ကိုယ်ဝန်ဆောင်ချိန်မှာ မွေးလာမယ့်ကလေးလေးအတွက် ပျော်ရွှင်စိတ်လှုပ်ရှားရတဲ့ အချိန်ရှိသလို စိတ်ရောလူပါ ပင်ပန်းရတဲ့အချိန်တွေလည်းရှိကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ခံစားရတဲ့ ဝေဒနာအများစုဟာ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးသား ဟော်မုန်း အပြောင်းအလဲကြောင့် ဖြစ်ခြင်းဖြစ်ပါတယ်။ အတွေ့အများဆုံးပြဿနာကတော့ ကိုယ်ဝန်အစောပိုင်းကာလတွေမှာ ဖြစ်တတ်တဲ့ Morning Sickness ပါ။ တချို့အမျိုးသမီးတွေမှာဆိုရင် ကိုယ်ဝန်ဆောင်စဉ် တစ်လျှောက်လုံးမှာ တွေ့ရတတ်ပါတယ်။
Morning Sickness လက္ခဏာများ
Morning Sickness ခံစားရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ပျို့တက်ခြင်း၊ အန်ခြင်းတွေ ခံစားရကြပါတယ်။ အစားအသောက်အနံ (သို့မဟုတ်) အရသာတစ်ခုခုကြောင့် ပိုဆိုးစေတတ်ပါတယ်။ Morning Sickness ဟာ ကိုယ်ဝန် ပထမအပိုင်းခြား (First Trimester) မှာ တွေ့ရတတ်ပြီး အထူးသဖြင့် ကိုယ်ဝန် သန္ဓေစတည်ပြီး ၉ ပတ်မြောက်မှာ စတင်ခံစားရတတ်ပါတယ်။
ဘယ်သူတွေမှာ Morning Sickness ပိုဖြစ်နိုင်မလဲဆိုရင်-
-ယခင် ကိုယ်ဝန်ဆောင်စဉ်က Morning Sickness ခံစားရဖူးသူ
-ရောဂါအခံရှိသူများ (အသည်းရောဂါ၊ သိုင်းရွိုက် ရောဂါ)
-ကိုယ်ဝန် မဆောင်ခင် ယခင်ကတည်းက အကြောင်းအမျိုးမျိုးကြောင့် ပျို့အန်လွယ်သူများ (ဥပမာ- ကားမူးတတ်ခြင်း၊ Migraine ခေါင်းတစ်ခြမ်းကိုက် ရောဂါ စသဖြင့်)
-အမြွှာပူးကိုယ်ဝန်ဆောင်မိခင်များ
စသူတွေမှာ ပိုပြီး တွေ့ရတတ်ပါတယ်။
- ကိုယ်ဝန်ဟာ မိန်းကလေး ကိုယ်ဝန်ဖြစ်နေလျှင်
- မိသားစု မျိုးရိုးထဲမှာ Morning Sickness ဆိုးဆိုးရွားရွားခံစားရသူရှိခဲ့ဖူးလျှင်
- ယခင်တစ်ခါ ကိုယ်ဝန်တုန်းကလည်း Morning Sickness ကို ဆိုးရွားစွာ ခံစားခဲ့ရဖူးလျှင်
ယခု ကိုယ်ဝန်ဆောင်ချိန်မှာ အခြား ကိုယ်ဝန်ဆောင်တွေထက် ခံစားရတဲ့ လက္ခဏာက ပိုဆိုးနေတတ်ပါတယ်။ ဒီလိုဖြစ်တာကို Hyperemesis Gravidarum လို့ ခေါ်ပါတယ်။
အများစုက သာမန်သောက်ဆေး၊ သို့ အစားအသောက်လောက်နဲ့ သက်သာပေမဲ့ တချို့အမျိုးသမီးတွေမှာ Hyperemesis Gravidarum လို့ခေါ်တဲ့ လက္ခဏာ ဆိုးဆိုးဝါးဝါးတွေ ခံစားရတတ်ပါတယ်။
ဘယ်လိုအခြေအနေတွေဆို စိုးရိမ်ရသလဲ
-ဘယ်အစားအသောက်မှ စားမဝင်ပဲ တောက်လျှောက် အန်နေခြင်း
-ရင်တုန်ခြင်း
-မတ်တပ်ရလိုက်စဉ် ရိပ်ခနဲမူးဝေသွားခြင်း
-ဆီးသွားနည်းပြီး ဆီးအရောင်ရင့်ခြင်း
စတာတွေဖြစ်လာခဲ့ရင် မိမိ ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးသင့်ပါတယ်။
Morning Sickness ဟာ မဖြစ်အောင် ကာကွယ်လို့ မရပေမယ့် သက်သာအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီး အများစုဟာ အစားအသောက် ပုံစံကို ပြောင်းလဲပေးလိုက်တဲ့အခါ Morning Sickness လက္ခဏာတွေ သက်သာလာပါတယ်။
Morning Sickness သက်သာအောင် ဘယ်လို စားသောက်ပေးရမလဲ
- အစားစားတဲ့အခါ တစ်ခါစားရင် နည်းနည်းချင်းစီ ခွဲပြီး တစ်နေ့ကို ငါးကြိမ်- ခြောက်ကြိမ် ခန့် ခွဲစားပါ။
- ဖြည်းဖြည်းချင်း အစာကြေညက်နေအောင် ဝါးစားပါ။
- အနံ့ပြင်းတဲ့ အစားအသောက်တွေကို တတ်နိုင်သလောက် ရှောင်ပါ။
- အဆီအဆိမ့် များပြီး အီစေနိုင်သော အစားအစာများ၊ အလွန်စပ်သော အစားအစာများ၊အလွန်ပူသော အစားအသောက်များ ကိုရှောင်ပါ။
- အရည်များများ သောက်ပေးပါ။
- မနက် ထထချင်းကို ရင်ပြည့်အောင် မစားဘဲ အဆာပြေလောက် အရင်စားပေးပါ။
Morning Sickness ကို သက်သာစေမယ့် အစားအသောက်များ
- ရေခဲထည့်ဖျော်ထားသော သစ်သီးဖျော်ရည်၊ Smoothies နဲ့ ဒိန်ချဉ်များ
- အစာကြေလွယ်၊ ဝါးရလွယ်သော စားစရာများ၊ ဥပမာ-Cracker ၊ ဘီစကစ် စသည်
- ဌက်ပျောသီး
- ဖရဲသီး
- Herbal Tea
- ချင်းပြုတ်ရည်
- စွပ်ပြုတ်အမျိုးမျိုး
- Peppermint Tea
- Cereals
- ရေခဲမုန့်၊ ရေခဲချောင်းနဲ့ အအေးခံထားတဲ့ အစားအသောက်များ
Author: Dr. Aye Myat