Essential Fatty Acid ဆိုတာ ဘာလဲ
လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ Polyunsaturated Fatty Acids (PUFA) မပြည့်ဝအဆီတစ်မျိုးဖြစ်ပါသည်။ PUFA မပြည့်ဝဆီဟာ ခန္ဓာကိုယ်ဆဲလ်တွေရဲ့ ဇီဝလုပ်ငန်းဆောင်ရွက်မှုအတွက် လိုအပ်တဲ့အဆီဖြစ်ပါသည်။ Omega-3 Fatty Acids (အိုမီဂါ 3 ဖက်တီးအက်ဆစ်) ဟာ Essential Fatty Acid ဖြစ်ပြီး ကျန်းမာရေးအတွက် စားသုံးသင့်တဲ့အဆီဓာတ်ဖြစ်ပါတယ်။ အိုမီဂါ-3 ဖက်တီးအက်ဆစ် ၃ မျိုးမှာ ALA (Alpha-Linolenic Acid)၊ EPA (Eicosapentaenoic acid) နဲ့ DHA (Docosahexaenoic Acids) တို့ဖြစ်ပါသည်။ EPA နဲ့ DHA အိုမီဂါ-3 ဖက်တီးအက်ဆစ် ၂ မျိုးကို ပင်လယ်ငါးကဲ့သို့ငါးအမျိုးမျိုးတွင်တွေ့ရပြီး Marine Omega-3 လို့လည်းခေါ်ကြပါတယ်။ ALA ဟာ အစေ့အဆန်တွေမှာ ပါဝင်တာကို တွေ့ရပါတယ်။
ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းကျိုးများ
၁။ ကလေးတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောဆဲလ် တည်ဆောက်ဖွံဖြိုးမှုနဲ့ အမြင်အာရုံဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးပါတယ်။
၂။ နှလုံးသွေးကြောစနစ်- သွေးတွင်းရှိ မကောင်းသောအဆီဓာတ်(Triglycerides) ကို လျော့ကျအောင်ပြုလုပ်ပေးပြီး နှလုံးရောဂါနဲ့ ရုတ်တရက်နှလုံးဖောက်၍ သေဆုံးနိုင်ခြေကို နည်းပါးစေခြင်း စတဲ့ နှလုံးနဲ့သွေးကြောစနစ်အတွက် ကောင်းကျိုးတွေပေးပါတယ်။ သွေးကြောနံရံတွေကို ကျန်းမာစေပြီး သွေးခဲဖြစ်ပေါ်မှုနဲ့ သွေးပျစ်ခြင်း၊ သွေးကြောပိတ်ခြင်း မဖြစ်အောင်ကာကွယ်ပေးပါတယ်။ သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းကိုလည်း ထိန်းညှိပေးသလို လေဖြတ်လေဖြန်း၊ လေငန်းရောဂါ ကို ကာကွယ်ပေးနိုင်သည်။
၃။ အိုမီဂါ-3 ဟာ ကောင်းမွန်တဲ့ ပရိုစတာဂလန်းဒင်ဓာတ် (Prostaglandins) ကို ခန္ဓာကိုယ်မှထုတ်ပေးပြီး ဆဲလ်များယောင်ရမ်းခြင်းကို တားဆီးပေးပါတယ်။ ဒါကြောင့် လေးဖက်နာနဲ့ အဆစ်အမြစ်ယောင်ဝေဒနာကို သက်သာစေပြီး အရောင်ကျဆေးများနှင့် တွဲဖက်သောက်သုံးလျှင် ဆေး၏ အာနိသင်ကိုပိုတိုးစေပါသည်။
၄။ စိတ်ကျဝေဒနာ- အိုမီဂါ 3 ဖက်တီးအက်ဆစ်ဟာ စိတ်ကျဝေဒနာဖြစ်ပွားမှုမှ တားဆီးပေးတဲ့ ဟော်မုန်း တစ်မျိုးကို ထွက်စေတဲ့အတွက် စိတ်ကျဝေဒနာလက္ခဏာခံစားရမှုကို လျော့နည်းစေပါတယ်။ Omega-3 EPA ကြွယ်ဝတဲ့ အစားအစာ၊ ဒါမှမဟုတ် ဖြည့်စွက်ဆေးဝါး သောက်နေသူတွေမှာ စိတ်ကျရောဂါ ဖြစ်ပွားနှုန်း ကျဆင်းပြီး ရောဂါဖြစ်နေသူတွေမှာ ပြန်လည်ကောင်းမွန်လာတာကို တွေ့ရပါတယ်။
၅။ Omega-3 DHA ဟာ ခန္ဓာကိုယ်တွင်းကို ရောဂါပိုးမဝင်ရောက်နိုင်အောင် ကာကွယ်တားဆီးပေးတဲ့ ပရိုစတာဂလန်းဒင်ဓာတ်ကို ထုတ်ပေးပြီး ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပါတယ်။ အလွယ်တကူဖျားနာခြင်း ကိုလည်း မဖြစ်စေပါ။
၆။ ပန်းနာရင်ကျပ်ရောဂါ – အိုမီဂါ 3 ဟာ ယောင်ရမ်းမှုကို တားဆီးပေးတဲ့ IgE ထွက်စေပြီး အဆုတ်လေပြွန်ယောင်ရမ်းမှုနဲ့ ပန်းနာရင်ကျပ်ရောဂါကို သက်သာစေပါတယ်။
