DHA (Docosahexaenoic acid) ဆိုတာ omega-3 fatty acids တစ်မျိုးဖြစ်ပါတယ်။ DHA ဟာ ကလေးတွေရဲ့ ဦးနှောက်နဲ့ မျက်စိအမြင်အာရုံ ဖွံ့ဖြိုးတိုးတက်မှုကို သိသိသာသာ အထောက်အကူပြုတဲ့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်ပဲ ဖြစ်ပါတယ်။
ကလေးတွေရဲ့ ပထမတစ်နှစ်တာကာလမှာ ဦးနှောက်နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အမြန်ဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်နှစ်ကနေ ဆယ်ကျော်သက်အရွယ်ရောက်တဲ့အထိ ဆက်လက် ဖွံ့ဖြိုးနေတဲ့အတွက် ဒီကာလတွေမှာ ဦးနှောက်နဲ့ ခန္ဓာကိုယ် ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးတိုးတက်စေဖို့ DHA လိုမျိုး အရေးကြီးတဲ့ အာဟာရဓာတ်ဝအောင် ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ အသက်လေးနှစ်က ခြောက်နှစ်အတွင်း ကလေးတွေအတွက် တစ်နေ့ကို DHA 600 mg လိုအပ်ပါတယ်။
ကလေးတွေအနေနဲ့ ငယ်စဉ်ကတည်းက DHA ဓာတ်ကို လုံလုံလောက်လောက် ရရှိခဲ့မယ်ဆိုရင် ဉာဏ်ကောင်းပြီး စာတော်တဲ့ကလေးလေးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေ DHA ဓာတ် ရရှိနိုင်စေဖို့ ဘယ်လိုအစားအစာတွေကို ကျွေးမွေးသင့်သလဲဆိုတာ မေမေတို့ သိထားဖို့ လိုအပ်ပါတယ်။
DHA ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ –
(၁) Mackerel ငါး
Mackerel ငါးလေးတွေဟာ အဆီဓာတ်ကြွယ်ဝတဲ့ ငါးသေးသေးလေးတွေ ဖြစ်ပါတယ်။ Mackerel ငါး တစ်ပွဲစာမှာ DHA ပမာဏ 5900 mg ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် ဘီ-၁၂ (Vitamin B-12) နဲ့ Selenium ဓာတ်တွေလည်း ပါဝင်ပါတယ်။
(၂) ဆော်လ်မွန်ငါး (Salmon)
ဆော်လ်မွန်ငါးဟာ အာဟာရဓာတ်အကြွယ်ဝဆုံးငါး ဖြစ်ပါတယ်။ မွေးမြူရေးဆော်လ်မွန်ငါးနဲ့ သဘာဝဆော်လ်မွန်ငါးတွေမှာ ပါဝင်တဲ့ omega-3 fatty acid ပမာဏဟာ ကွဲပြားပါတယ်။ မွေးမြူရေးဆော်လ်မွန်ငါး တစ်ပွဲစာမှာ DHA ပမာဏ 1240 mg ပါဝင်ပြီး သဘာဝ ဆော်လ်မွန်ငါးမှာတော့ DHA ပမာဏ 1220 mg ပါဝင်ပါတယ်။
ဆော်လ်မွန်ငါးမှာ DHA အပြင် Vitamin D၊ Selenium နဲ့ Vitamin B အုပ်စုတွေလည်း ပါဝင်ပါတယ်။
(၃) Herring ငါး
Herring ငါးဟာ အဆီဓာတ်ကြွယ်ဝတဲ့ ငါးသလောက်ငါးတစ်မျိုးဖြစ်ပါတယ်။ Herring ငါး ကို ကြိုတင်ချက်ပြုတ်ပြီးသား ဆီသွတ်ဘူးပုံစံနဲ့လည်း တွေ့နိုင်ပါတယ်။ Herring ငါး 100 ဂရမ်မှာ DHA အပါအဝင် omega-3 အဆီဓာတ် 2366 mg ပါဝင်ပါတယ်။
(၄) ခရု ကမာ (Oyster)
ခရု ကမာ၊ ယောက်သွား စတဲ့အစားအစာတွေဟာ အာဟာရဓာတ် ကြွယ်ဝတဲ့အစားအစာထဲက တစ်မျိုးအပါအဝင် ဖြစ်ပါတယ်။ ခရုကမာ တစ်ပွဲစာမှာ DHA ဓာတ် 2300 mg ပါဝင်ပါတယ်။ ခရုကမာမှာ DHA အပြင် ဇင့်ဓာတ် နဲ့ Vitamin B-12 လည်း ပါဝင်ပါတယ်။
