အသီးအနှံ ဟင်းသီးဟင်းရွက်များသည် ကျန်းမာရေးအတွက် အကျိုးရလဒ်ကောင်းများ ရရှိစေနိူင်ကြောင်း လူတိုင်းသိကြပြီး ဖြစ်ပါသည်။ အကြမ်းသဘောလေ့လာကြည့်လျှင် အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ စားသုံးခြင်းကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ သွေးချို ဆီးချိုရောဂါ၊ နှလုံးကြွက်သား ရုတ်တရက် ပျက်ယွင်းခြင်း၊ Heart Attack ဦးနှောက် တစ်သျှူး ပျက်ယွင်းခြင်း၊ Stroke နှင့် ကင်ဆာရောဂါများ ဖြစ်ပွားမှုကို လျော့နည်းစေမည် ဖြစ်၏။ အသားအရေစိုပြည်လှပပြီး ဇရာ၏ နိမိတ်လက္ခဏာများကိုလည်း ကာကွယ်နိူင်သည်။ အရွယ်တင်နုပျိုစေပြီး သက်ရှည်ကျန်းမာစေမည် ဖြစ်ပါသည်။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်နှင့် ပတ်သက်လျှင် များများစားလေ ကျန်းမာရေးအတွက် ကောင်းလေဟု ဆိုနိူင်သည်။
သခွားသီး
သခွားသီးမှာ ရေဓာတ် ၉၀ ရာခိုင်နှုန်းပါရှိပြီး အရေးကြီးသော အာဟာရများဖြစ်သည့် ဗီတာမင်အေ၊ ဗီတာမင်စီနှင့် ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဆာလဖာ စသည့် သတ္တုဓာတ်များ ပါဝင်ပါသည်။
သခွားသီးစားသုံးခြင်းအားဖြင့်
- အစာလမ်းကြောင်းနှင့် ဆီးလမ်းကြောင်းနံရံမှ အန္တရယ်ဖြစ်စေသော ဗက်တီးရီးယားများအား ဖယ်ရှားပစ်နိူင်သည်။ ဥပမာအားဖြင့် ဆီးအိမ်ရောင်ရမ်းမှုကို သက်သာစေနိူင်သည်။
- သွေး၌ Uric Acid ဓာတ်လျော့နည်းစေသဖြင့် ဂေါက် Gout ရောဂါဖြစ်ပွားမှုမှ ကာကွယ်နိူင်သည်။
- အရေပြားကျန်းမာရေးကို ကောင်းမွန်စေပြီး အသားအရေ ဝင်းပစိုပြည်စေသည်။ နုပျိုလန်းဆန်းစေပါသည်။
- ခန္ဓာကိုယ် အပူချိန် မျှတစေသည်။
- ခန္ဓာကိုယ် အလေးချိန်မှန်ကန်မှုရှိအောင် ထိန်းပေးနိူင်သည်။
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးကို “ ချစ်စရာ့ ပန်းသီး ” ဟု တင်စားခေါ်ဆိုကြသည်။ ခရမ်းချဉ်သီး၏ အရသာကို လူအများ နှစ်ခြိုက်သဘောကျကြသည်။ ခရမ်းချဉ်သီး၏ အရောင်အသွေးပင်လျှင် စွဲမက်နှစ်သက်ဖွယ် ဖြစ်၏။
ခရမ်းချဉ်သီးတွင် ဗီတာမင်အေ၊ စီ၊ အီး နှင့် ဖောလစ်အက်ဆစ် (ဖောလိတ်) တို့ ပါဝင်သည်။ သံဓာတ် နှင့် အခြားသတ္တုဓာတ်များလည်းပါသည်။ အင်တီအောက်ဆီးဒင့် (ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ) ပါဝင်သည့်အပြင် အစေ့တွင်လည်း အမျှင်ဓာတ်များစွာ ပါဝင်ကြောင်း တွေ့ရသည်။
ခရမ်းချဉ်သီး၏ အဓိကစွမ်းရည်သတ္တိများမှာ-
- အစာလမ်းကြောင်း၌ ဖြစ်ပွားသော ကင်ဆာရောဂါများအား ကာကွယ်နိူင်ခြင်း
- အဆိပ်ဓာတ်များကို ပျက်ပြယ်စေခြင်း
- မောပန်းနွမ်းနယ်မှုမှ ကာကွယ်နိူင်ခြင်းနှင့်
- ရောဂါပိုးမွှားများ ဝင်ရောက်မှုမှ ကာကွယ်နိူင်ခြင်းတို့ ဖြစ်ပါသည်။
ဖရဲသီး
ဖရဲသီးမှာ ဗီတာမင် “ အေ ” အကြိုဓာတ်ဖြစ်သော ဗီတာကာရိုတင်း ကြွယ်ဝစွာပါဝင်သည်။ ထို့အပြင် Lycopene ခေါ် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်သည်။
အာဟာရပညာရှင်များ၏ အဆိုအရ ဖရဲသီးကို လတ်လတ်ဆတ်ဆတ် စားသုံးပါက ပို၍ အကျိုးသက်ရောက်မှုရှိကြောင်း သိရပါသည်။ ဖရဲသီးအား ရေခဲသေတ္တာမှာ ကြာရှည်သိုလှောင်ပြီးမှစားလျှင် လတ်လတ်ဆတ်ဆတ် စားခြင်းလောက် မကောင်းနိူင်ကြောင်း သိရှိရသည်။
ဖရဲသီးစားသုံးခြင်းဖြင့်-
- နှလုံးရောဂါဖြစ်ပွားမှုမှ ကာကွယ်နိူင်သည်။
- ကင်ဆာရောဂါများ ဖြစ်ပွားမှုအန္တရာယ်လည်း လျော့နည်းစေသည်။
- အမြင်အာရုံကြည်လင်စေပြီး အရေပြားနူးညံ့ချောမွတ်စေသည်။
- ကလေးငယ်များအတွက် ဉာဏ်ရည်ဖွံ့ဖြိုးမှုနှင့် ခန္ဓာကိုယ်ကြီးထွားမှုတို့ ရရှိစေနိူင်ပါသည်။
တလည်းသီး
တလည်းသီးမှာ အခြားသစ်သီးများကဲ့သို့ စားသုံးမှုမများကြပေ။ တလည်းသီးတွင်ပါသော Ellageic acid အီလာဂျစ်အက်ဆစ်မှာ အခြားဓာတ်တိုးဆန့်ကျင်ပစ္စည်းများထက် အဆပေါင်းများစွာ အစွမ်းထက်သည့် ပစ္စည်းဖြစ်၏။
တလည်းသီးစားခြင်းဖြင့် ခန္ဓာကိုယ်ခုခံစွမ်းအား ကောင်းနိူင်သည်။ ကင်ဆာရောဂါများ ဖြစ်ပွားမှုမှလည်း ကာကွယ်နိူင်သည်။ အရွယ်တင်နုပျိုစေပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစေနိူင်သည်။
Author: ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)