လူ့ခန္ဓာကိုယ်တွင် တွေ့ရသော သွေးထဲတွင် အဓိကအားဖြင့် သွေးဆဲလ်အမျိုးအစား သုံးမျိုးရှိပါသည်။ ၎င်းတို့မှာ
- သွေးနီဥများ
- သွေးဖြူဥများ
- သွေးဆဲလ်မွှားများ ဖြစ်ကြပါသည်။
၎င်းတို့အနက် သွေးနီဥများသည် သွေး၏ ၄၅ ရာခိုင်နှုန်းခန့်ပါဝင်နေကြောင်းတွေ့ရှိရပါသည်။
သွေးနီဥ၏ လုပ်ငန်းများမှာ ခန္ဓာကိုယ်၏ အစိတ်အပိုင်းအသီးသီးသို့ အောက်ဆီဂျင်နှင့် ရောဂါပိုးမွှားများကို တိုက်ထုတ်ရန် ပဋိပစ္စည်းများကို ပို့ဆောင်ပေးခြင်း ဖြစ်ပါသည်။
ထိုလုပ်ငန်းများကို လုပ်ဆောင်ရန် သွေးနီဥလုံလောက်စွာမရှိခြင်း အခြေအနေကို သွေးအားနည်းရောဂါဟု သတ်မှတ်ပါသည်။
ကလေးများတွင် သွေးအားနည်းရောဂါ ဖြစ်ရခြင်း၏အကြောင်းရင်းများ
( ၁ ) သွေးနီဥထုတ်လုပ်မှု နည်းပါးခြင်း
အကြောင်းရင်းမှာ ကလေးများ အာဟာရဓာတ်လုံလောက်စွာ မရရှိခြင်းနှင့် သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ထိုအခြေအနေကို သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်းဟုခေါ်ပါသည်။
( ၂ ) သွေးနီဥများအလွန်အကျွံပျက်စီးခြင်း
အခြေခံရောဂါအချို့ ( သို့မဟုတ် ) မွေးရာပါ သွေးနှင့်ပတ်သက်သောရောဂါ (ဥပမာ sickle cell anaemia) ရှိသောကလေးများတွင် သွေးနီဥအလွန်အကျွံပျက်စီးခြင်းကြောင့် သွေးအားနည်းရောဂါ ဖြစ်နိုင်ပါသည်။
( ၃ ) သွေးဆုံးရှုံးမှု များပြားခြင်း
ထိခိုက်ဒဏ်ရာရရှိမှု နှင့် မကြာခဏနှာခေါင်းသွေးလျှံခြင်း ၊သွားဖုံးသွေးယိုခြင်းစသောအခြေအနေ များတွင် သွေးဆုံးရှုံးမှုများပြားခြင်းကြောင့် သွေးအားနည်းရောဂါခံစားရခြင်းဖြစ်ပါသည်။
သွေးအားနည်းရောဂါအမျိုးအစားများ။
ဖြစ်ပွားရသော အကြောင်းရင်းပေါ်မူတည်၍ သွေးအားနည်းရောဂါအမျိုးအစား အမျိုးမျိုးရှိပါသည်။
၎င်းတို့မှာ
( ၁ ) ( Iron deficiency anaemia ) သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါ
( ၂ ) ( Megaloblastic or macrocytic anaemia ) ဗီတာမင် B12 ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါ
( ၃ ) ( Haemolytic anaemia ) သွေးနီဥများ ပြိုကွဲပျက်စီးတတ်သော မွေးရာပါသွေးရောဂါကြောင့် ဖြစ်သော သွေးအားနည်းရောဂါ
