အမျိုးသားများအတွက် အိမ်ထောင်ရေးသုခပြည့်ဝမှုရှိခြင်းသည် အရေးပါသောအခန်းဏ္ဍတွင် ပါဝင်သည်။ အိမ်ထောင်ရေးသုခပြည့်ဝမှုရှိခြင်းသည် မိမိ၏လက်တွဲဖော်နှင့်ဆက်ဆံရေးကိုကောင်းမွန်စေရုံသာမက မိမိ၏ကိုယ်စိတ်အင်အားတက်ကြွပြီးခွန်အားရှိမှု၊ အလုပ်အကိုင်စီးပွားရေး၊ ရည်မှန်းချက်ပန်းတိုင်များစွာကိုလည်း တိုးတက်မှုရှိစေပါသည်။ အိမ်ထောင်ရေးသုခပြည့်ဝမှုသည် အမျိုးသားတို့၏ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာတွင်သာမက မိမိ၏ နေ့စဉ်ပြုလုပ်နေသော အလေ့အကျင့်၊ မိမိ၏လက်တွဲဖော်နှင့် ဆက်ဆံရေး စသည်တို့ပေါ်တွင်လည်းများစွာ မူတည်ပါသည်။
အိမ်ထောင်ရေးသုခပြည့်ဝစေရန်အတွက် စိတ်ဆန္ဒတက်ကြွမှုရှိခြင်းသည် အရေးကြီသောအချက်တွင်ပါဝင်ပါသည်။ ကျန်းမာရေးဆိုင်ရာဘက်မှကြည့်လျှင် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နာတာရှည်ရောဂါများ၊ အဝလွန်ခြင်း၊ အိပ်စက်ချိန်မလုံလောက်ခြင်း၊ စိတ်ဓာတ်ကျရောဂါ၊ စိတ်ဖိစီးမှုများခြင်း၊ စိုးရိမ်ပူပန်ကြောင့်ကြမှုရှိခြင်း စသည်တို့သည် ကာမစိတ်တက်ကြွမှုကိုလျော့ကျစေပါသည်။ ထို့ပြင် ကျားဟော်မုန်းကိုကျစေသောဆေးများ၊ အချို့သောစိတ်ဓာတ်ကျရောဂါအတွက်ဆေးများသည်လည်း ကာမစိတ်ကိုကျစေပါသည်။ ထို့ကြောင့်ကျန်းမားရေးကောင်းမွန်သော အစားအစာများစားသုံးကာ ကျန်းမာသော လူနေမှုအလေ့အကျင့်ရှိရန်လိုအပ်ပါသည်။
ထို့ပြင် လေ့လာချက်များအရ အပြင်းအထန်အားကစားပြုလုပ်ခြင်း၊ လေ့ကျင့်ခန်းများပြုလုပ်ခြင်းသည်လည်းကာမစိတ်ကိုလျော့ကျစေသည်ဟုတွေ့ရှိရပါသည်။ သင့်တင့်လျောက်ပတ်သော အားကစားကိုပြုလုပ်ခြင်းသည်ကော်တီဆော ဟုခေါ်သော စိတ်ဖိစီးမှုကိုဖြစ်စေသည့် ဟော်မုန်းကို လျော့ကျစေကာ ကာမစိတ်ကိုနှိုးကြားစေပါသည်။ အလားတူစွာ အရက်သောက်ခြင်းသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်ပါသည်။ အရက်ဝိုင်အနီကိုသောက်ခြင်းသည် သွေးလည်ပတ်မှုကိုကောင်းစေကာ ကာမစိတ်ကိုတက်ကြွစေသော်လည်း အရက်အလွန်အကျွံသောက်သုံးပါက ထိခိုက်လျော့ကျနိုင်ပါသည်။
အမျိုးသားများအနေဖြင့် မိမိတို့ကိုယ်ကိုမိမိ သိရှိရန်လိုအပ်ပါသည်။ အိမ်ထောင်ရေးသုခအပိုင်းဘက်မှပြောရမည်ဆိုလျှင် အမျိုးသားတို့သည် ဘယ်လိုအခြေနေ၊ ဘယ်လိုအရာ၊ ဘယ်လိုအနေအထားက မိမိကိုသာယာစေလဲ စိတ်တက်ကြွစေလဲ စသည့်အချက်များကိုသိရှိရန်လိုအပ်ပါသည်။ ချစ်တင်းနှောခြင်း၊ ကာမဆက်ဆံခြင်းသည် တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်၍ရသည့်အရာမဟုတ်သောကြောင့် မိမိ၏ လက်တွဲဖော် အိမ်ထောင်ဖက်နှင့်အတူတကွ ဖြည်ရှင်းဆောင်ရွက်ရန်လိုအပ်ပါသည်။ တစ်နေ့တစ်မျိုးအမျိုးမျိုးဖြစ်နေသည့်စိတ်ကို မိမိကိုယ်တိုင်ပင်တစ်ခါတရံမသိ ဖြစ်တတ်ပင်လျှင် တစ်ပါးသူ( မိမိ၏ အိမ်ထောင်ဖက်) က မိမိစိတ်ကို အလိုအလျောက်သိနေရမည်ဟူသည်မှာ မဖြစ်နိုင်ခြေ။ ထို့ကြောင့် မိမိ၏လက်တွဲဖော်အိမ်ထောင်ဖက်ကို မိမိ၏ကာမသာယာမှုစိတ်အကြောင်းကို ပွင့်လင်းစွာပြောပြသင့်ပါသည်။
