စားသုံးသော အစာအာဟာရဓာတ်များစွာအနက် ကယ်လ်ဆီယမ်ဓာတ်သည် အရိုးနှင့် သွားများ သန်မာစေရန်အတွက် မရှိမဖြစ်အရေးပါသော သတ္တုဓာတ်တစ်မျိုး ဖြစ်ပါသည်။
ခန္ဓာကိုယ်တွင်ရှိသော ကယ်လ်ဆီယမ်ဓာတ်၏ ၉၉ ရာခိုင်နှုန်းခန့်သည် အရိုးနှင့် သွားများ၌ ပါဝင်နေကြောင်း လေ့လာတွေ့ရှိရပါသည်။
ထို့အပြင် ဦးနှောက်ပိုင်းဆိုင်ရာ လုပ်ငန်းများ၊ ကြွက်သားလှုပ်ရှားမှုနှင့် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး လုပ်ငန်းများအတွက်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည့် အာဟာရသတ္တုဓာတ် တစ်မျိုးလည်း ဖြစ်ပါသည်။
ကယ်လ်ဆီယမ်ဓာတ်၏ ကောင်းကျိုးများ
အောက်ပါတို့သည် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အကျိုးပြုသော ကယ်လ်ဆီယမ်ဓာတ်၏ ကောင်းကျိုးများ ဖြစ်ကြပါသည်။
( ၁ ) အရိုးကျန်းမာရေး
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကယ်လ်ဆီယမ်ဓာတ်သည် အရိုးနှင့်သွားများတွင် အဓိက ပါဝင်တည်ရှိနေသောကြောင့် အရိုးနှင့်သွားကျန်းမာရေးကို အထောက်အကူပြုသော အာဟာရဓာတ် တစ်မျိုးဖြစ်ပါသည်။
မီးယပ်သွေးဆုံးသည့် အမျိုးသမီးများတွင် အမျိုးသားများထက် သို့မဟုတ် ငယ်ရွယ်သော အမျိုးသမီးများထက် အရိုးသိပ်သည်းဆ (Bone Density) လျော့နည်းနှုန်းသည် ပို၍ မြန်ဆန်ကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် မီးယပ်သွေးဆုံးအခြေအနေ ဖြစ်နေပြီဖြစ်သော အမျိုးသမီးများသည် အရိုးပွရောဂါ ပိုမိုဖြစ်နိုင်ခြေများသဖြင့် ကယ်လ်ဆီယမ်ဓာတ်ပါဝင်သည့် အစားအစာများ၊ ဖြည့်စွက်စာအားဆေးများကို ပို၍ လိုအပ်ပါသည်။
( ၂ ) ကြွက်သားများကျုံ့ညှစ်ခြင်းလုပ်ငန်းတွင် အားပေးကူညီခြင်း
ကယ်လ်ဆီယမ်ဓာတ်သည် ကြွက်သားကျုံ့ညှစ်ခြင်းလုပ်ငန်းကို ပုံမှန်လုပ်ဆောင်နိုင်ရန်အတွက် အားပေးကူညီပေးပါသည်။
ကြွက်သားတစ်ခုကို အာရုံကြောတစ်ခုက လှုံ့ဆော်လိုက်သည့်အခါ ခန္ဓာကိုယ်မှနေ၍ ကယ်လ်ဆီယမ်ဓာတ်များအား ထုတ်လွှတ်ပေးပြီး ၎င်းဓာတ်များသည် ကြွက်သားရှိ ပရိုတင်းဓာတ်များက ကြွက်သားကျုံ့ညှစ်ခြင်းလုပ်ငန်းကို လုပ်ဆောင်နိုင်ရန်အတွက် အထောက်အကူပြုပါသည်။
ထို့နောက် ကယ်လ်ဆီယမ်ဓာတ်များ ကြွက်သားအပြင်ဘက်သို့ ထုတ်လွှတ်သည့်အခါ ကြွက်သားကို ပြေလျော့ခြင်းဖြစ်သွားစေကြောင်း တွေ့ရှိရပါသည်။
( ၃ ) နှလုံးသွေးကြောဆိုင်ရာရောဂါများကို ကာကွယ်ပေးခြင်း
ကယ်လ်ဆီယမ်ဓာတ်သည် နှလုံးကြွက်သားကျုံ့ညှစ်ခြင်းလုပ်ငန်းတွင်လည်း အကူအညီပေးနိုင်သော ဂုဏ်သတ္တိရှိကြောင်း လေ့လာချက်များအရ တွေ့ရှိရပါသည်။
ထို့ပြင် သွေးကြောပတ်ပတ်လည်တွင်ရှိသော ကြွက်သားများကို ပြေလျော့စေခြင်းဖြင့် သွေးပေါင်ချိန်ကို ကျဆင်းစေနိုင်ပါသည်။
အခြားကျန်းမာရေးအတွက် အကျိုးပြုသော ကောင်းကျိုးများမှာ
– ကိုယ်ဝန်ဆောင်မိခင်များ သွေးပေါင်ချိန် တက်ခြင်းဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ခြင်း