ဆာဒင်းငါး (Sardines) ဟာ အဆီဓာတ်ကြွယ်ဝတဲ့ ငါးလေးတွေဖြစ်ပြီး ငါးသေတ္တာလို ဆီသွတ်ဘူးပုံစံမျိုးနဲ့ ဝယ်ယူနိုင်ပါတယ်။ Sardines ငါး တစ်ဘူးစာမှာ DHA ဓာတ် 7400 mg အထိ ပါဝင်ပါတယ်။ DHA အပြင် Selenium၊ Vitamin D နဲ့ Vitamin B-12 လည်း ပါဝင်ပါသေးတယ်။
(၆) Anchovies ငါးနီတူငါး
ငါးနီတူငါး (Anchovies) ဟာ အဆီဓာတ်ပါဝင်တဲ့ ငါးသေးသေးလေးတွေ ဖြစ်ပြီး အခြောက်လှန်းပုံစံနဲ့ ဆီသွတ်ဘူးပုံစံဆိုပြီး ရရှိနိုင်ပါတယ်။ ငါးနီတူငါး 100 ဂရမ်မှာ DHA အပါအဝင် omega-3 အဆီပမာဏ 2133 mg ပါဝင်ပါတယ်။ ဒါ့အပြင် ငါးနီတူငါးက ကလေးတွေမှာ အရိုးတည်ဆောက်ဖို့ လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာလည်း ဖြစ်ပါတယ်။
(၇) Trout ငါး
ငါးသလောက်ငါးတစ်မျိုးဖြစ်တဲ့ Trout ငါးဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတစ်မျိုးဖြစ်ပြီး တစ်ပွဲစာမှာ DHA ဓာတ် 440 mg ပါဝင်ပါတယ်။
(၈) ပုဇွန်
လူတိုင်းကြိုက်တဲ့ အစားအစာဖြစ်ပြီး အာဟာရဓာတ်ပြည့်ဝတဲ့ ပုဇွန်ဟင်းတစ်ပွဲစာမှာ DHA ဓာတ် 120 mg အပြင် အသားဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်လည်း ပါဝင်ပါတယ်။
(၉) DHA ရရှိနိုင်မယ့် သက်သတ်လွတ်အစားအစာ
တစ်ခါတစ်လေမှာ သက်သတ်လွတ်အစားအစာအနေနဲ့ ကျွေးချင်တယ်၊ DHA ဓာတ်လည်း ကြွယ်ဝစေချင်တယ်ဆိုရင် အောက်ပါအစားအစာတွေကို ကျွေးမွေးသင့်ပါတယ်။
ပင်လယ်ရေညှိ – ပင်လယ်ရေညှိမှာ omega-3 အဆီဓာတ်ဖြစ်တဲ့ DHA အပြင် အသားဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ သွေးတိုးလျော့ကျစေတဲ့ဂုဏ်သတ္တိပါ ပါဝင်ပါတယ်။ ဝယ်ယူတဲ့ ပင်လယ်ရေညှိပေါ်မူတည်ပြီး omega-3 အဆီဓာတ်ပမာဏ ကွဲပြားနိုင်ပါတယ်။
သစ်ကြားသီး၊ ဘိုစားပဲနဲ့ ပဲပိစပ် စတဲ့ အစားအစာတွေမှာတော့ DHA ဓာတ်ကို တိုက်ရိုက်မရရှိနိုင်ပေမယ့် ခန္ဓာကိုယ်က DHA အဖြစ် တည်ဆောက်နိုင်မယ့် omega-3 အဆီဓာတ်ပါဝင်တဲ့အတွက် ဒီလိုအစားအစာတွေကိုလည်း စားသုံးနိုင်ပါတယ်။ ဒါ့အပြင် DHA ဓာတ် ဖြည့်စွက်ထားတဲ့ Cereal ကွေကာတွေကိုလည်း တိုက်ကျွေးနိုင်ပါတယ်။
အထက်ကပြောပြခဲ့တဲ့ အစားအစာတွေကတော့ ကလေးတွေရဲ့ဦးနှောက်နဲ့ အမြင်အာရုံကို ဖွံ့ဖြိုးတိုးတက်စေတဲ့ DHA ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။
မေမေတို့ရဲ့ အဖိုးတန်ရတနာလေးတွေဖြစ်တဲ့ ကလေးငယ်လေးတွေ ဉာဏ်ရည် ဖွံ့ဖြိုးထက်မြက်စေဖို့အပြင် အပြုအမူပိုင်းဆိုင်ရာ လိမ္မာရေးခြားရှိတဲ့ ကလေးငယ်လေးတွေဖြစ်လာစေဖို့ မေမေတို့အနေနဲ့ DHA ဓာတ် ကြွယ်ဝတဲ့အစားအစားတွေကို ပုံမှန်ကျွေးမွေးဖို့ ဒီဆောင်းပါးနဲ့ တိုက်တွန်းအကြံပြုလိုက်ပါတယ်။