အိမ်ထောင်ရေးသုခပြည့်စုံခြင်းဆိုသည့်နောက်တွင် ရှေးရိုးစွဲနေသောအရာတစ်ခုမှာ ကာမဆက်ဆံခြင်းသည် အမျိုးသားများအတွက်သာ စိတ်ပျော်ရွှင်သာယာစေရခြင်း ဟူသောအရာပင်ဖြစ်ပါသည်။ အမျိုးသားများအနေဖြင့် မိမိ၏ လက်တွဲဖော်အမျိုးသမီးအတွက်ကိုလည်း ဂရုစိုက်အလေးထားကာ စဉ်းစားပေးရပါမည်။ နှစ်ဦးနှစ်ဖက်အပြန်အလှန်သာယာပျော်ရွှင်မှုကို ဖန်တီးမှသာလျှင် ပြီးပြည့်စုံသော အိမ်ထောင်ရေးသုခကို ရကြပါမည်။
နှစ်ဦးနှစ်ဖက်ပွင့်လင်းစွာပြောဆိုဆောင်ရွက်ရမည့်အချက်များတွင် မိမိသည် စိတ်ဓာတ်ကျနေခြင်း၊ စိတ်ဖိစီးမှုများနေခြင်းစသည့်အပြင် လိင်အင်္ဂါနှင့် ပက်သက်သောရောဂါလက္ခဏာ များကိုခံစားနေရခြင်း၊ အချိန်ကာလတစ်ခုတွင် လိင်စိတ်ကင်းမဲ့နေခြင်းကိုပင် မိမိ၏အိမ်ထောင်ဖက်လက်တွဲဖက်ကို ပြောပြရန်လိုအပ်ပါသည်။ လိင်စိတ်ကင်းနေခြင်းသည် ပုံမှန်ဖြစ်ပါသည်။ ထိုသို့မိမိခံစားချက်များကိုပွင့်ပွင့်လင်းလင်းပြောပြမှသာလျှင် မိမိ၏လက်တွဲဖော်သည် မိမိကိုသံသယကင်းစွာနားလည်ပေးနိုင်ကာ တစ်ဦးနှင့်တစ်ဦးယုံကြည်မှုကို ပိုမိုတိုးပွားပြီး သာယာသောအိမ်ထောင်ရေးကိုရရှိမှာဖြစ်ပါသည်။
ကာမဆက်ဆံခြင်းနှင့်ပက်သက်ရာတွင် မိမိကိုယ်ကို ရုပ်ပိုင်းဆိုင်ရာပြည့်စုံခြင်းမရှိဟု ခံစားရခြင်း၊ မိမိ၏တန်ဖိုထားမှတ်ယူမှုကိုလျော့ကျခြင်းတို့သည်လည်း အိမ်ထောင်ရေးသုခ မပြည့်ဝမှုကိုဖြစ်စေတတ်ပါသည်။ အများအားဖြင့်ဤကဲ့သို့သောအကြောင်းအရာများသည် အမျိုးသမီးများတွင် ပိုမိုဖြစ်လေ့ရှိသော်လည်း အမျိုးသားအချို့တွင်လည်း တွေ့ရှိရတတ်ပါသည်။ မိမိသည် ရုပ်ပိုင်းဆိုင်ရာပြည့်စုံသည်ဟု မထင်သောအခါ မိမိကိုယ်ကို ဆွဲဆောင်မှုရှိသည်ဟု မခံစားရဘဲ ယုံကြည်မှုနည်းကာ ကာမဆက်ဆံခြင်းကို ထိခိုက်နိုင်ပါသည်။
ဤကဲ့သို့သောအကြောင်းများကြောင့် အမျိုးသားများအနေဖြင့် မိမိ ကိုယ်ကိုတန်ဖိုးထားခြင်း၊ မိမိကိုယ်ကိုယုံကြည်ခြင်း၊ ကောင်းသောအလေ့အကျင့်များကိုပြုပြင်ခြင်း၊ ကျန်းမာရေးလိုက်စားခြင်း၊ မိမိ၏လက်တွဲဖော်အိမ်ထောင်ဖက်ကို အလေးထားကာ ရင်းနှီးပွင့်လင်းစွာပြောဆိုခြင်း၊ ဆရာဝန်နှင့်လိုအပ်ပါက တိုင်ပင်ဆွေးနွေးသင့်သည်ကို တိုင်ပင်ဆွေးနွေပြောဆိုကာ ကျန်းမာပျော်ရွှင်သာယာစွာ အိမ်ထောင်ရေးသုခ ပြည့်ဝကြပါစေ။