မွေးကင်းစကလေးငယ်များသည် သူ့တို့၏ပတ်ဝန်းကျင်ကို ဝေဝေဝါးဝါး ပုံရိပ်သဏ္ဍာန်အဖြစ်သာမြင်ရသည်။ မွေးကင်းစကာလနှင့် ကလေးဘဝ အစောပိုင်းကာလများသည် မျက်လုံးဖွံ့ဖြိုးမှုအလွန်မြန်သောကာလဖြစ်သည်။ အထူးသဖြင့် ကလေးဘဝ၏ ပထမလေးနှစ်အတွင်း အမြင်ကြည်လင်ပြတ်သားလာပါသည်။ အမြင်ကောင်းမွန်ကျန်းမာခြင်းသည် ကလေးငယ်များ၏ လေ့လာသင်ယူမှုနှင့် ပတ်ဝန်းကျင်ပေါ် နားလည်သိတတ်ခြင်းပေါ် များစွာအကျိုးသက်ရောက်မှုရှိပါသည်။
ထို့ကြောင့် ကလေးငယ်များ၏ အမြင်အာရုံဖွံ့ဖြိုးရန် အတွက် အရေးပါသည့်ဓာတ်ဖြစ်သော DHA (Docosahexaenoic Acid) , Lutein ,Zeaxanthin, Vitamin A နှင့် Vitamin E တို့ပြည့်ဝ ရန်လိုအပ်ပါသည်။ အဆိုပါဓာတ်များကို ကလေးများ၏ အစောပိုင်းကာလတွင် မိခင်နို့မှသော်လည်းကောင်း၊ ဝမ်းတွင်းကာလများတွင်မိခင်မှ အချင်းကိုမှတစ်ဆင့် တိုက်ရိုက်သော်လည်းကောင်း ရရှိပါသည်။
DHA ၏အရေးပါပုံ
DHA သည် အိုမီဂါ -၃ ဖက်တီးအက်ဆစ် (Omega 3 Fatty Acid) တစ်မျိုးဖြစ်ပြိီး ခန္ဓာကိုယ်အနှံ့ ဆဲလ်များတွင်ရှိပါသည်။ ဦးနှောက်နှင့် မျက်ကြည်လွှာတွင် အများဆုံးတည်ရှိသည့်အလျောက် အမြင်အာရုံဖွံ့ဖြိုးမှု အတွက် မရှိမဖြစ်အရေးပါပါသည်။
ကိုယ်ဝန်ဆောင်ကာလအတွင်း မိခင်၏ DHA စားယူရရှိမှု ပမာဏသည် မိခင်၊ သန္ဓေသား နှင့် မွေးကင်းစကလေးတို့၏ DHA ပမာဏပေါ် သက်ရောက်လွှမ်းမိုးမှုရှိပါသည်။ မိခင်နို့ရည်တွင် DHA သည် သဘာဝအတိုင်းပါရှိပါသည်။ နို့တိုက်ကျွေးသောကာလအတွင်းတွင်လည်း မိခင်နှင့်ကလေးတွင် DHA ပမာဏလုံလောက်ရန်လိုအပ်ပါသည်။
ကိုယ်ဝန်ဆောင်ကာလအတွင်း DHA ပိုမိုစားသုံးနိုင်သောမိခင် သို့မဟုတ် သွေးတွင်း DHAပမာဏ ပိုမိုများပြားစွာရှိနေသော မိခင်တို့၏ ကလေးများတွင် အမြင်အာရုံ နှင့် ဦးနှောက် ဖွံ့ဖြိုးမှု ပိုမိုကောင်းမွန်နေသည်ကို တွေ့ရှိပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်ကျွေးနေသောမိခင်များတွင် DHA ဓာတ်ပြည့်ဝရန် အရေကြီးပါသည်။
DHA ကို သဘာဝအရ ငါးများနှင့် အသီးအနှံမှရရှိသောအဆီများ စားသုံးခြင်းဖြင့် ရရှိပါသည်။ ကိုယ်ဝန်ဆောင် ကာလတွင် မိခင်သည် ခန္ဓာကိုယ်တွင်းသိမ်းဆည်းထားသော DHA ဖြင့်သော်လည်းကောင်း၊ အစားအသောက်မှရရှိသော DHA ဖြင့်သော်လည်းကောင်း သန္ဓေသားကလေးငယ်ကို ထောက်ပံ့ပေးပါသည်။ မိခင်တစ်ဦးသည် ကိုယ်ဝန်ဆောင်ကာလအတွင်း တစ်နေ့လျှင် အနည်းဆုံး DHA ပမာဏ ၂၀၀ မီလီဂရမ် ရရှိရန်လိုအပ်ပါသည်ဟု ကျွမ်းကျင်သူများက အကြံပြုထားပါသည်။
ငါးမစားသော၊ သို့မဟုတ် ငါးအစားနည်းသောမိခင်များတွင်မူ ကိုယ်ဝန်ဆောင်စဉ်အတွင်း တစ်နေ့တာအတွက်လိုအပ်သော DHA ပမာဏရရှိနေမည် မဟုတ်ပါ။ ဤအခါတွင် တစ်နေ့တာအတွက် လိုအပ်သော DHA ပမာဏကိုDHA ပါသောဖြည့်စွက်အားဆေးများသောက်သုံး၍ ရရှိနိုင်ပါသည်။ နို့တိုက်ကျွေးနေသောမိခင်များတွင် DHAပြည့်ဝနေခြင်းသည် နို့တွင်းDHA ပါဝင်မှုနှင့် ကလေးငယ်၏ DHA ပမာဏကိုလည်း တိုးများစေသည်။ မိခင်နို့မရရှိသော ကလေးများအတွက် DHA ပါဝင်သော ကလေးနို့မှုန့်မှရရှိနိုင်ပါသည်။
နိဂုံးချုပ်အနေဖြင့် မိခင်များအနေဖြင့် အစားအသောက်ကို မှန်ကန်အောင်စားသုံးခြင်းဖြင့် မိမိတို့၏ သားသားမီးမီးတို့၏ အမြင်အာရုံနှင့် ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှု ကိုများစွာကောင်းကျိုးပြုနိုင်ပါသည်။ မိခင်နှင့် ကလေးတို့အတွက် လိုအပ်သော DHA ကို အစားသောက်မှ ဦးစားပေး ရရှိစေလိုပါသည်။ ထိုကဲ့သို့မရရှိနိုင်လျှင် လိုအပ်နေသော DHA ကို ဖြည့်စွက်အားဆေးများမှရရှိကာ သားသားမီးမီးတို့၏ အမြင်စွမ်းရည်ကောင်းကို ပေးစွမ်းနိုင်ပါကြောင်း အသိပေးမျှဝေလိုက်ပါသည်။