“ပူပန်ကြောင့်ကြစိတ်နဲ့ အသက်ရှင်နေထိုင်ရင်းနဲ့…. စိတ်ဓာတ်တွေပျက်… စမ်းတဝါးဝါး လမ်းတွေထက်.. ကိုယ့်ကိုယ်ကိုယ် …. အားတင်းရှေ့ဆက်…”
အဆိုတော် ပိုးမီရဲ့ “လောကဓံရဲ့ မနက်ဖြန်” သီချင်းလေးထဲက စာသားလေးဖြစ်သည်။ သူကိုယ်တိုင် ကိုဗစ်ဖြစ်နေချိန်မှာရေးခဲ့သည့် ဤသီချင်းစာသားကို ကြည့်လျှင် သူ့အနေဖြင့် ရောဂါဖြစ်နေချိန် ဘယ်လောက်တုန်လှုပ်ခဲ့သလဲဆိုတာကို မှန်းဆကြည့်နိုင်သည်။
ရန်ကုန်တွင် ကိုဗစ်တတိယလှိုင်းပြင်းထန်နေချိန် ပိုးမီ စဖျားသည်။ ဖြစ်စက ကိုယ်လက်ကိုက်ခဲတာခံစားရပြီး တုပ်ကွေးလား၊ ကိုဗစ်လား မသဲကွဲဘဲ သုံးရက်လောက်အကြာ အနံ့ပျောက်ချိန်တွင်တော့ ကိုဗစ်မှန်းသိလိုက်ရသည်။ အနံ့ပျောက်နေသည့်ရက်များတွင် ပိုးမီ အဖျားတက်သည်၊ နှာခေါင်းပိတ်သည်၊ ဝမ်းသွားသည်။
“အဖျားက တစ်နေ့ခင်းလုံးဆို အကောင်း၊ အနံ့ပျောက်ပြီး လေးငါးရက်လောက်မှာမှ ညဘက်တွေဆို အဖျားတက်တာ။ လူက လုံး၀ သတိလစ်မတတ်ပဲ။ ရေပတ်တွေတိုက်လည်း ခဏပဲ အဖျားမကျဘူး။ ကိုယ့်ကိုယ်ကိုယ် သတိလစ်နေပြီ၊ မျောနေပြီလို့တောင်ထင်ရတယ် အဲ့လောက်ထိ အဖျားတက်တာ။”
ဟု သူကိုယ်တိုင်ကြုံခဲ့ရသည့် ကိုဗစ်ရောဂါအကြောင်းကို အသက် ၃၃ နှစ်ထဲရောက်လာသည့် အဆိုတော်က ပြောသည်။
သူ လိုအပ်သည့် ဆေးတွေသောက်တယ်။ အဖျားပျောက်ဆေး၊ ကိုယ်ခံအားကောင်းဆေး၊ အားဆေး စသဖြင့် စုံအောင်သောက်သည်။ ဆေးအမယ်များလွန်းသဖြင့် အကုန်တောင် ပြန်မမှတ်မိတော့ဟုဆိုသည်။
“ကိုယ်ကိုယ်တိုင်ဖြစ်နေတဲ့အခါကျတော့ စိုးရိမ်စိတ်ကတော့ ရှိတာပေါ့။ ကြောက်စိတ်ရှိတဲ့အပြင်ကို ဖေ့စ်ဘွတ်ခ်ကိုကြည့်ရင် ကိုယ်အသိတွေတော်တော်များများလည်း ဆုံးကြတယ်။ အဲဒါတွေကိုကြည့်ပြီး စိတ်မကောင်းလည်းဖြစ်တယ်။ ရှော့ခ်ရတယ်။”
ရန်ကုန်အပါအဝင် မြို့ကြီးများတွင်ကူးစက်မှုပြင်းထန်နေသည့်ထိုအချိန်တွင် ဆိုရှယ်မီဒီယာကြည့်လိုက်လျှင် ဝမ်းနည်းကြောင်း Post နှင့် ကောင်းရာသုဂတိလားပါစေ Comment များ ပလူပျံနေခဲ့သည်။
“အောက်ဆီဂျင်ကလည်း ၉၂ လောက်ထိ တစ်ရက်နှစ်ရက်လောက်ကျသွားတယ်။ ဖေ့စ်ဘွတ်ခ်ကသတင်းတွေဖတ်ပြီး ကြောက်လန့်ပြီးဖြစ်သွားတာ။”
ဟု Myanmar Idol စတားက ရယ်မောရင်း ပြန်ပြောပြသည်။
