အသီးအနှံ ဟင်းသီးဟင်းရွက်များသည် ကျန်းမာရေးအတွက် အကျိုးရလဒ်ကောင်းများ ရရှိစေနိူင်ကြောင်း လူတိုင်းသိကြပြီး ဖြစ်ပါသည်။ အကြမ်းသဘောလေ့လာကြည့်လျှင် အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ စားသုံးခြင်းကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ သွေးချို ဆီးချိုရောဂါ၊ နှလုံးကြွက်သား ရုတ်တရက် ပျက်ယွင်းခြင်း၊ Heart Attack ဦးနှောက် တစ်သျှူး ပျက်ယွင်းခြင်း၊ Stroke နှင့် ကင်ဆာရောဂါများ ဖြစ်ပွားမှုကို လျော့နည်းစေမည် ဖြစ်၏။ အသားအရေစိုပြည်လှပပြီး ဇရာ၏ နိမိတ်လက္ခဏာများကိုလည်း ကာကွယ်နိူင်သည်။ အရွယ်တင်နုပျိုစေပြီး သက်ရှည်ကျန်းမာစေမည် ဖြစ်ပါသည်။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်နှင့် ပတ်သက်လျှင် များများစားလေ ကျန်းမာရေးအတွက် ကောင်းလေဟု ဆိုနိူင်သည်။
စတော်ဘယ်ရီ
စတော်ဘယ်ရီသီး၏ အရသာမှာလည်း ထူးခြားမှုရှိပြိး လူများ နှစ်သက်သဘောကျကြသည်။ စတော်ဘယ်ရီဖျော်ရည်ကို သောက်သုံးမှု များသည်။ စတော်ဘယ်ရီသီးတွင် ဗီတာမင် “အေ” ၊ “ စီ ”၊ “ကေ” နှင့် ဖောလိတ်တို့ ကြွယ်ဝစွာပါဝင်ကြောင်း တွေ့ရသည်။
စတော်ဘယ်ရီသီးသည် သွေး၏ ပုံမှန်သွေးခဲနိူင်မှုစွမ်းရည်ကို ကောင်းမွန်မှန်ကန်စေသည်။ သွေးယိုစိးမှုများကို ကာကွယ်ပေးနိူင်သည်။ အသားအရေ နူးညံ့စိုပြည်စေပြီး အိုမင်းရင့်ရော်မှုမှလည်း ကာကွယ်နိူင်ပါသည်။
ထောပတ်သီး
ထောပတ်သီးမှာ အာဟာရဓာတ်ကြွယ်ဝသော အစားအစာ တစ်မျိုးဖြစ်သည်။ ဗီတာမင်များ အမြောက်အများ ပါဝင်ကြောင်း တွေ့ရသည်။ ဗီတာမင် “အေ”၊ B2 ခေါ် ပင်တိုသနစ်အက်ဆစ် Pantothenic acid၊ ဗီတာမင် B2 ဖောလစ်အက်ဆစ်၊ ဘိုင်အိုတင် Biotin စသည့် ဗီတာမင်များ ကြွယ်ဝစွာပါသည်။ သံဓာတ်နှင့် မဂ္ဂနီစီယမ်သတ္တုဓာတ်များလည်း ပါဝင်ပါသည်။
ထောပတ်သီးသည် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အဘက်ဘက်က ကောင်းမွန်စေသည်။ ခန္ဓာကိုယ်၏ ဇီဝဓာတုဖြစ်စဉ်များကို ကောင်းမွန်မှန်ကန်စေသဖြင့် ရောဂါဘယများမှ ကင်းဝေစေသည်။ သွေးအားကောင်းစေနိူင်သည်။ ခန္ဓာကိုယ် ခုခံအားစနစ်ကို မြှင့်တင်ပေးနိူင်သည်။ ဆံကေသာလှပကြော့ရှင်း နက်မှောင်သန်စွမ်းစေသည်။
ဖရုံသီး
ရွှေဝါရောင်ဖရုံသီးကိုလည်း နည်းအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်လေ့ရှိကြပါသည်။ ဖရုံသီးတွင် ဗီတာမင် “အေ” ကြွယ်ဝစွာပါသည်။ မဂ္ဂနီစီယမ်၊ ဇင့် နှင့် သံဓာတ်များလည်း ပါဝင်ကြောင်း တွေ့ရသည်။ ဗီတာမင် “စီ” နှင့် B6 လည်း ပြည့်ဝစွာ ပါဝင်သည်။
ဖရုံသီးသည် အသားအရေ ဝင်းပစိုပြည် လှပစေနိူင်သည်။ အမြင်အာရုံ ကြည်လင်စေသည်။ ကလေးငယ်များအတွက် ခန္ဓာကိုယ် ဖွံ့ဖြိုး၍ ဉာဏ်ရည်တိုးတက်စေနိူင်သည်။ သွေးအား ကောင်းစေသည်။ ပင်ပန်းနွမ်းနယ်မှု ဒဏ်ကို ခံနိူင်ရည်ရှိစေသည်။ အိုမင်းရင့်ရော်မှု၏ လက္ခဏာများမဖြစ်ပေါ်အောင် ကာကွယ်ပေးနိူင်စွမ်းရှိသည်။
သရက်သီး
သရက်သီးမှာ ဗီတာမင် “ အေ ” ပါဝင်မှုတွင် ထောပတ်သီး၊ ဖရုံသီး၊ စတော်ဘယ်ရီ စသည့် အသီးများထက် အဆပေါင်းများစွာ သာလွန်ကြောင်းတွေ့ရသည်။ ဗီတာမင် “ စီ ” နှင့် B6 တို့လည်း ကြွယ်ဝစွာ ပါဝင်သည်။
မျက်စိကျန်းမာရေးအတွက် အထူးစားသုံးသင့်သော အစာအာဟာရ တစ်ခုဖြစ်သည်။ ကလေးငယ်များအတွက် မျက်စိအားကောင်းစေသည် သာမက ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှင့် အထွေထွေ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေသည်။ ခန္ဓာကိုယ်ခုခံ စွမ်းအားစနစ်ကို မြင့်မားစေသည်။ ရောဂါပိုးမွှားများ ဝင်ရောက်မှုကို ကာကွယ်ပေးသည်။ အရေပြားကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါသည်။
ပန်းသီး
ပန်းသီးမှာ အသီးအနှံများတွင် ရေပန်းအစားဆုံးဟု ဆိုနိူင်သည်။ ပန်းသီးတစ်လုံး နေ့စဉ်စားသုံးလျှင် ဆရာဝန်ကို အဝေးသို့ပင် ထားနိူင်ကြောင်း ဆိုစကားရှိခဲ့သည်။ ပန်းသီးတစ်လုံး နေ့စဉ်စားသုံးပါက ရောဂါဘယများကင်းဝေးပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာနိူင်မည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။
ပန်းသီးတွင် ခန္ဓာကိုယ်အတွက် အရေးကြီးသော ဗီတာမင်အေ အကြိုဓာတ်၊ ဗီတာကာရိုတင်း Carotene ဗီတာမင် အီး၊ ဗီတာမင် စီ နှင့် အခြားဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ ပါဝင်သည်။ ကျန်းမာရေးကို မြှင့်တင်ပေးနိူင်သည်။ ခုခံစွမ်းအားစနစ်ကို ကောင်းမွန်စေသည်။ အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေသည်။ အသက်ရှည်စေနိူင်သည်။
Author: ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)