– အသက်ငယ်ရွယ်သောသူများတွင် သွေးတိုးရောဂါဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း
– ကင်ဆာရောဂါ မဟုတ်သော အူမကြီးနှင့် စအိုအနားတွင် အကျိတ်အခဲဖြစ်ခြင်း Colorectal adenoma ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ခြင်းစသော ကောင်းကျိုးများကို တွေ့ရှိရပါသည်။
အောက်ပါတို့သည် ကယ်လ်ဆီယမ်ဓာတ်ချို့တဲ့ခြင်း၏ အကြောင်းရင်းများ ဖြစ်ကြပါသည်။
– အစားစားချင်စိတ်မရှိခြင်း
– မဂ္ဂနီဆီယမ်ဓာတ် အလွန်အကျွံစားသုံးခြင်း
– အချိန်ကြာမြင့်စွာ ဝမ်းနုတ်ဆေးသောက်သုံးခြင်း
– Parathyroid ဟော်မုန်း မထွက်ခြင်း
– ပရိုတင်းဓာတ်နှင့် ဆားဓာတ်အလွန်အကျွံစားသုံးခြင်းကြောင့် ကယ်လ်ဆီယမ် စွန့်ထုတ်မှုများခြင်း
– ကင်ဆာရောဂါအချို့ ခံစားနေရခြင်း
– အရက်၊ ကော်ဖီ၊ ဆိုဒါ သောက်သုံးမှုများခြင်း
– Celiac Disease, Crohn ‘s disease, အူလမ်းကြောင်းရောင်ရမ်းသောရောဂါ နှင့် အခြားသော အစာခြေလမ်းကြောင်းရောဂါများ ဖြစ်ခြင်း
– ကျောက်ကပ်ပျက်စီးသောရောဂါ ခံစားနေရခြင်း
– Vitamin D ချို့တဲ့ခြင်း
– အစာအိမ်အစိတ်အပိုင်းအချို့ကို ဖယ်ရှားသည့် ခွဲစိတ်မှုခံယူထားရခြင်း စသည့် အကြောင်းရင်းများ ကြောင့် ကယ်လ်ဆီယမ်ဓာတ်များ ချို့တဲ့နိုင်ပါသည်။
ရောဂါလက္ခဏာများ။
အောက်ပါတို့သည် ကယ်လ်ဆီယမ်ဓာတ်ချို့တဲ့လျှင် တွေ့ရှိရသော လက္ခဏာများ ဖြစ်ကြပါသည်။
– ဦးနှောက် မှတ်ဉာဏ်လျော့နည်းလာခြင်း
– ကြွက်တက်ခြင်း
– ကြွက်သားများတုန်ခါခြင်း
– လက်၊ ခြေနှင့် မျက်နှာများထုံကျင်ခြင်း
– စိတ်ဓာတ်ကျရောဂါ ခံစားရခြင်း
– လက်သည်းများ ကျွတ်ဆတ်ခြင်း
– အရိုးကျိုးလွယ်ခြင်း
– ဆံပင်ရှည်နှေးခြင်း
– တက်ခြင်း စသည့် ရောဂါလက္ခဏာများကို တွေ့ရှိရပါသည်။
ထို့ကြောင့် ကယ်လ်ဆီယမ်ချို့တဲ့သော ရောဂါလက္ခဏာများမှ ကာကွယ်ရန် အောက်ပါ ကယ်လ်ဆီယမ်ဓာတ်ကြွယ်၀သည့် အစားအစာများကို စားသုံးသင့်ပါသည်။
– နို့
– ဒိန်ချဉ်
– ပဲနို့
– ဆာဒင်းငါး
– ဆယ်လ်မွန်ငါး
– ချိစ်
– တိုဖူး
– ဘရိုကိုလီ
– ကိုက်လန်
– နှံစားသီးနှံများ
– သစ်သီးဖျော်ရည်များ
– အခွံမာသီးများနှင့် အစေ့အဆန်များ ( အထူးသဖြင့် ဗာဒံစေ့ ၊ နှမ်းစေ့ ၊ Chiaseeds စသော အစားအစာများ )
– ပဲအမျိုးမျိုး
– ပြောင်းဖူး
– ဟင်းနုနွယ်ရွက် စသည့် အစားအစာများဖြစ်ကြပါသည်။
ကယ်လ်ဆီယမ်ဓာတ် လိုအပ်ချက်
ပုံမှန်အားဖြင့် နေ့စဉ်လိုအပ်သော ကယ်လ်ဆီယမ်ဓါတ် ပမာဏမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
– အမျိုးသားများ
အသက် ၁၉ နှစ်မှ ၇၀ နှစ် ကြားအသက်အရွယ်တွင် တစ်နေ့လျှင် ၁၀၀၀ မီလီဂရမ်ခန့် လိုအပ်ပြီး အသက် ၇၀ နှစ် အထက်တွင် ၁၃၀၀ မီလီဂရမ် အထိလိုအပ်ပါသည်။
– အမျိုးသမီးများ
အသက် ၁၉ နှစ်မှ ၅၀ နှစ်ကြားအသက်အရွယ်တွင် တစ်နေ့လျှင် ၁၀၀၀ မီလီဂရမ်ခန့် လိုအပ်ပြီး
အသက် ၅၀ နှစ် အထက်တွက် ၁၃၀၀ မီလီဂရမ် အထိလိုအပ်ကြောင်း တွေ့ရှိရပါသည်။