ကလေးများတွင် အဖြစ်များသော ရောဂါပြဿနာများတွင် သွေးအားနည်းရောဂါသည် တစ်ခုအပါအဝင်ဖြစ်ကြောင်း တွေ့ရှိရပါသည်။
သွေးထဲတွင် သွေးနီဥများ သို့မဟုတ် ဟေမိုဂလိုဘင် အရေအတွက် ပုံမှန်ထက်လျော့နည်းနေခြင်း အခြေအနေကို သွေးအားနည်းရောဂါဟု သတ်မှတ်ပါသည်။
သားသားမီးမီးတို့တွင် အဖြစ်များသော သွေးအားနည်းရောဂါကို အောက်ပါအတိုင်း အမျိုးအစားများ ခွဲခြားနိုင်ပါသည်။
– သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါ ။
သံဓာတ်သည် သွေးနီဥများတွင် ရှိသော ဟေမိုဂလိုဘင်ဒြပ်ပေါင်းများ ဖွဲ့စည်းခြင်းဖြစ်စဉ်တွင် အဓိကလိုအပ်သော အာဟာရဓာတ်တစ်မျိုး ဖြစ်ပါသည်။
ထို့ကြောင့် သွေးထဲတွင် သံဓာတ်ချို့တဲ့သည့်အခါမျိုးတွင် သွေးအားနည်းရောဂါကို ဖြစ်ပေါ်ခံစားရခြင်း ဖြစ်ပါသည်။ ၎င်းသည် သားသားမီးမီးတို့တွင် အဖြစ်များဆုံးသော သွေးအားနည်းရောဂါ အမျိုးအစားဖြစ်ကြောင်း တွေ့ရှိရပါသည်။
– Folic acid or vitamin B-12 ချို့တဲ့ခြင်းကြောင့် ဖြစ်သော သွေးအားနည်းရောဂါ။
Folic acid သို့မဟုတ် Vitamin B -12 ဓာတ်များချို့တဲ့ခြင်းကြောင့် ဖြစ်သည့် သွေးအားနည်းရောဂါ အမျိုးအစားတွင် သွေးနီဥအရွယ်အစားသည် ပုံမှန်ထက်ပို၍ ကြီးနေကြောင်း တွေ့ရှိရပါသည်။
– သွေးနီဥများ ပြိုကွဲခြင်းကြောင့် ဖြစ်သော သွေးအားနည်းရောဂါ။
အလွန်ဆိုးရွားသော ရောဂါပိုးကူးစက်ခံရခြင်း သို့မဟုတ် အချို့သော ဆေးဝါးများကြောင့် သွေးနီဥများ ပြိုကွဲခြင်းဖြစ်စေပြီး သွေးအားနည်းရောဂါ ဖြစ်နိုင်ကြောင်း တွေ့ရှိရပါသည်။
– Sickle cell anemia
မျိုးရိုးလိုက်သော သွေးအားနည်းရောဂါ အမျိုးအစားတစ်မျိုးဖြစ်ပြီး သွေးနီဥများပုံမှန်မဟုတ် သောကြောင့်ဖြစ်သော ရောဂါအမျိုးအစားဖြစ်ပါသည်။
– Cooley’s anemia (thalassemia).
ကလေးများတွင်တွေ့ရှိရသော မျိုးရိုးလိုက်သည့် သွေးအားနည်းရောဂါအမျိုးအစားတစ်မျိုးဖြစ်ပြီး သွေးနီဥပုံမှန်မဟုတ်ခြင်း လက္ခဏာများကို တွေ့ရှိနိုင်ပါသည်။
–Aplastic anaemia
ရိုးတွင်းခြင်ဆီလုပ်ငန်းအားနည်းခြင်းကြောင့် သွေးအတွင်းတွင်ရှိသော သွေးနီဥများ ၊ သွေးဖြူဥများနှင့် သွေးဆဲလ်မွှားများ မထုတ်လုပ်နိုင်သည့်အတွက်ကြောင့်ဖြစ်သော သွေးအားနည်း ရောဂါအမျိုးအစား ဖြစ်ပါသည်။
သံဓာတ်သည် သွေးနီဥများအတွင်းရှိ ဟေမိုဂလိုဘင်ဓာတ်များ ဖြစ်ပေါ်ဖွဲ့စည်းခြင်းတွင် မရှိမဖြစ်လိုအပ်သော အာဟာရတစ်မျိုးဖြစ်ပါသည်။
ဟေမိုဂလိုဘင်ဓာတ်များသည် သွေးတွင်းရှိ အောက်ဆီဂျင်ကို ခန္ဓာကိုယ် အစိတ်အပိုင်းများဆီသို့ သယ်ယူပို့ဆောင်ပေးသော လုပ်ငန်းကို လုပ်ဆောင်ပါသည်။
ထို့ကြောင့် သံဓာတ်သည် အောက်ဆီဂျင်ကို ပို့ဆောင်ပေးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း တွေ့ရှိရပါသည်။
အောက်ပါတို့သည် သံဓာတ်၏ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အကျိုးပြုသော လုပ်ငန်းများ ဖြစ်ကြပါသည်။
– သွေးတွင်းရှိ အောက်ဆီဂျင်ကို ခန္ဓာကိုယ် အစိတ်အပိုင်းများဆီသို့ ပို့ဆောင်ပေးခြင်း
– ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို အားပေးကူညီခြင်း
