အိပ်စက်ခြင်းသည် ကလေးငယ်များ၏ ဦးနှောက်နှင့်ဉာဏ်ရည်တိုးတက်မှုအတွက်သာမက ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက်လည်း အရေးပါသည်။ လေ့လာတွေ့ရှိချက်များအရ ကောင်းမွန်စွာအိပ်စက်ခြင်းသည် ကလေးငယ်များ၏ နိုးကြားမှု၊ အာရုံစူးစိုက်နိုင်မှု၊ မှတ်ဉာဏ်စွမ်းရည်၊ စိတ်ခံစားမှုနှင့် သင်ယူလေ့လာမှု စွမ်းရည်တို့ကို တိုးတက်စေနိုင်သည်ဟု ဆိုသည်။
ထို့ပြင် မွေးကင်းစအရွယ်နှင့် လမ်းလျှောက်တတ်ခါစအရွယ် ကလေးငယ်များတွင် တစ်ရေးတစ်မောအိပ်စက်ခြင်းက ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေသည်ကိုလည်း တွေ့ရသည်။
အိပ်စက်ခြင်းဆိုင်ရာ မူမမှန်သည့်ပြဿနာသည် ကလေးများတွင် အတွေ့ရများသော ပြဿနာတစ်ခု ဖြစ်သည်။ အမေရိကန်နိုင်ငံ ကလေးအထူးကုဆိုင်ရာအဖွဲ့အစည်း၏အဆိုအရ အိပ်စက်ခြင်းဆိုင်ရာမူမမှန်သည့် ပြဿနာကို ကလေးစုစုပေါင်း၏ ၂၅ % မှ ၅၀ % အထိ တွေ့ရသည်ဟု ဆိုသည်။
ကလေးငယ် ကောင်းမွန်စွာ မအိပ်စက်တော့သောအခါ အမျိုးမျိုးသော ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ခံစားရနိုင်သည်။ ထိုပြဿနာများမှာ –
• ကလေး၏ အထွေထွေကျန်းမာရေး ထိခိုက်လာခြင်း၊ ဖျားနာလွယ်ခြင်း
• မောပန်းနွမ်းနယ်ခြင်း၊ ထိုင်းမှိုင်းခြင်း
• ကျောင်းတွင်း သင်ယူလေ့လာနိုင်မှုစွမ်းရည် ကျဆင်းလာခြင်း
• စိုးရိမ်ပူပန်မှုလွန်ကဲခြင်း၊ စိတ်ဓာတ်ကျခြင်း
• အရွယ်ရောက်လာသည့်ချိန်တွင် အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ စသည့်ရောဂါများဖြစ်နိုင်ခြေ မြင့်တက်စေခြင်း စသည်တို့ ဖြစ်သည်။
အိပ်စက်ခြင်းနှင့် DHA ဆက်စပ်မှု
အိပ်စက်ခြင်းဆိုင်ရာ သုတေသနစာတမ်းထုတ်ပြန်ချက်အရ အသက် ၇ နှစ်မှ ၉ နှစ်အတွင်း ကလေး ၃၉၅ ဦးအား လေ့လာသောအခါ ကလေးငယ်စုစုပေါင်း၏ ၄၀ % ခန့်သည် အိပ်စက်မှုဆိုင်ရာပြဿနာ ခံစားနေရသည် ကိုတွေ့ရသည်။ ထို့ပြင် ဓာတ်ခွဲစမ်းသပ်မှုအရ သွေးတွင်း DHA ပမာဏ နည်းပါးသောကလေးငယ်များသည် အိပ်စက်မှုကာလ တိုတောင်းပြီး DHA ပမာဏ များသော ကလေးငယ်များသည် အချိန်ကြာကြာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်ကြသည်ကို တွေ့ရသည်။
အဆိုပါ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာခံစားနေရသော ကလေးများအား DHA ဖြည့်စွက်ဆေးများကို ရက်သတ္တပတ် ၁၆ ပတ်ခန့် တိုက်ကျွေးသောအခါ အိပ်စက်မှုဆိုင်ရာ အရည်အသွေးမှာ တိုးတက်ကောင်းမွန်လာသည် ကို တွေ့ရသည်။ ထို့ပြင် ညဘက် အိပ်နေစဉ် ယောင်ယမ်း၍ လမ်းလျှောက်ခြင်းများ နည်းပါးလာခြင်း၊ အိပ်စက်သည့်အချိန်ကာလ ပိုမိုရှည်လျားလာခြင်း စသည့် ကောင်းကျိုးများကိုပါ တွေ့ရှိရသည်။
