“အဆုတ်တစ်ခုလုံး ဖြူဖွေးနေပြီ။”
နမိုးနီးယားဖြစ်နေသည့် ကိုကောင်းထက်ဇော်မှာ အဆုတ်တစ်ခုလုံး ရစရာမရှိအောင် အခြေအနေက ဆိုးရွားနေသည်။ သူ့ဓာတ်မှန်ကိုကြည့်ပြီး ဆရာဝန်များက အခြေအနေကောင်းဖို့မလွယ်တော့ဟုပင် မှတ်ချက်ပြုကြသည်။
ဇွန်လ လဆန်းပိုင်းသည် မြန်မာပြည်အတွက်တော့ ဂြိုဟ်ဆိုးထပ်ဝင်သည့်ကာလဖြစ်သည်။ လအတန်ကြာငြိမ်သက်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်က တစ်ကြော့ပြန် ကူးစက်လာခဲ့ပြီး စောစောစီးစီး ကံဆိုးသူစာရင်းတွင် ကိုကောင်းထက်ဇော်တို့ မိသားစုပါသွားသည်။
“ဇွန် ၂၉ မှာ အဖေက ဝမ်းတွေလျှောပြီး ကိုယ်တွေပူတယ်။ အဓိကက အမေလည်း ဝမ်းလျှော၊ ကိုယ်ပူတယ်။ သုံးရက်လောက်ကျတော့ အဖျားတော်တော်တက်လာတယ်။ ဝမ်းတွေလျှောတယ်။ နှလုံးခုန်လည်းမြန်လာတယ်။”
ဟု မိသားစုဝင်များ ကိုရိုနာဗိုင်းရပ်စ် စအကူးခံရသည့်အခြေအနေအကြောင်းကို MRTV-4 ၏ ပင်တိုင်စီစဉ်တင်ဆက်သူ ကိုကောင်းထက်ဇော်က ပြောပြသည်။
Test Kit ဖြင့် တစ်မိသားစုလုံးကို စစ်ကြည့်တော့မှ အားလုံးမျက်လုံးပြူးသွားရသည်။ အဖေ Positive၊ အမေ Positive၊ ပြီးတော့ အဒေါ်တစ်ယောက်လည်း Positive။ ဘယ်သူမှမထင်ထားသည့် တတိယလှိုင်းစတင်ရိုက်ခတ်ချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုက ဘက်ပေါင်းစုံတွင် အဆင့်သင့်မဖြစ်။
“အဲဒီအချိန်မှာ ဘာစင်တာမှမဖွင့်ဘူး။ ဆေးရုံပို့ရမှာလားဆိုတော့ မေးကြည့်တော့လည်း ကုတဲ့ဟာက သက်သက်၊ ဆရာဝန်တွေအကုန်လုံးကလည်း ဒါက ပိုးသတ်ဆေးပဲသောက်ပေ့ါနော်။ အခြေအနေစောင့်ကြည့် အဲ့လိုပဲပြောတာ။ ဘယ်သူ့ကို ဆရာတင်ရမှန်းမသိဘူးဗျာ။”
ဟု အများက ကိုကောင်းကြီးဟုချစ်စနိုးခေါ်သည့် ကိုကောင်းထက်ဇော်က ဆက်ပြောသည်။
ကုသမှုခံယူဖို့အတွက် အဆင့်ဆင့်စုံစမ်းမေးမြန်းရင်း ကိုကောင်းကြီးတို့ အင်းလျားစင်တာသို့ ရောက်သွားသည်။ ပြန်ဖွင့်စ စင်တာတွင် ဆရာဝန်တစ်ယောက်သာရှိပြီး သူတို့မိသားစုက ပထမဆုံး Q ဝင်သူများဖြစ်သည်ဟုဆိုသည်။
တစ်ဦးတည်းသောသားဖြစ်သူ ကိုကောင်းထက်ဇော်အနေဖြင့် အဖေနှင့်အမေကို အနီးကပ် သေချာပြုစုသည်။ ရောဂါဒဏ်အလူးအလဲခံနေရသည့် မိဘနှစ်ပါးကိုဂရုစိုက်ရင်း သူကိုယ်တိုင်လည်း ချောင်းလေးတဟွတ်ဟွတ်ဖြစ်လာသည်။ တစ်ပတ်လောက်အကြာတွင် မိဘနှစ်ပါးက သက်သာလာသော်လည်း ကိုကောင်းကြီး အဖျားတွေစတက်လာသည်။ ပိုဆိုးသည်က နမိုးနီးယားလက္ခဏာများပါ ထပ်ပြလာတော့သည်။