( ၄ ) ( Sickled cell anaemia ) သွေးနီဥတွင်ပါဝင်သော ဟေမိုဂလိုဘင်ဓာတ်ပုံမှန်မဟုတ်သဖြင့် သွေးနီဥများပြိုကွဲမှုများသော မွေးရာပါသွေးရောဂါတစ်မျိုးကြောင့် ဖြစ်သည့် သွေးအားနည်းရောဂါ
( ၅ ) ( Thalassemia ) ပုံမှန်မဟုတ်သော သွေးနီဥများကို ထုတ်လုပ်သည့် မွေးရာပါသွေးရောဂါတစ်မျိုးကြောင့်ဖြစ်သော သွေးအားနည်းရောဂါ
( ၆ ) ( Chronic anaemia ) နာတာရှည်ရောဂါတစ်မျိုးကြောင့်ဖြစ်သော သွေးအားနည်းရောဂါ
( ၇ ) ( Aplastic anaemia ) ရိုးတွင်းခြင်ဆီမှ သွေးဆဲလ်များလုံလောက်စွာ မထုတ်လုပ်နိုင်သောကြောင့်ဖြစ်သော သွေးအားနည်းရောဂါ စသည်တို့ ဖြစ်ကြပါသည်။
ရောဂါလက္ခဏာများ။
သွေးအားနည်းရောဂါ ဖြစ်ပေါ်ခံစားရသောကလေးများတွင် အောက်ပါ ရောဂါလက္ခဏာများကို တွေ့ရှိရတတ်ပါသည်။
– အလွန်အမင်းမောပန်းလွယ်ခြင်း
– ဂနာမငြိမ်ဖြစ်ခြင်း
– ခေါင်းကိုက်ခြင်း
– အားနည်းနေခြင်း
– ရင်တုန်ခြင်း
– အသက်ရှူ မ၀ခြင်း
– အစားအစာစားချင်စိတ် မရှိခြင်း
– လျှာနာခြင်း၊ လျှာရောင်ရမ်းခြင်း
– အရေပြား ဖြူဖျော့ဖျော့ ဖြစ်နေခြင်း
– လက်သည်းကျွတ်ဆတ်ဆတ် ဖြစ်နေခြင်း
– အနာကျက် နှေးခြင်း
– ဖွံ့ဖြိုးကြီးထွားမှု နှေးကွေးခြင်းစသည်တို့ကို သွေးအားနည်းရောဂါရှိသော ကလေးများတွင် တွေ့ရှိရပါသည်။
ကုသခြင်းနည်းလမ်းများ။
– သံဓာတ်နှင့် B12 ချို့တဲ့သောကြောင့် သွေးအားနည်းသော ကလေးများကို သံဓာတ်နှင့် B12 ကြွယ်၀သော အစားအစာများ၊ သံဓာတ်နှင့် B12 ပါသော အားဆေးများတိုက်ကျွေးပါ။
– အကယ်၍ရောဂါ ပိုးကူးစက်ခြင်း နှင့် အခြေခံရောဂါတစ်စုံတစ်ခုကြောင့် ဖြစ်သောသွေးအားနည်း ရောဂါဖြစ်လျှင် ရောဂါဖြစ်စေသော အကြောင်းရင်းများကို ကုသရန်လိုအပ်ပါသည်။
– နာတာရှည်သွေးအားနည်းရောဂါ အချို့တွင် သွေးသွင်းခြင်းဖြင့် ကုသမှုခံယူရန်လိုအပ်ပါသည်။
– အချို့သော သွေးအားနည်းရောဂါဖြစ်သူများတွင် လိုအပ်သည့်အခါ သရက်ရွက်ကို ဖယ်ထုတ်သည့် ခွဲစိတ်ကုသမှုဖြင့် ကုသရကြောင်းတွေ့ရှိရပါသည်။
– Aplastic anaemia ကဲ့သို့သော အရိုးခြင်ဆီလုပ်ငန်းမလုပ်ဆောင်နိုင်သောကြောင့် ဖြစ်သော သွေးအားနည်းရောဂါတွင် အရိုးခြင်ဆီကို လှုံ့ဆော်သောဆေးဝါးများပေးခြင်းဖြင့် ကုသနိုင်ပါသည်။
Author : Dr. CK