သားသားမီးမီးတို့ ကျန်းမာရွှင်လန်းခြင်းဟာ မိဘတွေရဲ့ ပျော်ရွှင်ခြင်းပါ။ ကျန်းမာရေးအရဆိုရင် မိဘတွေအတွက် အရေးအကြီးဆုံးမှာ မိမိကလေး အာဟာရပြည့်ဝအောင် အစားအသောက်ပြင်ဆင်ကျွေးမွေးရခြင်းပဲ ဖြစ်ပါတယ်။ ကလေးတွေ ကြီးထွားသန်စွမ်းဖို့ကလည်း လုံလောက်တဲ့ အာဟာရဓာတ်တွေ ရရှိဖို့လိုပါတယ်။ အဲဒီအာဟာရ ဓာတ်တွေထဲမှာ DHA ဆိုတဲ့ Fatty acid တစ်မျိုးလည်း ပါရှိပါတယ်။
မိမိတို့ရဲ့ ခန္ဓာကိုယ်မှာ Omega-3 PUFA (ကောင်းမွန်သော မပြည့်ဝအဆီ) ၃ မျိုးရှိပါတယ်။ ၄င်းတို့ကတော့ ALA (Alpha-linolenic Acid), EPA (Eicosapentaenoic Acid), DHA (Docosahexaenoic Acid) တို့ဘဲ ဖြစ်ပါတယ်။ အဲဒီအထဲမှာမှ DHA ဟာ ကလေးတို့ ကျန်းမာရေးအတွက် အကျိုးပြုနိုင်ဆုံးဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ALA တချို့ (အထူးသဖြင့် ကလေးအရွယ်တွင်) နဲ့ EPA အနည်းငယ်ဟာ DHA အဖြစ်နဲ့ ပြောင်းလဲသွားတတ်ပါတယ်။ ဒါပေမဲ့ လူသားတွေရဲ့ခန္ဓာကိုယ်က DHA ကို အနည်းအငယ်ပဲ ထုတ်လုပ်ပေးနိုင်တဲ့အတွက် DHA ချို့တဲ့ဖြစ်စဥ်တွေကို ကလေးလူကြီးမရွေး ကြုံရတတ်ပါတယ်။ မိဘတွေအနေနဲ့လည်း Omega-3 Fatty Acid ဖြစ်တဲ့ DHA ကြွယ်ဝတဲ့ အစားအစာ၊ ဒါမှမဟုတ် ဖြည့်စွက်စာတွေကို ထည့်သွင်းတိုက်ကျွေးရန်လိုအပ်ကြောင်း သတိမေ့လျော့တတ်ကြပါတယ်။
သားသားမီးမီးတို့အတွက် DHA ရဲ့ ကောင်းကျိုးများ
ငယ်ရွယ်စဥ်အခါတည်းက DHA ပါဝင်တဲ့ အစားအစာတွေကို သင့်လျော်လုံလောက်အောင် စားပေးခြင်းဟာ အသက်အရွယ် ကြီးပြင်းလာရင် ခံစားရမယ့် ရောဂါတချို့ကို ကာကွယ်ပေးနိုင်ခြင်း၊ ကိုယ်ခံအားစနစ်ကို အထောက်အကူပြုခြင်းနဲ့ ကောင်းမွန်တဲ့မျိုးဆက်ပွားကျန်းမာရေးကိုလည်း ရရှိစေပါတယ်။
DHA ရဲ့ကောင်းကျိုးတွေကတော့ –
၁။ ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုခြင်း
DHA ဟာ လူသားတွေရဲ့ ဦးနှောက်ဖွဲ့စည်းမှုမှာ အများဆုံး ပါဝင်တဲ့ Omega-3 Fatty Acid ဖြစ်ပြီး အထူးသဖြင့် သန္ဓေသားဘဝနဲ့ ငယ်ရွယ်စဥ် ဦးနှောက်ဖွံ့ဖြိုးကြီးထွားမှုနဲ့ လုပ်ငန်းဆောင်တာတွေမှာ အလွန်အရေးပါပါတယ်။ DHA ဟာ ဦးနှောက်ရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ လက်ခံသိမ်းဆည်းအကြောင်းပြန်ခြင်းဆိုင်ရာ၊ မှတ်ဥာဏ်ဆိုင်ရာနဲ့ စိတ်ခံစားချက်နှင့်ဆိုင်တဲ့ အစိတ်အပိုင်းတွေမှာ အများဆုံးပါဝင်လေ့ရှိပြီး အာရုံစူးစိုက်မှုကောင်းခြင်း၊ အစီအစဥ်ရေးဆွဲခြင်း၊ ပြဿနာများဖြေရှင်းခြင်း၊ လူမှုရေးဝင်ဆံ့ခြင်း၊ စိတ်ခံစားချက်နဲ့ အပြုအမူဆိုင်ရာ ဖွံ့ဖြိုးရင့်ကျက်မှုတို့မှာလည်း အရေးပါပါတယ်။