– ကြွက်သားလုပ်ငန်းများကို အထောက်အပံ့ပေးခြင်း
– သွေးအားနည်းရောဂါကို ကာကွယ်ကုသခြင်း
– ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေခြင်း
– ဆံပင် ၊ လက်သည်းနှင့် အရေပြားကျန်းမာရေးကို ကောင်းမွန်စေခြင်း
– နာတာရှည်ရောဂါအချို့ကို ခုခံတိုက်ခိုက်ပေးခြင်း စသည့် ကောင်းကျိုးများကို တွေ့ရှိရပါသည်။
ရောဂါ လက္ခဏာများ
အောက်ပါတို့သည် သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါခံစားနေရသည့် ကလေးများတွင် တွေ့ရှိရသော ရောဂါ လက္ခဏာများ ဖြစ်ကြပါသည်။
– ပုံမှန်ထက် မောပန်းလွယ်ခြင်း
– အားနည်းခြင်း
– နှုတ်ခမ်း ၊ မျက်ခွံအောက်ပိုင်းနှင့် အရေပြားဖြူဖျော့နေခြင်း
– ရင်တုန်ခြင်း
– ခုခံအားကျ၍ မကြာခဏ ဖျားနာခြင်း
– ခြေဖျားလက်ဖျားအေးစက်ခြင်း
– ဆံပင်များခြောက်သွေ့၍ ကျွတ်လွယ်ခြင်း
– လက်သည်းများကျွတ်ဆတ်၍ ကျိုးလွယ်ခြင်း
– ပါးစပ်နှင့်လျှာတွင် အနာများဖြစ်၍ ရောင်ရမ်းခြင်း စသည့် လက္ခဏာများကို သံဓာတ်ချို့တဲ့ခြင်း
ကြောင့် ဖြစ်သော သွေးအားနည်းရောဂါခံစားနေရသည့် ကလေးများတွင် တွေ့ရှိရပါသည်။
ထို့ကြောင့် သံဓာတ်သည် သားသားမီးမီးတို့၏ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ကျန်းမာရေး အတွက် အလွန်အရေးပါသော အာဟာရဓာတ်တစ်မျိုး ဖြစ်သည့်အတွက် မိခင်တို့အနေနှင့် သံဓာတ် ကြွယ်၀သော အစားအစာများကို ကလေးများအား ကျွေးပေးရန် လိုအပ်ပါသည်။
သံဓာတ်ကြွယ်၀သော အစားအစာများ
သံဓာတ်ကြွယ်၀သော အစားအစာများမှာ
– အမဲသား၊ ဆိတ်သား ၊ ဘဲသား
– ကြက်အသည်း ၊ ဝက်အသည်း
– ကြက်ဥဘဲဥများ
– ဆာဒင်းငါး
– ဆော်လမွန်ငါး
– ပဲအမျိုးမျိုး
– တိုဖူး
– ကန်စွန်းရွက်
– ဟင်းနုနွယ်
– ဘရိုကိုလီ အစရှိသော ဟင်းသီးဟင်းရွက်များ စသည်တို့သည် သံဓာတ်ကြွယ်၀သော အစားအစာများ ဖြစ်ကြပါသည်။
ထို့အပြင် သံဓာတ်ချို့တဲ့ခြင်းမှ ကာကွယ်ရန် အတွက် သံဓာတ်ပြည့်၀သော အစားအစာများကို စားသုံးရုံမက သံဓာတ်စုပ်ယူခြင်းကို အားပေးသော အစားအစာများနှင့် တွဲ၍ စားသုံးသင့်ကြောင်း တွေ့ရှိရပါသည်။
သို့မှသာ ကလေးများအတွက် အရေးပါသော သံဓာတ်ကို လုံလောက်စွာ ဖြည့်ဆည်းပေးနို်င်မည် ဖြစ်ပါသည်။
ဗီတာမင် စီ သည် သံဓာတ်စုပ်ယူခြင်းကို ကောင်းစွာ အထောက်အကူပြုသော အစာအာဟာရဓာတ် တစ်မျိုးဖြစ်ပါသည်။
ထို့ကြောင့် မိခင်တို့အနေနှင့် သားသားမီးမီးများအား သံဓာတ်ပါဝင်သော အစားအစာများကို ကျွေးပေးရုံသာမက Vitamin C ကြွယ်၀သော အစားအစာများနှင့် လည်း တွဲဖက်၍ ကျွေးသင့် ကြောင်း အကြံပြုလိုပါသည်။
အောက်ပါတို့သည် ဗီတာမင် စီ ကြွယ်၀သော အစားအစာများဖြစ်ကြပါသည်။
၎င်းတို့မှာ
– ချဉ်သော သစ်သီးများ (ဥပမာ သံပုရာသီး၊ သံပယိုသီး၊ နာနတ်သီး၊
စတော်ဘယ်ရီသီး၊ လိမ္မော်သီး၊ ကီဝီသီး၊ မာလကာသီးစသော သစ်သီးအမျိုးမျိုး )
– အစိမ်းရောင် အရွက်ရှိသော ဟင်းသီးဟင်းရွက်များ
– ငရုတ်သီးစိမ်း
– ငရုတ်ပွသီး
– ခရမ်းချဉ်သီး စသည့်အစားအစာများကို သံဓာတ်ကြွယ်၀သော အစားအစာများနှင့် တွဲ၍ စားသုံး သင့်ကြောင်း အကြံပြုအပ်ပါသည်။
Author : Dr. CK