“နမိုးနီးယားဝင်တဲ့အချိန်မှာ အဲဒီနေ့က ကျွန်တော်ဖျားနေပြီ။ ပါရာစီတမောကို ကျွန်တော်ရိုးရိုးတောင်မဟုတ်ဘူး။ နှစ်လုံးတောင်သောက်တာ။ နှစ်လုံးသောက်လည်း မကျဘူး။ နောက်ဆုံး အိပ်ရာပေါ်မှာ ပစ်လဲသွားတယ်။ ကျောထဲကနေ ချမ်းတာချမ်းတာ။ စဖြစ်တဲ့အချိန်မှာ အရမ်းချမ်းတာ။ ချောင်းတွေ တအားဆိုးပြီးချောင်းထဲကနေ သွေးတွေထွက်လာတယ်။ ချွဲတွေထွက်လာတယ်။”
အောက်ဆီဂျင်ကလည်း ပုံမှန်မှရှိတော့ဘဲ တဖြည်းဖြည်းကျလာသည်။ စပြီးတိုင်းတော့ ၉၅။ နောက်ရက်ကျတော့ ၉၂၊ နောက်ရက်ကျတော့ ၉၀။ နောက်ဆုံးတွင် အောက်ဆီဂျင်ခန်းသို့ပြောင်းရန် ဆရာဝန်က ညွှန်ကြားလာတော့သည်။
“ကျွန်တော့်ကို ဝှီးချဲနဲ့လာခေါ်ကြတယ်။ အသည်းသန်ကြီး အောက်ဆီဂျင်ခန်းထဲထည့်တယ်ဆိုတော့ ကျွန်တော်လည်း ကြောင်သွားတာပေါ့။ ဟိုလည်း ရောက်ရော ဟုတ်တယ်ဗျာ ကွက်တိပဲ။ ငါးနာရီလောက် နောက်ကျတယ်ဆိုရင် ကျွန်တော်ရှောဖို့များတယ်။
ဟု အသက် ၃၅ နှစ်အရွယ် စီစဉ်တင်ဆက်သူက ပြောသည်။
ကိုကောင်းကြီး ဝမ်းတွေလည်း ဆက်တိုက်သွားသည်။ အစားလုံး၀မဝင်သဖြင့် Drip သွင်းရသည်။
“ဘာမှလှုပ်လို့မရဘူး။ လှုပ်တာနဲ့ သေမတတ်ချောင်းဆိုးတယ်။ လေဆိုတာကိုရှူလို့မရအောင် အဆုတ်ကြီးပိတ်နေတယ်လို့ ခံစားရတယ်။ သက်သာသလိုပဲ ငြိမ်ငြိမ်လေးနေမယ်။ မလှုပ်ဘူး။ ဖြစ်နေတဲ့ခံစားချက်ကို လုံး၀လျှော့လိုက်ပြီ။ လျှောရင်လည်းလျှောပါစေ။ တစ်ခုတော့ရှိတယ် ပါးစပ်ကတော့ရွတ်နေတယ် ဘုရားကယ်ပါ ဘုရားကယ်ပါ။”
ထိုရက်များက အင်လျားစင်တာသို့ အရေးပေါ်လူနာတော်တော်များများရောက်လာခဲ့သည်။ ဝမ်းနည်းစရာကောင်းသည်က အင်းလျားစင်တာတွင်ရော ရန်ကုန်တစ်မြို့လုံးတွင်ပါ ကိုဗစ်ကြောင့်သေဆုံးမှုများက တစ်နေ့ထက်တစ်နေ့ များလာခဲ့သည်။
သူ့အနေဖြင့် ချောင်းတဟွတ်ဟွတ် ဆက်တိုက်ဆိုးသလို အောက်ဆီဂျင်ကလည်း ၈၀ ကျော်အထိ ကျလာသည်။ Dexa, CS 2 အပါအဝင် လိုအပ်သောဆေးများ ဆက်တိုက်ထိုးရသည်။ သောက်ရသည်။
ကိုဗစ်စင်တာတွင် ရောက်နေသော်ငြား အောက်ဆီဂျင်က ပြည့်စုံလှသည်မဟုတ်၊ မီးပျက်သည့်အချိန်မျိုးကတော့ အောက်ဆီဂျင်ရှူနေရသည့်လူနာများအဖို့ ငရဲကျသည့်အချိန်ပင်ဖြစ်သည်။ Oxygen Concentrator ကို Google ကဓာတ်ပုံရှာကြည့်မှမြင်ဖူးသည့်ထိုကာလတွင် အောက်ဆီဂျင်အိုးများကိုသာ အားကိုးနေရသည်။
ယတြာကြေဖို့ဖြစ်လာသည်ဟုပဲ ပြောရမလား၊ တစ်ရက်တွင် “ကောင်းထက်ဇော်ကွယ်လွန်ရှာပြီ” ဆိုသည့် ကောလာဟလများကလည်း ဆိုရှယ်မီဒီယာတွင် ပျံ့သွားသည်။
အောက်ဆီဂျင်မလုံလောက်သည့်သူ့အတွက် အဆိုပါကောလာဟလကပင် ကံကောင်းစေခဲ့သည်ဟု ကိုကောင်းထက်ဇော်က ပြန်ပြောပြသည်။
