ကလေးများအတွက် အာဟာရဓာတ်သည် အလွန်အရေးပါသော ဓာတ်တစ်မျိုးဖြစ်ပါသည်။
ဘဝတစ်လျှောက်လုံး ကျန်းမာစွာ၊ ဉာဏ်ရည်မြင့်မားစွာ ဆက်လက် ရပ်တည် ရှင်သန်နိုင်ရန်အတွက် ငယ်စဉ်ကလေးဘဝတွင် အာဟာရဓာတ်များ လုံလောက်ပြည့်ဝစွာ ရရှိနိုင်ရန် အလွန်အရေးကြီးပါသည်။
ထိုသို့ ပြည့်ဝမှသာ ခန္ဓာကိုယ်၏ စနစ်များအားလုံး ညီညွတ်မျှတ၍ ကောင်းစွာဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပါသည်။
အာဟာရဓာတ်ဟုဆိုလိုက်လျှင် ကလေးများအား လုံလောက်မျှတအောင် ကျွေမွေးရမည့် အာဟာရဓာတ် ၇ မျိုးရှိပါသည်။ ၎င်းတို့မှာ ကာဗွန်ဟိုက်ဒရိုတ် ဟုခေါ်သည့် ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ ဗီတာမင်ဟုခေါ်သည့် သက်စောင့်ဓာတ်၊ သတ္တုဓာတ်၊ အမျှင်ဓာတ် နှင့် ရေဓာတ်တို့ဖြစ်ကြပါသည်။
ထိုအာဟာရဓာတ်များအားလုံးကို ကလေးများအား အချိုးအစား မှန်ကန်မျှတစွာ ကျွေးမွေးခြင်းဖြင့် ကြီးထွားဖွံ့ဖြိုးလျက်ရှိသော ကလေးများ၏ ခန္ဓာကိုယ်စနစ်များအားလုံး ကောင်းမွန်မှန်ကန်စွာ တိုးတက်လာမည် ဖြစ်ပါသည်။
ထိုအာဟာရဓာတ်များအားလုံးကို စုံလင်အောင် ကျွေးမွေးရန် အရေးကြီးသကဲ့သို့ နောက်ထပ်အရေးကြီးသည့် ကိစ္စရပ်တစ်ခုရှိပါသေးသည်။
ထိုကိစ္စမှာ ထိုသို့ကျွေးမွေးလိုက်သော အာဟာရဓာတ်များကို ကောင်းမွန်စွာခြေဖျက်၍ ခြေဖျက်ပြီးသော အာဟာရဓာတ်များကိုလည်း ပြည့်ဝကုန်စင်အောင် စုပ်ယူရန် ဖြစ်ပါသည်။
သို့မှသာ အာဟာရဓာတ်စုံလင်အောင် စီစဉ်၍ ကျွေးမွေးလိုက်သော အစားအစာများ၏ အကျိုးကျေးဇူးများကို အပြည့်အဝ ရရှိနိုင်မည်ဖြစ်ပါသည်။
ထိုသို့ကျွေးမွေးလိုက်သော အာဟာရဓာတ်များအား ကောင်းမွန်စွာ ခြေဖျက်စုပ်ယူနိုင်ရန်အတွက် အစာခြေစနစ်၏ လုပ်ငန်းဆောင်တာများ ထိရောက်ကောင်းမွန်ရန် လိုအပ်ပါသည်။
အစာခြေစနစ်၏ လုပ်ငန်းများ ကောင်းမွန်စွာလုပ်ဆောင်နိုင်ရန်အတွက် လွှမ်းမိုးသော အချက်များစွာရှိသည့်အနက် အူလမ်းကြောင်းအတွင်း နေထိုင်ကြသော ဘက်တီးရီးယားများသည်လည်း အရေးပါသည့် အခန်းကဏ္ဍတစ်ခုမှ ပါဝင်နေပါသည်။
အူလမ်းကြောင်းအတွင်းတွင် ဘက်တီးရီးယားအရေအတွက် သန်းနှင့် ချီရှိသည့် အနက် အများစုမှာ ခန္ဓာကိုယ်ကို အကျိုးပြုသော မိတ်ဆွေဘက်တီးရီးယားများဖြစ်ကြပါသည်။
ထိုခန္ဓာကိုယ် အကျိုးပြု မိတ်ဆွေ ဘက်တီးရီးယားများသည် ခန္ဓာကိုယ်တွင် အစာခြေခြင်းနှင့် အာဟာရဓာတ် စုပ်ယူခြင်းများကို များစွာ ကူညီပေးပါသည်။
ထို့ကြောင့် ထိုအကျိုးပြု ဘက်တီးရီးယားများ အရေအတွက် ပိုမိုများပြား၍ ၎င်းတို့၏ လုပ်ဆောင်ချက်များ တိုးတက်လာစေရန် အားပေးကူညီသင့်ပါသည်။