၇။ အဲ(လ်)ဇိုင်းမားရောဂါ – သက်ကြီးရွယ်အိုတွေမှာဖြစ်လေ့ရှိတဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့ Alzheimer’s Disease ရောဂါလက္ခဏာတွေကို အိုမီဂါ 3 ပါတဲ့ ငါးများကိုစားသုံးခြင်း၊ ဆေးဝါးတွေ မှီဝဲခြင်းဖြင့် သက်သာစေနိုင်တယ်လို့ သုတေသနတချို့အရသိရပါတယ်။ အိုမီဂါ-3 ဓာတ်ဟာ အဲ(လ်)ဇိုင်းမားရောဂါကိုလည်း ကာကွယ်နိုင်ပါတယ်။
၈။ ADHD – အိုမီဂါ 3 ပါတဲ့ငါးတွေကို စားသုံးစေခြင်းဖြင့် အာရုံစူးစိုက်နိုင်မှုအားနည်းတဲ့ ADHD ရောဂါကို သက်သာစေပြီး မှတ်ဥာဏ်၊ စိတ်ပိုင်းဆိုင်ရာအခြေအနေ। စဉ်းစားတွေးတောဥာဏ်၊ သင်ယူနိုင်စွမ်း စတာတွေကို တိုးတက်စေပါတယ်။
၉။ DHA ဓာတ်ဟာ ဆဲလ်အမြှေးပါးများကို ကျန်းမာစေပြီး အာရုံကြောဆဲလ်တွေကို သန်စွမ်းစေပြီး အာရုံကြောနှင့် မျက်စိ ကျန်းမာရေး ကို အထောက်အကူ ပြုပါတယ်။
၁၀။ အတက်ရောဂါ- အိုမီဂါ-3 စားသုံးမှုဟာ အတက်ရောဂါဖြစ်နှုန်းကို လျော့ကျစေတယ်လို့ ဦးနှောက်နဲ့အာရုံကြောဆေးပညာဂျာနယ်အချို့မှာ ဖော်ပြထားပါတယ်။
၁၁။ Omega-3 ဟာ သွေးတွင်းအဆီဓာတ်နဲ့ ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေတဲ့ အာနိသင်ရှိပါတယ်။
၁၂။ ဓာတ်မတည့်မှုကိုဖြစ်စေတဲ့ IgE ထုတ်လုပ်မှုကို အိုမီဂါ-3 ကလျှော့ချပေးနိုင်တာကြောင့် အရေပြားနဲ့ တခြားဓာတ်မတည့်ရောဂါအမျိုးမျိုးကို သက်သာစေပြီး အရေပြားခြောက်သွေ့ခြင်းကိုကာကွယ်ပေးတယ်။ ဆံပင်၊ လက်သည်းနဲ့ အရေပြားတို့ကို ကျန်းမာကောင်းမွန်စေတယ်။
အဆီဓာတ်ကို စားသင့်သလား?
ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံအရ အဆီကိုရှောင်ကြဥ်ရမည်ဖြစ်ပေမဲ့ ကျန်းမာရေးအကျိုးပြု အိုမီဂါ-3 မပြည့်ဝဆီကိုမူ တစ်နေ့တာလိုအပ်ချက် ပမာဏထက်မကျော်လွန်ဘဲ ပုံမှန်မှီဝဲရန် လိုအပ်ပါတယ်။
ပင်လယ်ငါးတွေ ဖြစ်တဲ့ ဆော်လမွန်ငါး၊ ဆာဒင်း၊ ဆာဘငါး၊ မက်ကရယ်ငါး၊ တူနာငါးစတဲ့ ငါးအမျိုးမျိုးနဲ့ ပင်လယ်စာအမျိုးမျိုး၊ ငါးကြီးဆီတွေမှာ DHA Omega-3 အများဆုံးတွေ့ရပါတယ်။ အပင်မှထွက်တဲ့အဆီတွေ၊ အစေ့အဆန်တွေမှာလည်း Omega-3 ကြွယ်ဝစွာပါဝင်ပါတယ်။ Omega-3 ဟာ ငါးက ထုတ်လုပ်တဲ့အတွက် အနံ့နံပြီး ပါးစပ်ထဲမှာ ညှီတဲ့အရသာ ကျန်ခဲ့ခြင်း ဝမ်းပျော့ပျော့သွားခြင်း မူးဝေခြင်းနဲ့ တစ်ရက် ၃ ဂရမ် အထက်စားသုံးသူတွေမှာ အစာအိမ်နာခြင်း၊ သွေးမတိတ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ငါးနဲ့ ဓာတ်မတည့်သူတွေ၊ သွေးကျဲဆေးသောက်သုံးနေရသူတွေ သတိနဲ့သောက် သုံးသင့်ပါတယ်။
အထက်ဖော်ပြပါ ကျန်းမာရေးကောင်းကျိုးတွေရှိတဲ့ Omega-3 ပါ ပင်လယ်ငါးတွေကို တစ်ပတ်၂-၃ ကြိမ်အထိ စားပေးသင့်ပြီး တခြား Omega-3 ကြွယ်ဝတဲ့အစားအစာတွေကို နေ့စဥ်ပုံမှန်မှီဝဲသင့်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ ကလေးအသက် ၆ လကျော် ဖြည့်စွက်စာကျွေးလျှင် ပင်လယ်ငါး တစ်မျိုးမျိုးကို တစ်ပတ်နှစ်ကြိမ် ထည့်ကျွေးပေးသင့်ကြောင်း Omega-3 ပါဝင်တဲ့ ဖြည့်စွက်အားဆေးတွေကို တတ်ကျွမ်းနားလည်တဲ့ဆရာဝန်တွေရဲ့ ညွှန်ကြားချက် ပမာဏအတိုင်းသာသောက်သုံးသင့်ကြောင်း အသိပေးရေးသားလိုက်ရပါတယ်ရှင့်…….