သံဓါတ်ခေါ် အိုင်းရွန်း Iron ဓါတ်သည် လူ့ခန္ဓာကိုယ်အတွက် အရေးကြီးသည့် သွေးနီဥသွေးဆဲလ် ထုတ်လုပ်မှုကို လုပ်ဆောင်ပေးသော သတ္တုဓါတ်ဖြစ်သည်။
ကျန်းမာသောလူ့ခန္ဓာကိုယ်သည် သွေးတွင်းသံဓါတ်လွန်ကဲမှုမရှိအောင် အစာအိမ်အူလမ်းကြောင်းမှ သံဓါတ်စုပ်ယူမှုကို အလိုအလျောက်ထိန်းပေးပါသည်။
သို့သော် သံဓာတ်လွန်ကဲသူများ। သံဓါတ်များရောဂါရှိသူများ। သာလာဆီးမီးယား သွေးရောဂါလူနာအချို့တို့တွင် ခန္ဓာကိုယ်မှသံဓါတ်စုပ်ယူမှု ပိုများသောဖြစ်စဥ်ကို တွေ့ရတတ်ပါသည်။
ထို့နောက်စုပ်ယူထားသောသံဓါတ်များကို အသည်း। နှလုံး। မုန့်ချိုအိတ်နှင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ရောက်ရှိစေပြီး ပျက်စီးမှုများ ဖြစ်စေတတ်သည်။
ထို့ကြောင့်သံဓာတ်လွန်ကဲသူများတွင် ခန္ဓာကိုယ်တွင်း သံဓါတ်မြင့်တက်မှုမရှိအောင် အထူးဂရုပြုရပါသည်။ သံဓါတ်ပါဝင်သော ဗီတာမင်နှင့်သတ္တုဓါတ် အားဆေးများ। သံဓါတ်အားဆေးများ। သံဓါတ်စုပ်ယူမှုများစေသည့် ဗီတာမင်စီဆေးများကို ဆရာဝန်ညွှန်ကြားချက်နှင့်သာ သောက်သုံးသင့်သည်။
သံဓါတ်ပါ၀င်မှုများပြီး အစာလမ်းကြောင်းမှ လွယ်ကူစွာစုပ်ယူနိုင်သော အစားအစာများဖြစ်သည့် အနီရောင်အသား၊ ကြက်အသည်း၊ ဝက်အသည်း၊ အမဲအသည်း၊ ငါး နှင့် ဘဲသွေး (သွေးခဲ) စသည့် တိရိစ္ဆာန်ထွက် အစားအစာများကို ရှောင်ကြဥ်သင့်သည်။
အစိမ်းရင့်ရောင် ဟင်းရွက်များဖြစ်သည့် ဟင်းနုနွယ်၊ မုန်ညင်း၊ ကန်စွန်းရွက်၊ ချဉ်ပေါင်၊ ကညွတ်၊ ဂေါ်ဖီစိမ်း၊ ပဲသီး၊ မြင်းခွာ၊ ကိုက်လန်၊ ပဲအမျိူးမျိုးတို့သည်လည်း သံဓါတ်ပါ၀င်မှုများသော အစားအစာများဖြစ်ပါသည်။ အသီးများအနက် ဆီးသီး। ဘယ်ရီသီးနှင့် သံလွင်သီးတို့သည် သံဓါတ်ပါဝင်မှုများသော အသီးများဖြစ်ပါသည်။
အထူးသဖြင့် တိရိစ္ဆာန်ထွက်အသားများသည် heme iron ခေါ် သံဓါတ်ပါဝင်သဖြင့် အစာလမ်းကြောင်းမှ စုပ်ယူနိုင်မှုမှာ အသီးအရွက် nonheme iron သံဓါတ်ထက် ၃-၄ ဆခန့် ပိုများသဖြင့် အထူးဂရုပြုသင့်ပါသည်။
သံဓါတ် ထပ်ထည့်ပြုပြင်ထားသည့် oat အုတ်। အသီးခြောက်। အစေ့အဆန်စသည့် အစားအစာများ (Fortified Food) ကိုလည်း ရှောင်ကြဥ်သင့်သည်။
ဗိုက်တာမင်စီသည် သံဓါတ်စုပ်ယူမှု အားကောင်းစေသည့် အစွမ်းရှိသဖြင့် သံဓါတ်လွန်ကဲသူများတွင် အဆိပ်အတောက်ဖြစ်စေတတ်သည်။ သံပုရာသီး၊ လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ ငရုတ်ပွ အနီ၊ ကင်ပွန်းချဉ်ရွက်। ချဉ်ပေါင်ရွက် စသောဗီတာမင်စီကြွယ်ဝသော အစားအစာများ। ဆေးများကို လိုအပ်သောပမာဏထက် ပိုစားသုံးခြင်း ရှောင်ကြဥ်ရပါမည်။
အထက်ပါဆောင်းပါးလေးမှာ ဖော်ပြထားတဲ့ အစားအသောက်တွေကိုဖတ်ပြီး သံဓာတ်လွန်ကဲသူများအနေနဲ့ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်သင့်သလဲဆိုတာ သိရှိနိုင်အောင်ရည်ရွယ်ပြီး OnDoctor မှ မျှဝေပေးလိုက်ပါတယ်ရှင့်။