သွေးနီဥများတွင် ပါဝင်သော ဟေမိုဂလိုဘင်ဓာတ်များသည် အဆုတ်များမှနေ၍ အောက်ဆီဂျင်ကို ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးသို့ သယ်ယူပို့ဆောင်သည့် လုပ်ငန်းကို လုပ်ဆောင်ပေးပါသည်။
သံဓာတ်သည် ၎င်းဟေမိုဂလိုဘင်ဓာတ်များတွင် ပါဝင်သော သတ္တုဓာတ်တစ်မျိုးဖြစ်သောကြောင့် ခန္ဓာကိုယ်ကျန်းမာရေးလုပ်ငန်းများစွာအတွက် မရှိမဖြစ်အရေးပါသော အာဟာရဓာတ်တစ်မျိုးဖြစ် ကြောင်းတွေ့ရှိရပါသည်။
သံဓာတ်၏ ခန္ဓာကိုယ်အတွက် အကျိုးပြုသော ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ
သံဓာတ်၏ ခန္ဓာကိုယ်အတွက် အကျိုးပြုသော ကျန်းမာရေးဆိုင်ရာကောင်းကျိုးများမှာ
– သွေးအားနည်းရောဂါကိုကာကွယ်ကုသပေးခြင်း
– မောပန်းနုံးချိခြင်းကို လျော့နည်းစေခြင်း
– ကြွက်သားများကို သန်မာစေခြင်း
– ခုခံအားစနစ်ကိုတိုးတက်စေခြင်း
– အာရုံစူးစိုက်မှု ကောင်းမွန်စေခြင်း
– အရေပြားတွင် သွေးခြည်ဥခြင်းမှ လျော့နည်းသက်သာစေခြင်း
– နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းကို အားပေးခြင်း စသည့်ကောင်းကျိုးများကို ပေးစွမ်းနိုင်ပါသည်။
သံဓာတ်ချို့တဲ့သောအခါ တွေ့ရသော ရောဂါလက္ခဏာများ
သံဓာတ်ချို့တဲ့သောအခါ အောက်ပါရောဂါလက္ခဏာများကို တွေ့ရှိရပါသည်။
– မောပန်းလွယ်ခြင်း
– အားနည်းသည်ဟု ခံစားရခြင်း
– အသားအရေဖြူဖျော့နေခြင်း
– ရင်တုန်ခြင်း
– လျှာနှင့်ပါးစပ်တွင် အနာဖြစ်ခြင်း ၊ ရောင်ရမ်းခြင်း
– အရေပြားခြောက်သွေ့ခြင်း
– ဆံပင်များခြောက်သွေ့၍ ကျွတ်လွယ်ခြင်း
– လက်သည်းများကျွတ်ဆတ်၍ ကျိုးလွယ်ခြင်း စသည့် ရောဂါလက္ခဏာများကို တွေ့ရှိရပါသည်။
သံဓာတ်ချို့တဲ့ခြင်းဖြစ်ရသည့် အကြောင်းရင်းများ
အောက်ပါအကြောင်းရင်းများသည် သံဓာတ်ချို့တဲ့ခြင်းဖြစ်ရသည့် အကြောင်းရင်းများ ဖြစ်ကြပါသည်။
– ခန္ဓာကိုယ်မှ သွေးဆုံးရှုံးခြင်း။
သံဓာတ်သည် သွေးနီဥများရှိဟေမိုဂလိုဘင်ဓာတ်များတွင် အဓိကပါဝင်သော သတ္တုဓာတ်ဖြစ်သောကြောင့် ခန္ဓာကိုယ်မှ သွေးဆုံးရှုံးသည့်အခြေအနေများတွင် သံဓာတ်ချို့တဲ့ခြင်း ဖြစ်လာနိုင်ကြောင်း တွေ့ရှိရပါသည်။
– စားသုံးသော အစားအစာများတွင် သံဓာတ်ပါဝင်မှုမလုံလောက်ခြင်း။
အစားအစာများတွင် သံဓာတ်ပါဝင်မှုနည်းပါးခြင်း သို့မဟုတ် ပါဝင်မှုမရှိခြင်းတို့ကြောင့်လည်း သံဓာတ်ချို့တဲ့ခြင်း ဖြစ်လာနိုင်ပါသည်။
ထို့ကြောင့် အောက်ပါသံဓာတ်ကြွယ်၀သော အစားအစာများကို စားသုံးခြင်းဖြင့် သံဓာတ်ချို့တဲ့ ခြင်းမှကာကွယ်နိုင်ပါသည်။
– ကြက်ဥဘဲဥများ
– အမဲသား
– ကြက်အသည်း၊ ဘဲအသည်း၊ ဝက်အသည်း ၊ ဆိတ်အသည်း
– ပင်လယ်စာ
– ဟင်းနုနွယ်
– ကန်စွန်းရွက်
– ဘရိုကိုလီ စသော အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ
– ပဲအမျိုးမျိုး
– တိုဖူး
– ဗာဒံသီး
– သီဟိုဠ်စေ့
– နေကြာစေ့
– အခွံမာသီးများ
– မြေပဲ
– ခရမ်းချဉ်သီး
– အာလူး
– မှို
– သံလွင်သီး
– ဘယ်ရီသီး
