ကလေးများအား ကျန်းမာသော အစားအစာများကို ကျွေးမွေးရခြင်းသည် ဖေဖေ၊ မေမေတို့အတွက် တိုက်ပွဲတစ်ခုကိုဆင်နွှဲနေရခြင်းနှင့် တစ်ခါတစ်ရံ ဆင်တူတတ်ပါသည်။
အထူးသဖြင့် ကျွေးမွေးသောအစားအစာများတွင် အသီးအရွက်များ ပိုမိုပါဝင်ပါက ပိုမိုခက်ခဲစွာ ကျွေးမွေးရလေ့ရှိပါသည်။
သို့သော် ကလေးများ စားသုံးရန်မနှစ်သက်သည့် ထိုသို့သော အစားအစာများသည် အာဟာရဓါတ် စုံလင်စွာ ပါဝင်လေ့ရှိသဖြင့် ဖေဖေမေမေတို့အနေနှင့် ကျွေးမွေးရန် ပင်ပင်ပန်းပန်း ကြိုးစားရကျိုးနပ်သည်ဟု ဆိုချင်ပါသည်။
ဘာလို့ အာဟာရဓါတ်က ကလေးများအတွက် အရေးပါရသလဲ
အာဟာရဓါတ်သည် အသက်အရွယ်တိုင်းအတွက် အရေးပါပါသည်။ အထူးသဖြင့် ကျန်းမာစွာ ကြီးထွားသန်စွမ်းဖွံ့ဖြိုးမှု ဖြစ်ရန် လိုအပ်နေသော ကလေးများအတွက် ပိုမိုအရေးပါလေ့ ရှိပါသည်။
ထို့အပြင် ထိုသို့ ကျွေးမွေးလေ့ကျင့်ပေးခြင်းသည် ကလေးများအား ကျန်းမာရေးနှင့်ညီညွတ်သော အစာစားသောက်ပုံ အလေ့အထကို အုတ်မြစ်ချပေးခြင်းဖြစ်သကဲ့သို့ အဆိုပါ အလေ့အထသည် ကလေးများ၏ ဘဝတစ်လျှောက်လုံးတွင် စွဲမြဲစွာ ပါရှိသွားနိုင်မည် ဖြစ်ပါသည်။
ကလေးများအတွက် ဘာအာဟာရတွေလိုအပ်လဲ
ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို ကလေးများအား ကျွေးမွေးရန်အတွက် ရွေးချယ်လိုက်ခြင်းသည် ကလေးများ လိုအပ်လျက်ရှိသော အာဟာရဓါတ်များ ပြည်ဝစွာ ရရှိမှု သေချာစေရန်အတွက် အကောင်းမွန်ဆုံး၊ အလွယ်ကူဆုံး နည်းလမ်းတစ်ခု ဖြစ်ပါသည်။
ကြက်သား၊ ပဲအမျိုးမျိုး၊ ပင်လယ်စာ၊ အခွံမာသီးများနှင့် အစေ့အဆန်များတွင်ပါရှိသော ပရိုတင်းဓါတ်သည်လည်း ကလေးများအတွက် ရွေးချယ်ကျွေးမွေးသင့်သည့် အာဟာရဓါတ်တစ်မျိုး ဖြစ်ပါသည်။
နေ့စဉ်နေ့တိုင်း အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို ကလေးများအား ကျွေးမွေးပေးရန်လည်း လိုအပ်ပါသည်။
အကယ်၍ စည်သွတ်ထားသော အစားအစာများကိုကျွေးမွေးမည်ဆိုပါက ဖြည့်စွက်ထားသောအဆီများနှင့် သကြားများ မပါဝင်စေရန် ဂရုပြု၍ ရွေးချယ်ကျွေးမွေးရမည် ဖြစ်ပါသည်။
အထူးသဖြင့် အမျှင်ဓါတ်ကြွယ်ဝသော ပေါင်မုန့်၊ Cereal များကိုလည်း ကျွေးမွေးသင့်ပါသည်။
အဆီဓါတ်နည်းပါးအောင် ပြုလုပ်ထားသော နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဉ် စသည်တို့ကိုလည်း ကျွေးမွေးနိုင်ပါသည်။ သို့သော် အသက် ၁ နှစ်မပြည့်ခင်အချိန်အထိ ကလေးငယ်များအား နို့ထွက်ပစ္စည်းများကို မကျွေးမွေးသင့်ပါ။