“လုံး၀အောက်ဆီဂျင်ပြတ်သွားချိန် တရုတ်ကြီးတစ်ယောက်ရောက်လာတယ်။ 5 Liters Concentrator ကြီးနဲ့။ ဘုရားမတာပဲ။ ကျွန်တော် အဲဒီလူကို တစ်ခါမှလည်း မမြင်ဖူးဘူး။ အဲ့အချိန်မှာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်လိုက်တဲ့သူကို အရမ်းကျေးဇူးတင်ရမှာ။ ကျွန်တော့်ဆီက Nurse လေးက ရိုက်ပြီးတော့ သူ့ရဲ့အသိတစ်ယောက်ကို ပို့လိုက်တာ။ အဲဒီအသိတစ်ယောက်ကနေ ဘယ်လို့ပွသွားသလဲမသိဘူး။ အဲဒီဓာတ်ပုံဟာ သေနေတဲ့ပုံပဲ”
ဟု MRTV-4 စတားက ရယ်မောရင်း ပြန်ပြောပြသည်။
ဆေးဝါးတွေဆက်တိုက်သွင်းပြီး၊ ရက် ၂၀ ခန့်အလူးအလဲခံရပြီးချိန်တွင်တော့ ကိုကောင်းကြီး နာလည်ပြန်ထလာသည်။
“အဓိကက ကျွန်တော် အစားဝင်သွားတာဗျ။ ကိုဗစ်ဖြစ်တဲ့သူသည် အစားအသောက်ကို လုံး၀စားချင်စိတ်မှရှိတာဖြစ်တဲ့အတွက် ဘေးနားမှာရှိနေတဲ့လူက အသည်းအသန်ကျွေးဖို့လိုတာ။ ကျွန်တော့်ဘေးနားကလူတွေက နည်းမျိုးစုံနဲ့ကိုကျွေးတာ။ ကျွန်တော့်ကို အားရှိအောင်ပြန်လုပ်ပေးပြီး နာလန်ထနိုင်တာ ဆန်ပြုတ်ပဲ။”
ဟု ကိုဗစ်ကိုတန်ပြန်ဖို့ အစားအသောက်အရေးကြီးကြောင်း သူက မှတ်ချက်ပြုသည်။
ဩဂုတ်လလယ်တွင် သူစင်တာမှဆင်းသည်။ ပြန်သက်သာချိန်တွင် သူ ပေါင် ၂၀ လောက်ကျသွားသလို နောက်ဆက်တွဲရောဂါများကိုပါ ဆက်ခံရသည်။
“နောက်ဆက်တွဲက သွေးပျစ်တယ်။ ချောင်းကတော့ ဆက်တိုက်ဆိုးတာ။ တော်တော်ကြာတယ် မပျောက်ဘူး။ လှုပ်ရှားလိုက်တိုင်း ဆိုးနေတုန်းပဲ။ ကျွန်တော့်ကိုကယ်လိုက်တဲ့ဆေးတွေက ပြင်းတဲ့အတွက် ဒီဟာက အသည်းကိုသွားထိတယ်။ အသည်းကြီးက ရောင်နေတယ်။ ဆေးတွေသောက်ရတယ်။”
ကိုဗစ်ဒဏ်ကို နှစ်လနီးပါးခံလိုက်ရသည့် ကိုကောင်းကြီးတစ်ယောက် ဆေးရုံဆင်းပြီး တစ်လလောက်နေတော့ ကာကွယ်ဆေးထိုးဖြစ်သည်။ အခုတော့ သူအလုပ်တွေလည်းပြန်လုပ်နေပြီဖြစ်သလို ဘောလုံးပင်ပြန်ကန်နေပြီဖြစ်သည်။ ကိုဗစ်ရောဂါနှင့်ပတ်သက်ပြီး အခြားသူများကိုတော့ ယခုလိုဝေမျှလိုက်သည်။
“COVID-19 နဲ့ပတ်သက်တဲ့ Information ကို ဘေးစကားတွေနဲ့ ထင်ယောင်ထင်မှားမဖြစ်စေနဲ့။ ပုံမှန် Family Doctor သော်လည်းကောင်း၊ ဆေးပညာနဲ့ပတ်သက်ပြီးတိုင်ပင်ရမယ့်သူ ကိုယ့်ဘေးနားမှာ ရှိဖို့လိုတယ်။ စုံစမ်းစစ်ဆေးမေးမြန်းလို့ရတဲ့နေရာတွေကနေ မေးသင့်တယ်။”
OnDoctor Team
(ယခုဆောင်းပါးသည် ကာယကံရှင်၏အတွေ့အကြုံဖြစ်ရပ်မှန်ကို မေးမြန်းပြီးတင်ပြထားခြင်းဖြစ်ပြီး ဆောင်းပါးပါ ဓာတ်ပုံများသည် ကာယကံရှင်၏ခွင့်ပြုချက်ဖြင့် ဖော်ပြထားခြင်းဖြစ်ပါသည်။ ဆောင်းပါးတွင်ဖော်ပြပါရှိသည့် ဆေးဝါးနှင့် ကုသမှုနည်းလမ်းများသည် ကာယကံရှင်၏အတွေ့အကြုံသာဖြစ်၍ စာဖတ်သူများအနေဖြင့် ဆေးဝါးနှင့်ကုသမှုများလိုအပ်ပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးရန် တိုက်တွန်းအပ်ပါသည်။)