ခန္ဓာကိုယ်ကျန်းမာရေးအတွက် အကျိုးပြုသော အာဟာရဓာတ်များစွာရှိသည့်အနက် သံဓာတ်သည်လည်း မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်တစ်မျိုးတွင် ပါဝင်ကြောင်း လေ့လာတွေ့ရှိရပါသည်။
သွေးနီဥများတွင် ပါဝင်သော ပရိုတင်းဓာတ်တစ်မျိုးဖြစ်သည့် ဟေမိုဂလိုဘင်ဒြပ်ပေါင်းသည်
အောက်ဆီဂျင်ကို ခန္ဓာကိုယ်ရှိအစိတ်အပိုင်းအသီးသီးသို့ သယ်ယူပို့ဆောင်ပေးသောလုပ်ငန်းအား လုပ်ဆောင်ပေးပါသည်။
သံဓာတ်သည် ၎င်းဟေမိုဂလိုဘင်ဓာတ်များတွင် ပါဝင်သော အာဟာရဓာတ်တစ်မျိုး ဖြစ်သောကြောင့် သံဓာတ်ချို့တဲ့သောသူများသည် အောက်ဆီဂျင်ကို လုံလောက်စွာမရရှိသည့်အတွက် နောက်ဆက်တွဲရောဂါဆိုးကျိုးများစွာကို ခံစားရနိုင်ကြောင်း တွေ့ရှိရပါသည်။
သံဓာတ်၏ ခန္ဓာကိုယ် ကျန်းမာရေးလုပ်ငန်းများအတွက် အကျိုးပြုသော လုပ်ငန်းများ
အောက်ပါတို့သည် သံဓာတ်၏ ခန္ဓာကိုယ်ကျန်းမာရေးလုပ်ငန်းများအတွက် အကျိုးပြုသော လုပ်ငန်းများဖြစ်ကြပါသည်။
– ဟေမိုဂလိုဘင်ဓာတ်များက အောက်ဆီဂျင်ကို ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးသို့ သယ်ယူပို့ဆောင်သည့် လုပ်ငန်းတွင် ကူညီဆောင်ရွက်ပေးခြင်း
– သွေးတွင်းသကြားဓာတ်များကို စွမ်းအင် အဖြစ်သို့ ပြောင်းလဲပေးခြင်း
– ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို ကောင်းမွန်စေခြင်း
– ဦးနှောက်မှတ်ဉာဏ်ပိုင်းဆိုင်ရာလုပ်ငန်းကို ကူညီထောက်ပံ့ပေးခြင်း
– အရေပြား ၊ လက်သည်းနှင့် ဆံပင်ပိုင်းဆိုင်ရာ ကျန်းမာရေးတွင် အထောက်အပံ့ပေးခြင်းစသည့် ကျန်းမာရေးအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ပေးကြောင်းတွေ့ရှိရပါသည်။
သံဓာတ်ချို့တဲ့ခြင်း တွေ့ရသော ရောဂါလက္ခဏာများ
သံဓာတ်ချို့တဲ့လျှင် အောက်ပါ ရောဂါလက္ခဏာများကို တွေ့ရှိရပါသည်။
– ပုံမှန်ထက်ပို၍ မောပန်းနွမ်းနယ်နေခြင်း
– အားနည်းနေသကဲ့သို့ ခံစားရခြင်း
– မျက်နှာအရေပြား ၊ နှုတ်ခမ်းနှင့် အောက်မျက်ခွံတို့ ဖြူဖျော့နေခြင်း
– နှလုံးတုန်၊ ရင်တုန်ဖြစ်ခြင်း
– ခေါင်းကိုက်ခြင်း
– ခေါင်းမူးခြင်း
– ပါးစပ်နှင့်လျှာ ရောင်ရမ်းနာကျင်ခြင်း
– ပါးစပ်တွင် အက်ကွဲနာများဖြစ်ခြင်း
– ဆံပင်များခြောက်သွေ့၍ ကျွတ်လွယ်ခြင်း
– လက်သည်းများကျွတ်ဆတ်၍ ကျိုးလွယ်ခြင်း စသည့်ရောဂါလက္ခဏာများကို တွေ့ရှိနိုင်ပါသည်။
သံဓာတ်ကြွယ်၀သော အစားအစာများ
