ကိုလက်စထရောဟုဆိုလာလျှင်လူတိုင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သော သွေးတွင်းအဆီဓာတ်ဟု သိရှိကြပြီးဖြစ်သည်။ သွေးတွင်းကိုလက်စထရောများနေခြင်းသည် ရုတ်တရက်နှလုံးခုန်ရပ်ခြင်း၊ လေဖြတ် လေဖြန်းခြင်းတွေ အစရှိသည်များဖြစ်စေနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရောကဲ့သို့ အရေးကြီးပြီး အန္တရာယ်ပေးနိုင်သော သွေးတွင်းအဆီဓာတ်တစ်မျိုးမှာ ထရိုင်ဂလစ်စရိုက် (Triglyceride) ပင်ဖြစ်သည်။
ထရိုင်ဂလစ်စရိုက် (Triglyceride) ဆိုတာဘာလဲ
ထရိုင်ဂလစ်စရိုက် (Triglyceride) သည် သွေးအတွင်းရှိနေသာ အဆီတစ်မျိုးဖြစ်ပါသည်။ အစာအစားသောအခါတွင် ခန္ဓာကိုယ် လက်ငင်းအသုံးမလို၍ ပိုရှိနေသော ကယ်လိုရီကို ထရိုင်ဂလစ်စရိုက်အနေဖြင့်ပြောင်းလဲလိုက်ပါသည်။ ထိုနောက်တွင် အဆီဆဲလ်များတွင် သိမ်းဆည်းကာ အစာတစ်နပ်နှင့် တစ်နပ်ကြားကာလများတွင် လိုအပ်သော အားအင်အတွက် ပြန်လည်အသုံးပြုပါသည်။ သင့်အနေဖြင့် ပုံမှန် အစားအစာကိုလိုအပ်တာထက် ပိုမိုစားသုံးနေပါက သင်၏သွေးတွင်းထရိုင်ဂလစ်စရိုက်အဆီ များနေမည်ဖြစ်ပါသည်။
သွေးတွင်းထရိုင်ဂလစ်စရိုက် များနေပြီဆိုရင်
သွေးတွင်းထရိုင်ဂလစ်စရိုက်များနေခြင်းက သွေးကြောနံရံများကို မာကြောခြင်း၊ ထူလာခြင်းများကိုဖြစ်စေကာလေဖြတ်ခြင်း၊ ရုတ်တရက်နှလုံးရပ်ခြင်းနှင့် နှလုံးရောဂါ အန္တရာယ်ဖြစ်လာနိုင်ခြေ များစေပါသည်။ သွေးတွင်းထရိုင်ဂလစ်စရိုက် အလွန်များနေပါက မုန့်ချိုအိတ်ရောင်ရမ်းခြင်းထိ ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် သွေးတွင်းကိုလက်စထရောသာမက သွေးတွင်းထရိုင်ဂလစ်စရိုက်ဓာတ်များ များနေလျှင် လျှော့ချကာ ပုံမှန်ထိန်းသိမ်းထားရန် အရေးကြီးလှပါသည်။
ငါးကြီးဆီနှင့် သွေးတွင်းကိုလက်စထရောဓာတ်များ
ငါးကြီးဆီသည် အိုမီဂါ-၃ ဖက်တီးအက်စစ်ရရှိနိုင်သော အရင်းအမြစ်ဖြစ်ပါသည်။ ကျွန်တော်တို့၏ ခန္ဓာကိုယ်သည် များစွာသောလုပ်ငန်းဆောင်တာများအတွက် အိုမီဂါ-၃ ဖက်တီးအက်စစ်လိုအပ်ပါသည်။
အိုမီဂါ-၃ ဖက်တီးအက်စစ်ကို ခန္ဓာကိုယ်မှမထုတ်လုပ်နိုင်သောကြောင့် အစားအစာများမှအဓိကရယူရပါသည်။ ငါးကြီးဆီတွင် အဓိကအားဖြင့် Docosahexaenoic Acid (DHA) နှင့် Eicosapentaenoic Acid (EPA)ဟူသည့် အိုမီဂါ-၃ဖက်တီးအက်စစ်ပါဝင်ပါသည်။ ငါးကြီးဆီအားဖြည့်ဆေးများကို အရည်၊ ဆေးတောင့် နှင့် ဆေးလုံးပုံစံများဖြင့်တွေ့ရပါသည်။
ငါးကြီးဆီသည် သွေးတွင်းထရိုင်ဂလစ်စရိုက်ကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်။
ကိုလက်စထရောတွင်မူ ကောင်းမွန်သည့်ကိုလက်စထရော (High Density Lipoprotein)ကို အနည်းငယ်များစေပါသည်။ သို့သော် မကောင်းသည့်ကိုလက်စထရော(Low Density Lipoprotein) ကိုလည်း ငါးကြီးဆီက အနည်းငယ်တက်စေသည်ကိုတွေ့ရှိရပါသည်။
ငါးကြီးဆီသည် အခြားသောကောင်းကျိုးများဖြစ်သည့်
-နှလုံးရောဂါမှ သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်ခြင်း
-သွေးပေါင်ချိန်ကို အနည်းငယ် လျှော့ချနိုင်ခြင်း
-အဆစ်အမြစ်ရောင်ရမ်းခြင်းကို လျှော့ချခြင်း
တို့ကိုလည်းပေးစွမ်းနိုင်ပါသည်။
ထို့ကြောင့်မိမိတို့အနေနှင့် သွေးတွင်းကိုလက်စထရောနှင့် ထရိုင်ဂလစ်စရိုက် ပမာဏကိုဂရုပြုကာ လိုအပ်ပါက ငါးကြီးဆီကို ဖြည့်စွက်သောက်သုံးနိုင်ကြောင်းအကြံပြု၍ ကျန်းမာသောဘဝ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်လိုက်ပါသည်။