ခန္ဓာကိုယ်တွင် ဒဏ်ရာ၊ အနာတစ်ခုရရှိသောအခါ အနာကျက်ခြင်း ဖြစ်စဉ်မြန်ဆန်ရန် လိုအပ်ပါသည်။ အနာကျက်နှေးခြင်းသည် မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာရပ်များကို ဖြစ်ပွားစေနိုင်ပါသည်။
အောက်တွင်ဖော်ပြထားသော ဗီတာမင်အာဟာရဓာတ်များသည် အနာကျက်မြန်စေရန်အရေးပါသော အာဟာရဓာတ်များဖြစ်ကြပါသည်။
( ၁ ) ဗီတာမင် အေ (vitamin A)
ဗီတာမင် အေ သည် အနာကျက်ခြင်းဖြစ်စဉ်တွင် များစွာအထောက်အကူပြုသော အာဟာရဓာတ်တစ်မျိုးဖြစ်ပါသည်။
၎င်းသည် ရောင်ရမ်းခြင်းကိုလျော့နည်းစေခြင်း၊ ရောဂါကူးစက်ခြင်းကိုလျော့ချပေးခြင်း၊ ဆဲလ်အသစ်များဖြစ်ခြင်းကို လှုံ့ဆော်ပေးခြင်းစသည့်လုပ်ငန်းများကို လုပ်ဆောင်ခြင်းဖြင့် အနာကျက်စေရန် အားပေးကြောင်းတွေ့ရှိရပါသည်။
အောက်ပါအစားအစာများသည် Vitamin A ကြွယ်၀သောအစားအစာများဖြစ်ကြပါသည်။
- အသည်း
- ကြက်ဥ၊ ဘဲဥ အနှစ်
- မုန်လာဥနီ
- ကန်စွန်းဥ
- ဘရိုကိုလီ
- ဟင်းနုနွယ် စသည်တို့ဖြစ်ပါသည်။
( ၂ ) ဗီတာမင် ဒီ (vitamin D)
ဗီတာမင် ဒီ သည် အရိုးများအားသန်မာစေသည့် ကယ်လ်ဆီယမ်နှင့် ဖော့စ်ဖောရပ်စ်ဓာတ်တို့၏ ဇီ၀ရုပ်ဖြစ်ပျက်မှုအတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်တစ်မျိုးဖြစ်ပါသည်။
ထို့ပြင် ခုခံအားစနစ်တိုးတက်ကောင်းမွန်စေခြင်း၊ ရောင်ရမ်းခြင်းကို သက်သာစေခြင်း စသော အာနိသင်များရှိခြင်းကြောင့်လည်း အနာအတွင်းသို့ ရောဂါပိုးဝင်ရောက်ခြင်းကို တားဆီးပေးပါသည်။
ထို့ကြောင့် vitamin D သည် အနာကျက်မြန်စေသော ဗီတာမင်အာဟာရဓာတ်တစ်မျိုး ဖြစ်ပါသည်။
vitamin D ကြွယ်၀သော အစားအစာများမှာ နို့ထွက်ပစ္စည်းများ၊ ဆာဒင်းငါး၊ တူနာငါး၊ ကြက်ဥဘဲဥအနှစ် စသည်တို့ဖြစ်ပါသည်။
( ၃ ) ဗီတာမင် အီး ( vitamin E )
ခန္ဓာကိုယ်ကျန်းမာရေးအတွက် ဗီတာမင် အီး၏ အကျိုးပြုသောလုပ်ငန်းများမှာ
- ရောင်ရမ်းခြင်းကို လျော့နည်းစေခြင်းဖြင့် အနာကျက်မြန်စေရန်အားပေးခြင်း
- ခုခံအားစနစ်ကို မြင့်တက်စေခြင်း
- တွယ်ဆက်တစ်ရှူးများဖြစ်ပေါ်ခြင်းကို အထောက်အကူပြုခြင်းစသည်တို့ဖြစ်ကြပါသည်။
ထို့ပြင် ဗီတာမင် အီး သည် ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant) တစ်မျိုးဖြစ်သောကြောင့် ကင်ဆာရောဂါဖြစ်ပွားခြင်းကိုလည်းကာကွယ်ပေးနိုင်သော အာနိသင်ရှိပါသည်။