“အဓိကက ကိုဗစ်က အဆုတ်ကို တိုက်ခိုက်တယ်ဆိုတော့ သီချင်းဆိုတဲ့သူတွေကလည်း အဆုတ်အားကောင်းမှ သီချင်းကောင်းကောင်းဆိုလို့ရတာဆိုတော့ အရမ်းစိုးရိမ်တယ်။”
အရသာပျက်နေသည့်အတွက် စားရသောက်ရတာလည်း အဆင်မပြေလှ။ စားစရာတိုင်းက ပေါ့ရွှတ်နေသလိုဖြစ်နေသည်။ သို့သော် ကိုဗစ်ကို အနိုင်တိုက်ဖို့အတွက် ကိုယ်ခံအားကောင်းအောင် အစားများများစားဖို့လိုသည်ကို သူ အနုလုံပဋိလုံရွတ်သည်။ အားရှိမယ်ထင်သမျှ မဝင်ဝင်အောင်စားသည်။
“ဘာစားစား တစ်မျိုးကြီးပဲ။ ပေါ့ရွှတ်ရွှတ်ကြီးလိုဖြစ်တာပေါ့။ စားချင်စိတ်မရှိဘူး။ ဒါပေမဲ့လည်း ညီမတွေက မစားလို့မရဘူးဆိုတော့ တစ်ချိန်လုံး အားရှိမယ့် ကြက်စွပ်ပြုတ်တွေရော ကြက်ဥပြုတ်က အမြဲတမ်းစားနေရတဲ့အခါကျတော့ မြင်တောင်မမြင်ချင်ဘူး။ မုန်းတောင် မုန်းနေပြီ။ အစားလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခဲ့ရတာပေါ့။”
ကိုဗစ်က အဆုတ်နှင့် အသက်ရှူလမ်းကြောင်းကို အဓိကဖျက်စီးသည့်ရောဂါဖြစ်သည့်အတွက် သူ အဆုတ်အတွက် စိုးရိမ်သည်။
“အဓိကက ကိုဗစ်က အဆုတ်ကို တိုက်ခိုက်တယ်ဆိုတော့ သီချင်းဆိုတဲ့သူတွေကလည်း အဆုတ်အားကောင်းမှ သီချင်းကောင်းကောင်းဆိုလို့ရတာဆိုတော့ အရမ်းစိုးရိမ်တယ်။”
စိုးရိမ်မှုတွေရှိသော်လည်း ကိုဗစ်ကို ဘယ်လိုနည်းနှင့်မှ အရှုံးမပေးဖို့ အားတင်းထားသည်။ ကိုဗစ်ကို ရအောင်တွန်းလှန်မည်။
“အဓိကကတော့ ကိုဗစ်ကိုအရှုံးမပေးချင်ဘူး။ အဓိကကတော့ ကျွန်မအတွက် စိတ်ခွန်အားပဲ။ ဒီရောဂါနဲ့ ငါ့ကိုယ်ငါ ထိခိုက်အောင်လုပ်လို့မရဘူးဆိုတဲ့စိတ်၊ ငါ ပြန်ကောင်းကိုကောင်းရမယ် ဆိုတဲ့စိတ်ကတော့ ရှိတယ်။ ဒီစိတ်ခွန်အားနဲ့ပဲ အကောင်းဆုံး ကျော်ဖြတ်ခဲ့တာပါ။”
မိသားစုနှင့် အဝေးတွင်နေထိုင်ရသည့် ပိုးမီအတွက် သူချစ်သည့်ဂီတကလည်း အဖော်မွန်ကောင်းဖြစ်သည်။ ဂစ်တာတီးပြီး သီချင်းဆိုနေရလျှင် သူစိတ်သက်သာသည်။
“ကိုယ်က အနုပညာသမားဖြစ်တဲ့အတွက် အိမ်မှာ ကိုယ့်အခန်းထဲမှာပဲ ဂစ်တာတီးတယ်။ စာလေးတွေဖတ်တယ်။ အဲဒီလိုဖြေပြီးတော့ပဲနေတယ်။ ကိုယ်ဝါသနာပါတဲ့အလုပ်လေးတစ်ခုကို လုပ်နေရတဲ့အခါကျတော့ စိတ်က ဒီရောဂါကြီးထဲမှာ မရှိနေတဲ့အခါ နေရထိုင်ရတာ နည်းနည်းလေး ပိုပြီးသက်သာတယ်။”
‘စားလည်း ဂီတ၊ သွားလည်း ဂီတ’ဖြစ်နေသည့်သူ့လိုအဆိုတော်တစ်ယောက်အတွက် ကိုဗစ်ဖြစ်လျှင်ပင် ဂီတနှင့် မကင်း။ ကိုဗစ်နှင့်ပတ်သက်သည့် ခံစားမှု၊ သူ့အတွေးအမြင်များကို သီချင်းတစ်ပုဒ်ဖန်တီးသည်။