ထို့အပြင် ပြန်လည်သန့်စင်ထားသော သကြား၊ အစေ့အဆန်များ၊ ဆိုဒီယမ်ဓါတ်၊ ပြောင်းလဲဆီ၊ ပြည့်ဝဆီများနှင့် အာဟာရဓါတ်နည်းပါးသော အစားအစာများကို ကလေးများအား များစွာ မကျွေးမိစေရန် ဂရုပြုရမည် ဖြစ်ပါသည်။
ကလေးများ အာဟာရပြည့်ဝစေရန် ပြုလုပ်ရမည့်အရာများ
ကလေးများအား ကောင်းမွန်သောအာဟာရဓါတ်ရရှိခြင်း၏ အရေးပါပုံများကို သင်ကြားပေးရမည့်အပြင် ကျန်းမာရေးနှင့်ညီညွတ်သော အစာစားသောက်ပုံ အလေ့အထများကို ပြုစုပျိုးထောင်ပေးသင့်ပါသည်။
ကလေးများက အာဟာရဓါတ်၏ အရေးပါပုံအကြောင်းကို ပိုမိုနားလည်လေလေ ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်ရန် ပိုမိုဆန္ဒပြင်းပြလေလေဖြစ်ပါလိမ့်မည်။
ကလေးများ အာဟာရဓါတ်ပြည့်ဝစေရန် အရေးကြီးသည့် နောက်ထပ်အချက်တစ်ချက်မှာ အချိုးအဆပမာဏ ဖြစ်ပါသည်။ အာဟာရဓါတ်များကို ပြည့်စုံလုံလောက်စွာ ကျွေးမွေးရုံသာမက ထိုကျွေးမွေးသော အာဟာရဓါတ်များ ပါဝင်သော အချိုးအဆမှန်ကန်ရန်လည်း အရေးကြီးပါသည်။
အကြမ်းဖျင်းအားဖြင့် ကလေးများ၏ ပန်းကန်ပြား တစ်ဝက်ခန့်သည် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များ ဖြစ်သင့်ပါသည်။
ထိုသို့ ရွေးချယ်ရာတွင် ပြုပြင်ထားသော အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များအစား လတ်ဆတ်သော အစားအစာများကို ရွေးချယ်သင့်ပါသည်။
အစားအစာများသာမက နောက်ထပ်အရေးကြီးသည့် အချက်တစ်ချက်မှာ သကြားဓါတ်များပြားသော အချိုရည်များအစား ရေသောက်ခြင်း သို့မဟုတ် အဆီနည်းပါးသောနို့များကို သောက်သုံးစေခြင်းဖြစ်ပါသည်။
ထို့အပြင် မတူညီသောအစားအစာများသည် မတူညီသောအာဟာရဓါတ်များကို ပေးစွမ်းနိုင်သည်ဖြစ်သဖြင့် ကလေးများအား အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုးအား စားသုံးစေရန် အရေးကြီးပါသည်။
ထို့အပြင် ကလေးများနှစ်သက်သည့် အာဟာရပြည့်ဝသောအစားအစာများကို မှတ်သား၍ ကျွေးမွေးခြင်းသည်လည်း အကျိုးရှိသောနည်းလမ်းတစ်ခုဖြစ်ပါသည်။
ထို့အပြင် ကလေးများအား သရေစာအဖြစ် သော်လည်းကောင်း၊ အချိုတည်းရန်အတွက် သော်လည်းကောင်း အသီးအနှံများ ကျွေးမွေးခြင်းကလည်း ကောင်းမွန်သည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။
အထက်ဖော်ပြပါ နည်းလမ်းများကို တတ်နိုင်သ၍ လုပ်ဆောင်ခြင်းအားဖြင့် ကလေးများအတွက် အရေးကြီးသည့် အာဟာရဓါတ်များကို ပြည့်ဝစေရန် ဖန်တီးပေးနိုင်ပါသည်။