်၀သော ငါးများ။
ဆယ်လ်မွန်နှင့် ဆာဒင်းကဲ့သို့သော Omega-3 Fatty acids ကြွယ်၀သည့်ငါးများသည် နှလုံးကျန်းမာရေးအတွက် များစွာကောင်းကျိုးပေးနိုင်ပါသည်။ ထို့ကြောင့် ဆီးချိုသွေးချိုရှိသူများကဲ့သို့သော နှလုံးနှင့်လေဖြတ်ရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားသည့်သူများသည် ထိုကဲ့သို့သောအဆီများပါဝင်သည့် အစားအစာများကို ပုံမှန်စားသုံးရန် အလွန့်အလွန်အရေးကြီးပါသည်။
ထို့ပြင် လေ့လာတွေ့ရှိချက်များအရ အဆီကြွယ်၀သောငါးများကို စားသုံးခြင်းသည် သွေးတွင်းသကြားဓာတ်များကို ထိန်းသိမ်းရာတွင်လည်း အရေးပါကြောင်းတွေ့ရှိရပါသည်။
ထို့ပြင် ငါးတွင်ပါရှိသည့် အသားဓာတ်များသည်လည်း ခန္ဓာကိုယ်ကို များစွာအကျိုးပြုပေးပါသည်။
(၂) အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များ
အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များသည် ကယ်လိုရီနည်းပါးသည့်အပြင် အာဟာရဓာတ်လည်း အလွန်ကြွယ်၀ပါသည်။
ဟင်းနုနွယ်၊ ကညွတ်နှင့် အခြားအစိမ်းရောင်ရှိသည့်အရွက်များသည် ဗီတာမင်၊ သတ္တုဓာတ်များကြွယ်၀သကဲ့သို့ ကာဗိုဟိုက်ဒရိတ်ပမာဏနည်းပါးသည့်အတွက်ကြောင့် သွေးတွင်းသကြားဓာတ်အပေါ် အကျိုးသက်ရောက်မှု နည်းပါးကြောင်း တွေ့ရပါသည်။
ထို့အပြင် Lutein နှင့် Zeaxanthin ကဲ့သို့သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည်လည်း အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များတွင် အများအပြားပါဝင်ပါသည်။
ထိုဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် ဆီးချိုသမားများတွင် အတွေ့ရများသော နောက်ဆက်တွဲပြဿနာများဖြစ်သည့် အတွင်းတိမ်နှင့် မျက်လုံးဆိုင်ရာရောဂါပြဿနာများကို ကာကွယ်ပေးနိုင်ပါသည်။
(၃) ထောပတ်သီး
ထောပတ်သီးတွင် သကြား ( ၁ ) ဂရမ်ထက် နည်းပါးသောပမာဏသာ ပါဝင်သကဲ့သို့ ကာဗိုဟိုက်ဒရိတ် ပမာဏလည်း အနည်းငယ်သာ ပါဝင်ပါသည်။ ထို့အပြင် ကျန်းမာရေးနှင့်ညီညွတ်သော အဆီဓာတ်များလည်း အများအပြားပါဝင်သည့်အတွက်ကြောင့် သွေးတွင်းသကြားဓာတ်များမြင့်တက်မည်ကို စိုးရိမ်စရာမလိုအပ်ပါ။
အမျှင်ဓာတ် ကြွယ်၀စွာပါဝင်သည့် ထောပတ်သီးအား စားသုံးခြင်းအားဖြင့် ခန္ဓာကိုယ်၏ ကျန်းမာရေးကို ကောင်းစေသည့်အပြင် ခန္ဓာကိုယ်အလေးချိန်ကိုကျဆင်းစေခြင်း၊ ခန္ဓာကိုယ်၏ BMI ကို ကျဆင်းစေခြင်းများကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။
ထို့ကြောင့် ထောပတ်သီးများကို ဆီးချိုသွေးချိုရှိသောသူများသာမက ဆီးချိုသွေးချိုဖြစ်ရန် အလားအလာရှိသောသူများလည်း စိတ်ချစွာစားသုံးနိုင်ကြောင်းတွေ့ရှိရပါသည်။
(၄) ကြက်ဥ၊ ဘဲဥ
ကြက်ဥ၊ ဘဲဥများကို ပုံမှန်စားသုံးခြင်းသည် နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို နည်းလမ်းများစွာဖြင့်
လျှော့ချပေးနိုင်ပါသည်။
ထို့ပြင် ကြက်ဥ၊ ဘဲဥများသည် ရောင်ရမ်းနာကျင်မှုများကို လျှော့ချပေးခြင်း၊ အင်ဆူလင်၏လုပ်ဆောင်ချက်များကို တိုးတက်စေခြင်း၊ ခန္ဓာကိုယ်အတွင်းရှိသော ကောင်းသောအဆီဖြစ်သည့် HDL cholesterol ကိုမြင့်တက်စေခြင်း၊ မကောင်းသောအဆီဖြစ်သည့် LDL cholesterol များကို လျှော့ချပေးခြင်း စသည့်လုပ်ဆောင်ချက်များကိုလည်း လုပ်ဆောင်နိုင်ကြောင်းတွေ့ရှိရပါသည်။
အချို့သော လေ့လာတွေ့ရှိချက်များအရ ကြက်ဥ၊ ဘဲဥစားသုံးခြင်းသည် လေဖြတ်ခြင်းကိုပါ ကာကွယ်ပေးနိုင်ကြောင်းတွေ့ရှိရပါသည်။
အစိမ်းရောင်ရှိသည့် ဟင်းသီးဟင်းရွက်များနည်းတူ ကြက်ဥဘဲဥများတွင်လည်း မျက်လုံးရောဂါများကို ကာကွယ်ပေးနိုင်သည့် Lutein နှင့် Zeaxanthin စသော ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်၀ကြောင်း တွေ့ရှိရပါသည်။
ကြက်ဥ၊ ဘဲဥများတွင် ခန္ဓာကိုယ်အတွက်ကောင်းကျိုးပေးသော အာဟာရဓာတ်အများစုသည် အနှစ်ထဲတွင် ပါရှိသောကြောင့် ကြက်ဥဘဲဥများကို စားသုံးသည့်အခါ အကာကိုသာမက အနှစ်ကိုပါ စားသုံးရန်လိုအပ်ပါသည်။
(၅) ပဲအမျိုးမျိုး
ပဲအမျိုးမျိုးသည် စျေးချို၍ အာဟာရဓာတ်ကြွယ်၀သည့်အပြင် ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာ ပေးနိုင်ပါသည်။ ထို့ပြင် ဗီတာမင် ဒီ ကြွယ်၀ခြင်း၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် စသော သတ္တုဓာတ်များနှင့် အမျှင်ဓာတ်များလည်း ကြွယ်၀ပါသည်။
ထို့ပြင် သွေးတွင်းသကြားဓာတ်များ မြင့်တက်မှုကို နည်းပါးစေသဖြင့် ဆီးချိုရောဂါကို ထိန်းသိမ်းရာတွင် များစွာအရေးပါသော အစားအစာတစ်မျိုးဖြစ်ပါသည်။