– အုန်းနို့
– ချောကလက်အမည်း စသည့်အစားအစာများဖြစ်ကြပါသည်။
သံဓာတ်စုပ်ယူမှုကို တားဆီးနိုင်သောအကြောင်းရင်းအချက်များ။
အစာအာဟာရများတွင် သံဓာတ်လုံလောက်စွာပါရှိသော်လည်း သံဓာတ်စုပ်ယူရာတွင် နှောင့်နှေးစေနိုင်သော အကြောင်းရင်းအချို့ကြောင့်လည်း သံဓာတ်ချို့တဲ့နိုင်ပါသည်။
( Celiac Disease ) ဟုခေါ်သော အူလမ်းကြောင်းရောဂါရှိသောသူများ နှင့် အူလမ်းကြောင်းဆိုင်ရာ ခွဲစိတ်မှုအချို့ကြောင့် သံဓာတ်စုပ်ယူခြင်းကိုထိခိုက်ပြီး သံဓာတ်ချို့တဲ့ခြင်း အကြောင်းရင်း ဖြစ်လာပါသည်။
ထို့ပြင် အချို့သော အစားအစာများသည်လည်း သံဓာတ်စုပ်ယူခြင်းကို လျော့နည်းစေနိုင်သဖြင့် သံဓာတ်ချို့တဲ့ခြင်းမှ ကာကွယ်ရန် ၎င်းအစားအစာများကို သံဓာတ်ပြည့်၀သော အစားအစာများနှင့်တွဲ၍ စားခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။
သံဓာတ်စုပ်ယူခြင်းကို လျော့နည်းစေနိုင်သော အစားအစာများ
အောက်ပါတို့သည် သံဓာတ်စုပ်ယူခြင်းကို လျော့နည်းစေနိုင်သော အစားအစာများ ဖြစ်ကြပါသည်။
– ကြက်ဥဘဲဥအနှစ်
ကြက်ဥဘဲဥအနှစ်သည် သံဓာတ်စုပ်ယူခြင်းကို တားဆီးနိုင်သော အစားအစာတစ်မျိုး ဖြစ်ပါသည်။
ကြက်ဥဘဲဥများ၏အနှစ်တွင် ပါဝင်သော Phosvitin ဟုခေါ်သော ပရိုတင်းဒြပ်ပေါင်းသည် သံဓာတ်မော်လီကျူးများနှင့် ပူးပေါင်းပြီး အစားအစာများမှ သံဓာတ်အား စုပ်ယူခြင်းကို တားဆီးကြောင်း လေ့လာချက်များအရတွေ့ရှိရပါသည်။
– ကယ်လ်ဆီယမ်ကြွယ်၀သော အစားအစာများ။
နို့တွင် ပေါများစွာပါဝင်သော ကယ်လ်ဆီယမ်ဓာတ်သည် သံဓာတ်စုပ်ယူခြင်းကို လျော့နည်းစေသော အာဟာရသတ္တုဓာတ်တစ်မျိုးဖြစ်ပါသည်။
ကယ်လ်ဆီယမ်ပေါကြွယ်၀စွာ ပါဝင်သော အစားအစာများမှာ
– ဒိန်ချဉ်
– ချိစ်
– ဆာဒင်းငါး
– ဆယ်လ်မွန်ငါး
– နို့ စသည့်အစားအစာများ ဖြစ်ကြပါသည်။
– Polyphenol ကြွယ်၀သော အစားအစာများ။
Polyphenol သို့မဟုတ် phenolic acid ဒြပ်ပေါင်းသည် သံဓာတ်စုပ်ယူမှုကို ဟန့်တားသော အစားအစာတစ်မျိုးဖြစ်ကြောင်း လေ့လာချက်များအရ တွေ့ရှိရပါသည်။
ထို့ကြောင့် ၎င်းဓာတ်ပေါကြွယ်၀သော အစားအစာများကို သံဓာတ်ကြွယ်၀သော အစားအစာများနှင့် တွဲ၍ မစားသုံးသင့်ပါ။
ကော်ဖီ၊ လက်ဖက် ၊ ပန်းသီး ၊ ငရုတ်ကောင်း နှင့် အချို့သော ဆေးဖက်ဝင်သဘာ၀ လက်ဖက်ခြောက်ရည်များတွင် Polyphenol ဓာတ်များပါဝင်ကြောင်းတွေ့ရှိရပါသည်။
– Phytate ကြွယ်၀သော အစားအစာများ။
Phytate ကြွယ်၀သော အစားအစာများသည် သံဓာတ်စုပ်ယူခြင်းကို ၅၀ မှ ၆၅ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။
၎င်းဓာတ်များသည် ဗာဒံသီး၊ ပဲနီလေးနှင့် နှံစားသီးနှံများတွင် ပါဝင်ကြောင်းတွေ့ရှိရပါသည်။
အထက်တွင်ဖော်ပြခဲ့သော သံဓါတ်စုပ်ယူခြင်းကို လျော့နည်းစေနိုင်သော အစားအစာများကို သတိပြုစားသောက်ခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သော သံဓါတ်များကို လုံလောက်စွာရရှိရန် လုပ်ဆောင်နိုင်ပါသည်။