နေကြာစေ့၊ ဗာဒံသီး၊ သံလွင်ဆီ၊ မြေပဲထောပတ်နှင့် အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များတွင် vitamin E ကြွယ်၀စွာတွေ့ရှိရပါသည်။
( ၄ ) ဗီတာမင် ကေ ( vitamin K )
Vitamin K သည် အောက်ဆီဂျင်နှင့် အာဟာရဓာတ်များကို တစ်ရှူးများဆီသို့ ပို့ဆောင်ပေးခြင်းဖြင့် အနာကျက်မြန်စေရန် အားပေးသော အာဟာရဓာတ်တစ်မျိုးဖြစ်ပါသည်။
ထို့ပြင်အနာရောင်ရမ်းခြင်းကို လျော့နည်းစေခြင်း ၊ အနာသွေးထွက်ခြင်းကို တားဆီးပေးခြင်း စသော အစွမ်းအာနိသင်များရှိကြောင်းလည်းတွေ့ရှိရပါသည်။
vitamin K ကြွယ်၀သော အစားအစာများမှာ ဟင်းနုနွယ်၊ ဂေါ်ဖီထုပ်၊ ဘရိုကိုလီ စသောဟင်းသီးဟင်းရွက်များဖြစ်ကြပါသည်။
(၅) ဗီတာမင် စီ ( vitamin C)
Vitamin C သည် အားကောင်းသော (Antioxidant) ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်ပါသည်။
ရောဂါပိုးများကိုတိုက်ခိုက်ရန် ၊ ရောင်ရမ်းခြင်းကို လျော့နည်းစေရန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်းတွေ့ရှိရပါသည်။
ထို့ပြင် ကော်လာဂျင်ဓာတ်ဖွဲ့စည်းဖြစ်ပေါ်ခြင်း၊ သွေးကြောအသစ်များတည်ဆောက်ခြင်းစသည့် လုပ်ငန်းများတွင် ကူညီခြင်းဖြင့် အနာကျက်မြန်ခြင်းကို ဖြစ်စေပါသည်။
ချဉ်သောသစ်သီးများ (ဥပမာ သံပုရာသီး) ၊ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီး၊ ကီဝီသီး၊ မာလကာသီး၊ စပျစ်သီး၊ နာနတ်သီး စသော သစ်သီးအမျိုးမျိုးတွင် ဗီတာမင်စီ ပေါများပြည့်၀စွာတွေ့ ရှိရပါသည်။
( ၆ ) ဗီတာမင် ဘီ များ (B Vitamins)
B Vitamins သည် အနာကျက်ခြင်းဖြစ်စဉ်တွင် အရေးပါသော လုပ်ငန်းများဖြစ်သည့် ကော်လဂျင်အမျှင်ဓာတ်များ အသစ်ဖြစ်ပေါ်ခြင်း၊ တစ်ရှူးအသစ်များဖြစ်ပေါ်ခြင်းတို့ကို ကူညီပေးခြင်းဖြင့် အနာကျက်ခြင်းကို မြန်ဆန်စေပါသည်။
B Vitamins ပေါများစွာတွေ့ရသော အစားအစာများမှာ
- ကြက်သား
- ဝက်သား
- ငါး
- ကြက်ဥဘဲဥ
- နို့ထွက်ပစ္စည်းများ
- ပဲတောင့်ရှည်စသည်တို့ဖြစ်ပါသည်။
ထို့ကြောင့် အထက်ပါ ဗီတာမင်များသည် အနာကို အမြန်ဆုံးကျက်စေရန် ကူညီပေးသောကြောင့် ပမာဏများစွာ စားသုံးသင့်ပါကြောင့် တင်ပြလိုက်ရပါသည်။
Author : Dr. မွန်