ကလေးငယ်များ အာဟာရဓါတ်ပြည့်ဝစွာ ရရှိကြီးထွားနိုင်ရန် အစာခြေစနစ်ကောင်းမွန်ရန် မရှိမဖြစ် လိုအပ်ပါသည်။
အစာခြေစနစ် ကောင်းမွန်ပြည့်ဝစွာ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်ပါမှ စားသောက်လိုက်သော အာဟာရဓါတ်များကို ခန္ဓာကိုယ်မှ အပြည့်အဝ ရရှိအသုံးချနိုင်မည် ဖြစ်ပါသည်။
အစာခြေစနစ်၏ လုပ်ငန်းဆောင်တာများကို အထောက်အကူပြုသော အရာများစွာ ရှိသည့်အနက် Prebiotics များသည်လည်း တစ်ခု အပါအဝင်ဖြစ်ပါသည်။
Prebiotics ဆိုသည်မှာ ခန္ဓာကိုယ်အတွင်းရှိ အူလမ်းကြောင်းများတွင် နေထိုင်သည့် အကျိုးပြု ဘက်တီးရီးယားများ၏ ကြီးထွားပွားများမှုကို အထောက်အကူပေးသော အစာအာဟာရများကို ခေါ်ဆိုခြင်းဖြစ်ပါသည်။
ထိုသို့ Prebiotics များစွာရှိသည့်အနက် LcFOS ဟုခေါ်သည့် Long chain Fructo-oligosaccharides လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။
LcFOS များက ခန္ဓာကိုယ်တွင် အစာခြေဖျက်ခြင်း၊ အာဟာရဓါတ်များကို စုပ်ယူခြင်းများကို များစွာ အထောက်အကူပေးနိုင်သည့်အပြင် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါများကို သက်သာစေခြင်း၊ လေနာရောဂါများကို ကာကွယ်ပေးခြင်း စသည့် ကောင်းကျိုးများစွာကိုလည်း ပေးစွမ်းနိုင်ပါသည်။
ထို့အပြင် အူလမ်းကြောင်းအတွင်းရှိ ဘက်တီးရီးယားများသည် ခန္ဓာကိုယ်၏ ခုခံအားစနစ်များကိုလည်း တိုးတက်စေအောင် ကူညီပေးနိုင်သဖြင့် LcFOS များသည် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကိုလည်း တိုးတက်ကောင်းမွန်အောင် ကူညီပေးနိုင်ပါသည်။
ထို့အပြင် ကလေးများတွင် ပန်းနာရင်ကြပ်ရောဂါများကို သက်သာစေသည့်အပြင် အရေပြား ဓါတ်မတည့်ခြင်းရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါ။
LcFOS များကို ငှက်ပျောသီး၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျုံ၊ အစေ့အဆံများ၊ ပဲပိုးတီ၊ ကညွတ် စသည့်နေ့စဉ်စားသုံးနေသော အစားအစာများတွင် တွေ့ရှိရသကဲ့သို့ ဘာလီ၊ ချီကိုရီအမြစ်နှင့် ယာကွန်းဥတို့တွင်လည်း တွေ့ရှိရပါသည်။
အကယ်၍ ထိုအစားအစာများအား လုံလောက်အောင် ကျွေးမွေးရန် မဖြစ်နိုင်ပါက LcFOS ပါဝင်သော ဖြည့်စွက် အာဟာရများ၊ နို့မှုန့်များကိုလည်း တိုက်ကျွေးနိုင်ပါသည်။
ထို့ကြောင့် ကလေးများ၏ အစာခြေစနစ်ကို ကောင်းမွန်စေသော Prebiotics ဖြစ်သည့် LcFOS များကို ပြည့်ဝအောင် ကျွေးမွေးခြင်းအားဖြင့် အာဟာရပြည့်ဝသော ကလေးများဖြစ်အောင် ကြိုးပမ်းပြုစု ပျိုးထောင်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။
Author : Dr. သန့်