လေ့လာတွေ့ရှိချက်တစ်ခုအရ သွေးတွင်း DHA သည် အိပ်စက်ခြင်းအတွက် အရေးပါသော ဟော်မုန်းဖြစ်သည့် မယ်လတိုနင်ဟော်မုန်း (Melatonin) ထုတ်လွှတ်မှုအား ထိန်းညှိပေးသည်ကို တွေ့ရသည်။ ထို့ကြောင့် DHA သည် ကလေးများ၏ အိပ်စက်မှုအတွက် မရှိမဖြစ် အရေးပါသော ဓာတ်တစ်မျိုးဟု သတ်မှတ်နိုင်သည်။
DHA ခေါ် Docosahexaenoic Acid သည် Omega-3 Fatty Acids အဆီအက်စစ်ဓာတ်များထဲမှ တစ်မျိုးဖြစ်သည်။ ကလေးငယ်၏ ဦးနှောက် ၉၀ % ခန့်ကို Omega-3 Fatty Acids များဖြင့် ဖွဲ့စည်းထားပြီး DHA ဓာတ်သည် ထိုအဆီဓာတ်၏ ၁၀ % မှ ၂၀ % ခန့်အထိ ပါဝင်သည်။ DHA သည် အာရုံကြောဆဲလ်များ၏ အပေါ်ယံလွှာ တည်ဆောက်ရန်အတွက် မရှိမဖြစ်အရေးပါပြီး အာရုံကြောအချင်းချင်းဆက်သွယ်မှုကို များစွာ အထောက်အကူပြုသည်။ DHA ဓာတ်အား ခန္ဓာကိုယ်မှ ပမာဏအနည်းငယ်သာ ထုတ်လုပ်နိုင်သောကြောင့် DHA လုံလောက်စွာရရှိနိုင်ရန် DHA ကြွယ်ဝသော အစားအစာများနှင့် DHA ဓာတ်ဖြည့်စွက်ထားသော ဖော်မြူလာနို့မှုန့်ဘူးများနှင့်အာဟာရမှုန့်ဘူးများကို စားသုံးပေးရန် လိုအပ်သည်။
DHA ကြွယ်ဝသောအစားအစာများမှာ
• Omega-3 အဆီဓာတ်ကြွယ်ဝသော ငါးသေတ္တာငါး၊ ဆာဒင်းငါ၊ တူနာငါး၊ ဆော်လ်မွန်ငါး စသည်
• ပုစွန်အမျိုးမျိုး
• ခရု၊ ကမာ၊ ဂုံး၊ ယောက်သွား အမျိုးမျိုး
• ပင်လယ်ရေညှိ စသည်တို့ဖြစ်သည်။
ထို့ပြင် အခွံမာသီးများ၊ အစေ့အဆန်များ (ဥပမာ – သစ်ကြားသီး၊ မြေပဲ) နှင့် ပဲအမျိုးမျိုးတို့ကို စားသုံးခြင်းဖြင့်လည်း ခန္ဓာကိုယ်တွင်း DHA ထုတ်လုပ်မှုကို အထောက်အကူပြုနိုင်သည်။ အစားအသောက်မှတစ်ဆင့် DHA လုံလောက်စွာ မရရှိနိုင်ပါက DHA ဓာတ်ဖြည့်စွက်ထားသော ဖော်မြူလာနို့မှုန့်ဘူးများ၊ အာဟာရမှုန့်များနှင့် ကွေကာအုပ် (Cereal) ဘူးများကိုလည်း စားသုံးနိုင်သည်။
အိပ်စက်ခြင်းသည် သားသားမီးမီးတို့၏ စိတ်နှင့်ကိုယ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါသည်။ DHA ချို့တဲ့ခြင်းသည် သားသားမီးမီးတို့တွင် ဖြစ်လေ့ဖြစ်ထရှိသော အိပ်စက်ခြင်းဆိုင်ရာပြဿနာများနှင့် ဆက်စပ်မှု ရှိနေသည်ကိုလည်း သုတေသနလေ့လာချက်များအရ သိသာစွာ တွေ့ရှိရသည်။ ထို့ကြောင့် သားသားမီးမီးတို့၏ အိပ်စက်ခြင်းဆိုင်ရာအရည်အသွေးများ တိုးတက်ကောင်းမွန်လာပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့အတွက် မိဘတို့အနေဖြင့် DHA ကြွယ်ဝသော အစားအစာများနှင့်ဖြည့်စွက်အာဟာရမှုန့်များကို ပုံမှန်ကျွေးမွေးပေးကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါသည်။