DHA ချို့တဲ့သော ကလေးငယ်တွေမှာ စာသင်ကြားရခက်ခဲခြင်း၊ ရန်လိုတတ်ခြင်း၊ လူပေါင်းမဆံ့ခြင်း၊ အော်တစ်ဇင်ရောဂါနဲ့ အခြားသော မှတ်ဥာဏ်ပြဿနာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် မိမိကလေးငယ် သင်ကြားရလွယ်ကူခြင်း၊ အာရုံစူးစိုက်နိုင်ခြင်း၊ စိတ်ခံစားချက်ကောင်းမွန်ခြင်းနဲ့ လူဝင်ဆံ့ခြင်းတို့ဟာ မိမိရင်သွေး သန္ဓေသားဘဝကစပြီး ငယ်ရွယ်စဥ်အချိန်တွေမှာ DHA လုံလောက်စွာ ရရှိမှုနဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့် သန္ဓသားငယ်ရဲ့ ဦးနှောက် ကြီးထွားနှုန်း အလွန်မြန်ဆန်နေတတ်တဲ့ Third Trimester လို့ခေါ်တဲ့ မီးဖွားခါနီး နောက်ဆုံးကိုယ်ဝန် ၃ လမှာ မိခင်လောင်းဟာ Brain Food လို့ တင်စားကြတဲ့ DHA ကို လုံလောက်စွာ စားသုံးပေးသင့်ပါတယ်။
ဒီလိုပဲ DHA ဟာ မိခင်နို့ကနေတစ်ဆင့် မွေးကင်းစကလေးငယ်တွေဆီ ရောက်နိုင်တဲ့အတွက် နို့တိုက်မိခင်တွေဟာလဲ DHA ပါဝင်တဲ့ အစားအစာ၊ ဖြည့်စွက်စာတွေကို သောက်သုံးပေးသင့်ပါတယ်။ မွေးချိန်မစေ့ဘဲ စောမွေးတဲ့ ကလေးငယ်တွေဟာလဲ DHA အလွန်အမင်း လိုအပ်တတ်တာကြောင့် DHA ပါဝင်တဲ့ ဖြည့်စွက်စာ သို့ Formula နို့မှုန့်တို့ကို တိုက်ကျွေးသင့်ပါတယ်။
၂။ Attention Deficit Hyperactivity Disorder ကို သက်သာစေခြင်း
ADHA ဆိုတာ အတက်ကြွလွန်တဲ့ စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ADHD ရောဂါ ခံစားနေရတဲ့ ကလေးငယ်တွေဟာဆိုရင် တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ ငြိမ်သက်စွာ မနေနိုင်ခြင်း၊ အာရုံစူးစိုက်ရခက်ခဲခြင်း၊ စကားအလွန်များခြင်း၊ မေ့လွယ်ခြင်း၊ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်ခြင်း၊ အလွန်အမင်း တရစပ် လှုပ်ရှားပြုမူနေခြင်း အစရှိတဲ့ လက္ခဏာတွေကို ခံစားရပါတယ်။ အဲဒီအပြုအမူတွေက သာမန်ထက် ပိုဆိုးရွားလာခဲ့ရင် ထိုကလေးငယ်ကို အပေါင်းအဖော်တွေနဲ့ ဆက်ဆံရေး၊ ကျောင်းစာနဲ့ မိမိအိမ်မှာတောင် နေထိုင်ဆက်ဆံရတာ ခက်ခဲလာတတ်ပါတယ်။
ADHA ခံစားနေတဲ့ ကလေးငယ်တွေဟာ DHA ချို့တဲ့နေတတ်ပြီး DHA လုံလောက်စွာ စားသုံးပေးရင် ADHD လက္ခဏာတွေ သက်သာလာစေပါတယ်လို့ သုတေသန မှတ်တမ်းတွေက ဆိုကြပါတယ်။ ဒါ့ပြင် DHA ဟာ ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ စိတ်ဓာတ်ကျခြင်းနဲ့ တခြားသော ခံစားချက်ထိန်းချုပ်ရခက်ခဲတဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။
၃။ပန်းနာရပ်ကျပ်လက္ခဏာများအား သက်သာစေခြင်း
ပန်းနာရပ်ကျပ်ဆိုတာ လူအများ သိကြတဲ့အတိုင်း နာတာရှည် အသက်ရှုလမ်းကြောင်းရောင်ရမ်းခြင်း ရောဂါတစ်မျိုးဖြစ်ပါတယ်။ အသက်ရှုမဝခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ အသက်ရှုသံတရွှီရွှီထွက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ပြင်းထန်လျှင် ကလေး စကားမပြောနိုင်ခြင်း၊ နှုတ်ခမ်းပြာခြင်း၊ အသက်သေဆုံးတဲ့အထိ အစရှိတဲ့ ရောဂါဝေဒနာတွေကို ခံစားရစေပါတယ်။ DHA ဟာ ခန္ဓာကိုယ်ကနေ Prostaglandin လို့ခေါ်တဲ့ ကောင်းမွန်တဲ့ဓာတ်တစ်မျိုးကို ထွက်စေပြီး ရောင်ရမ်းခြင်းတွေကို လျှော့ချပေးတဲ့အတွက် အဆိုပါ လက္ခဏာတွေကို သက်သာစေပါတယ်။ ဒါ့ပြင် DHA နဲ့ ကလေးငယ်တွေမှာ ပန်းနာရပ်ကျပ်ဖြစ်ပွားနှုန်း လျော့ကျစေခြင်းဟာလည်း ဆက်နွှယ်မှုရှိကြောင်း ပညာရှင်တွေက ဆိုကြပါတယ်။
(အပိုင်း-၂ ဆက်ရန်)