ထိုကဲ့သို့ အကျိုးပြု ဘက်တီးရီးယားများ၏ လုပ်ငန်းဆောင်တာများကို အားပေးကူညီနိုင်သော အစားအစာများရှိပါသည်။ ထိုအစားအစာများကို Prebiotics ဟုခေါ်ပါသည်။
Prebiotics အများအပြားရှိသည့်အနက် LcFOS သည်လည်းတစ်ခုအပါအဝင်ဖြစ်ပါသည်။
LcFOS သည် ကလေးများစားသုံးလိုက်သော အစားအစာများကို ကုန်စင်အောင် ခြေဖျက်နိုင်စေရန် ကူညီပေးသည့်အပြင် ထိုအစားအစာများမှရရှိသော အာဟာရဓာတ်များကိုလည်း ပြည့်ပြည့်ဝဝ စုပ်ယူနိုင်စေရန် အတွက် အားပေးကူညီပေးပါသည်။
ထို့ကြောင့် ကလေးများ ကြီးထွားဖွံ့ဖြိုးနေစဉ်အတွင်း ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရဓာတ်များအားလုံးကို ပြည့်ဝစွာရရှိနိုင်စေရန် သေချာစေပါသည်။
ထို့အပြင် LcFOS သည် ဝမ်းချုပ်ခြင်းမဖြစ်စေရန်လည်း တားဆီးကာကွယ်ပေးနိုင်ပါသည်။
ကလေးအများစု ကြုံရလေ့ရှိသည့် ဝမ်းချုပ်ခြင်းပြဿနာသည် အခြေအနေဆိုးရွားလာပါက အစာစားချင်စိတ်လျော့နည်းစေရန် လုပ်ဆောင်ပေးနိုင်ပါသည်။
ထိုသို့ အစာစားချင်စိတ်လျော့နည်းလာသောအခါ အစားအစာများကို ကျွေးမွေးရခက်ခဲသည့် ပြဿနာများ ဖြစ်ပေါ်လာတတ်ကာ ကလေးများလိုအပ်သော အစားအစာများကို ပြည့်ဝစွာ ရရှိနိုင်စေဖို့ ခက်ခဲလာတတ်ပါသည်။
ထို့ကြောင့် ဝမ်းချုပ်ခြင်းမဖြစ်စေဘဲ ဝမ်းသွားခြင်းကို မှန်ကန်နေစေခြင်းအားဖြင့် LcFOS သည် ကလေးများ၏ အစာခြေစနစ်၏ ကျန်းမာသန်စွမ်းရေးကို အထောက်အကူပြုနိုင်ပါသည်။
ထို့အပြင် LcFOS သည် လေထိုးလေအောင့်ခြင်း၊ လေပွခြင်းများကို တားဆီးကာကွယ်ပေးသည့်အပြင် ကလေးများ တစ်ခါတစ်ရံကြုံတွေ့ရသည့် ဝမ်းလျှောခြင်းပြဿနာများကိုလည်း မဖြစ်စေရန် ကာကွယ်ပေးပါသည်။
ထို့ကြောင့် LcFOS သည် အစာခြေစနစ်နှင့် အူလမ်းကြောင်း၏လုပ်ငန်းဆောင်တာများကို အကောင်းမွန်ဆုံးတိုးတက်စေရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ကူညီပေးပါသည်။
LcFOS ပါဝင်သော အစားအစာများကို အာလူး၊ ငှက်ပျောသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကညွတ်၊ ယာကွမ်းဥ စသည့်အစားအစာများတွင် တွေ့ရှိရသကဲ့သို့ LcFOS ပါဝင်သော ဖော်မြူလာဖြင့် ထုတ်လုပ်ထားသည့် နို့မှုန့်များကိုလည်း ဈေးကွက်အတွင်းတွင် ဝယ်ယူရရှိနိုင်ပါသည်။
ထို့ကြောင့် ကလေးများအား အာဟာရဓာတ်ပြည့်ဝစေရန်အတွက် အာဟာရဓာတ်ပြည့်ဝသော အစားအစာများကို ကျွေးမွေးရုံသာမက ကျွေးမွေးလိုက်သော အစားအစာများကို ကုန်စင်အောင် ခြေဖျက်စုပ်ယူနိုင်သည့် အစားအစာများကိုလည်း ပူးတွဲကျွေးမွေး သင့်ကြောင်း အကြံပြုလိုက်ရပါသည်။