“ကိုယ်တိုင်ကြုံမှ သိခဲ့ရတဲ့ … ဒုက္ခတွေ…ပြောနေဆိုနေရင်းနဲ့… ဆုံးပါးသွားတဲ့မိတ်ဆွေတွေ… ဘယ်အချိန်ကြုံမလဲ… ရက်စက်တဲ့ ဒီလောကဓံတွေ…ကိုယ့်ကိုယ်ကိုယ်သာ ပြင်ဆင်ရင်းနဲ့ စောင့်နေ…”
စသည်ဖြင့် အစချီပြီးရေးထားသည့် ‘လောကဓံရဲ့မနက်ဖြန်’ အမည်ရ သီချင်းလေးက ဇူလိုင်၊ ဩဂုတ်ကာလ မြန်မာပြည်ကပ်ရောဂါမုန်တိုင်းပြင်းထန်သည့်အခြေအနေကို လှစ်ဟပြနေသည်။
အနံ့ပျောက်ပြီး ဆယ်ရက်ခန့်အကြာတွင် ပိုးမီ တော်တော်လေး နေပြန်ကောင်းလာသည်။ အဆုတ်ထိခိုက်ပျက်စီးမှုကြီးကြီးမားမားမရှိသည့်အတွက်လည်း အဆိုတော်တစ်ယောက်အတွက် ဝမ်းသာစရာဖြစ်သည်။
ကိုဗစ်က ကြောက်စရာဆိုသော်လည်း အလွန်အကျွံမကြောက်ဖို့နှင့် စိတ်ဓာတ်မကျဖို့ အရေးကြီးသည်ဟု သူက ယုံကြည်သည်။
“အဓိကက စိတ်ပေါ့။ စိတ်အပေါ်မှာ အများကြီးမူတည်တယ်။ စိတ်လျှော့ချလိုက်ရင် သူက ကိုယ့်ကို အရမ်းဒုက္ခပေးနိုင်တယ်ပေါ့။ အတတ်နိုင်ဆုံး ငါပြန်ကောင်းရမယ်ဆိုတဲ့စိတ်နဲ့နေရမယ်။
ကိုဗစ်ကို အောင်မြင်စွာ အနိုင်တိုက်နိုင်ခဲ့သည့် ပိုးမီက အခြားသူများအတွက်လည်း ယခုလို ဝေမျှသည်။
“အဓိကက စိတ်ဓာတ်မကျပါနဲ့၊ ကိုယ့်ကိုယ်ကိုယ် ကိုယ်ခံအားကောင်းအောင်ကြိုးစားပါ။ အစားအသောက်၊ အနေအထိုင်ကအစ အကုန်လုံး စနစ်တကျနဲ့စားပါသောက်ပါ။ ပြီးရင် အသက်ရှူလေ့ကျင့်ခန်းတို့၊ ရေနွေးငွေ့ရှူတာတို့ လုပ်သင့်ပါတယ်။ ကိုယ့်မှာ ရောဂါအခံတို့ဘာတို့ရှိရင်လည်း ဒီရောဂါစဖြစ်ပြီဆိုတာနဲ့ အောက်ဆီဂျင်ကျတာမကျတာ အသာထား၊ ကိုယ့်အတွက် အောက်ဆီဂျင် ရနိုင်မယ့်နည်းလမ်းလေးတွေလည်း ကြိုပြီးစဉ်းစားထားပါလို့ အကြံပေးချင်ပါတယ်။”
OnDoctor Team
(ယခုဆောင်းပါးသည် ကာယကံရှင်၏အတွေ့အကြုံဖြစ်ရပ်မှန်ကို မေးမြန်းပြီးတင်ပြထားခြင်းဖြစ်ပြီး ဆောင်းပါးပါ ဓာတ်ပုံများသည် ကာယကံရှင်၏ခွင့်ပြုချက်ဖြင့် ဖော်ပြထားခြင်းဖြစ်ပါသည်။ ဆောင်းပါးတွင်ဖော်ပြပါရှိသည့် ဆေးဝါးနှင့် ကုသမှုနည်းလမ်းများသည် ကာယကံရှင်၏အတွေ့အကြုံသာဖြစ်၍ စာဖတ်သူများအနေဖြင့် ဆေးဝါးနှင့်ကုသမှုများလိုအပ်ပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးရန် တိုက်တွန်းအပ်ပါသည်။)