သံဓာတ်ချို့တဲ့ခြင်းမှ ကာကွယ်ရန် အောက်ပါ သံဓာတ်ကြွယ်၀သောအစားအစာများကို စားသုံးသင့်ပါသည်။
– ကြက်အသည်း ၊ ဝက်အသည်း ၊ ဆိတ်အသည်း
– အမဲသား
– ငါး
– ပဲအမျိုးမျိုး
– အခွံမာသီးများ
– သစ်သီးခြောက်များ
– နှံစားသီးနှံများ
– ကန်စွန်းရွက်၊ ဟင်းနုနွယ်၊ ဘရိုကိုလီ စသော အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များ
– တိုဖူး
– ချောကလက်အမည်း စသည့် သံဓာတ်ကြွယ်၀သော အစားအစာများကို စားသုံးခြင်းဖြင့် သံဓာတ်ချို့တဲ့ခြင်းရောဂါကို ကာကွယ်နိုင်ကြောင်း တွေ့ရှိရပါသည်။
သို့သော် သံဓာတ်ကြွယ်၀သော အစားအစာများကို စားသုံးသော်လည်း စားသုံးလိုက်သည့် သံဓာတ်များကို ခန္ဓာကိုယ်မှ ကောင်းစွာစုပ်ယူနိုင်ရန်လည်း လိုအပ်ကြောင်းတွေ့ရှိရပါသည်။
သို့မှသာ သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါမှ ကောင်းစွာ ကာကွယ်နိုင်မည်ဖြစ်ပါသည်။
သံဓာတ်ကို ခန္ဓာကိုယ်မှ ကောင်းစွာစုပ်ယူနိုင်ရန် အားပေးသော အစားအစာများ
အောက်ပါအစားအစာများသည် သံဓာတ်များကို ခန္ဓာကိုယ်မှ ကောင်းစွာစုပ်ယူနိုင်ရန် အားပေးသော အစားအစာများ ဖြစ်ကြပါသည်။
( ၁ ) ချဉ်သော သစ်သီးများ။
ချဉ်သော သစ်သီးများဖြစ်သော
- လိမ္မော်သီး
- သံပုရာသီး
- သံပယိုသီး
- စပျစ်သီး
- ကီဝီသီး
- စတော်ဘယ်ရီသီး စသော သစ်သီးအမျိုးမျိုးတွင် Vitamin C ဓာတ်များ ပေါကြွယ်၀စွာ ပါဝင်ကြောင်း တွေ့ရှိရပါသည်။
Vitamin C သည် သံဓာတ်များကို ကောင်းစွာစုပ်ယူနိုင်ရန် အားပေးနိုင်သော ဗီတာမင်ဓာတ်ဖြစ်သောကြောင့် သံဓာတ်ပြည့်၀စွာပါဝင်သည့် အစားအစာများကို အထက်ပါ အချဉ်ဓာတ်ပါဝင်သော သစ်သီးများနှင့် တွဲဖက်၍ စားသုံးသင့်ပါသည်။
( ၂ ) Vitamin C ကြွယ်၀သော ဟင်းသီးဟင်းရွက်များ။
ဗီတာမင် စီ ကြွယ်၀စွာ ပါဝင်သော အစားအစာများအနက်တစ်ခုမှာ ငရုတ်ပွသီး ဖြစ်ပါသည်။
ငရုတ်ပွတစ်လုံးတွင် ဗီတာမင်စီ ၉၅ မီလီဂရမ် ခန့်ပါဝင်ကြောင်း တွေ့ရှိရပါသည်။
အခြား Vitamin C ပေါများစွာပါဝင်သော အစားအစာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
– ခရမ်းချဉ်သီး
– ခရမ်းချဉ်သီး ဖျော်ရည်
– ဘရိုကိုလီ
– ဂေါ်ဖီပန်းပွင့်
– ငရုတ်သီးစိမ်း
– ဂေါ်ဖီထုပ်
– အာလူး စသည့် ဟင်းသီးဟင်းရွက်များကို သံဓာတ်ကြွယ်၀သော အစားအစာများဖြင့် တွဲ၍ စားသုံးခြင်းဖြင့် သံဓာတ်ချို့တဲ့ခြင်းကို ကာကွယ်နိုင်ကြောင်း အကြံပြုလိုပါသည်။