အမျှင်ဓာတ်သည် ခန္ဓာကိုယ်ကျန်းမာရေးအတွက် လိုအပ်သောအာဟာရဓာတ်ဖြစ်ပါသည်။ အမျှင်ဓာတ်သည် ခန္ဓာကိုယ်၏ အစာခြေစနစ်ကမချေဖျက်နိုင်သော ကဆီဓာတ်( Carbohydrate) ဖြစ်ပါသည်။ အမျှင်ဓာတ်ကို အပင်နှင့်အခြားအစားအစာများမှရရှိပြီး ခန္ဓာကိုယ်၏ အစာခြေစနစ်နှင့်အူလမ်းကြောင်းတွင်အထောက်အကူပြုသောကြောင့် နေ့စဉ်မိမိတို့၏ အစားအစာတွင်ပါဝင်ထည့်သွင်းသင့်ပါသည်။
လူတစ်ယောက်သည် ပုံမှန်တစ်နေ့လျှင် အမျှင်ဓာတ် ၂၅ ဂရမ်လိုအပ်သော်လည်း အသက်အရွယ်၊ အမျိုးသား၊ အမျိုးသမီးပေါ်မူတည်၍ ကွဲပြားပါသည်။ အသက်၅၀ အောက် အမျိုးသားများသည် တစ်ရက်လျှင် အမျှင်ဓာတ်၃၀-၃၈ ဂရမ် လိုအပ်ပြီး အမျိုးသမီးများသည် ၂၀-၂၅ ဂရမ်လိုအပ်ပါသည်။
အမျှင်ဓာတ်ကို အမျိုးအစားခွဲခြားရမည်ဆိုလျှင် (၁) ရေတွင်ပျော်ဝင်နိုင်သော အမျှင်ဓာတ်နှင့် (၂) ရေတွင်မပျော်ဝင်နိုင်သောအမျှင်ဓာတ်ဟူ၍ နှစ်မျိုးရှိပါသည်။ ရေတွင်ပျော်ဝင်နိုင်သော အမျှင်ဓာတ်သည် သွေးတွင်းအချိုဓာတ်နှင့် ကိုလတ်စထရောကိုကျစေပြီး အုတ်ဂျုံ နှင့် ပဲအမျိုးမျိုးတို့တွင် တွေ့ရပါသည်။ ရေတွင်မပျော်ဝင်သော အမျှင်ဓာတ်သည် အစာခြေဖျက်မှုနှင့် အူလှုပ်ရှားမှု ကောင်းအောင် ပြုလုပ်ပေးပါသည်။ ထိုအမျှင်ဓာတ်များကိုမူ ဂျုံကြမ်း၊ ဆန်လုံးညို၊ သစ်သီးဝလံများတွင်တွေ့ရပါသည်။
အမျှင်ဓာတ်သည် ခန္ဓာကိုယ်အတွက် များစွာအကျိုးပေးပါသည်။ နှလုံးရောဂါကိုဖြစ်စေသော သွေးထဲရှိမကောင်းသောကိုလက်စထရောကိုလျှော့ချပေးပြီး သွေးပေါင်တိုးခြင်းနှင့် နှလုံးရောဂါဖြစ်ခြင်းကိုကာကွယ်ပေးပါသည်။ ထို့ပြင် သွေးထဲရှိအချိုဓာတ်ကိုဆုပ်ယူမှုနှေးစေသောကြောင့် ဆီးချိုး၊ သွေးချိုဖြစ်ခြင်းကိုလည်း ကာကွယ်ပေးပါသည်။
နှလုံးရောဂါ၊ သွေးတိုးဆီးချို စသည့်ရောဂါများကို ကာကွယ်ပေးရုံသာမက ကျွန်ုပ်တို့ခန္ဓာကိုယ်သည် အမျှင်ဓာတ်ကို ခြေဖျက်စုပ်ယူမှု မပြုလုပ်နိုင်သောကြောင့် ကိုယ်အလေးချိန်ထိန်းညှိပေးရာတွင်လည်း အထောက်အကူပြုပါသည်။ အမျှင်ဓာတ်သည် အစားအသောက်စားရာတွင် ဗိုက်ကိုမြန်မြန်ပြည့်စေပြီး အဆာကြာကြာခံပါသည်။ ထို့ပြင် ရင်ပူခြင်း၊ အစာအိမ်အချဉ်ဖောက်ခြင်းစသည့် ရောဂါများကိုလည်းသက်သာစေပါသည်။
ထိုမျှသာမက အူလမ်းကြောင်းကိုအကျိုးပြုသော ပိုးများအတွက်အစာအာဟာရကိုအမျှင်ဓာတ်မှရရှိပါသည်။ Probiotic Bacteria ဟုခေါ်သောပိုးများသည် အူလမ်းကြောင်းတွင်ရှိပြီး အစာခြေဖျက်မှုကောင်းစေကာ လေထခြင်းကိုသက်သာစေ၍ဝမ်းနှင့်အူလှုပ်ရှားမှုမှန်အောင်ပြုလုပ်ပေးပြီး ဝမ်းရစ်ခြင်း၊ ဝမ်းချုပ်ခြင်း စသည်တို့ကိုကာကွယ်ပေးပါသည်။ အမျှင်ဓာတ်သည်အစာခြေစနစ်တွင်အစာခြေဖျက်မှုချောမွေ့အောင်နှင့် အူလှုပ်ရှားမှုမှန်အောင်ပြုလုပ်ပေးခြင်းကြောင့် ဝမ်းချုပ်ခြင်းမှဖြစ်သော အူမကြီးကင်ဆာ၊ လိပ်ခေါင်းရောဂါ ၊ စအိုကွဲခြင်းစသည်တို့ကိုလည်းလျော့ကျစေပါသည်။
ထိုကဲ့သို့သော နှလုံးရောဂါ၊ သွေးတိုးဆီးချို၊ အစာအိမ်အူလမ်းကြောင်းရောဂါများကိုကာကွယ်ပေးသောကြောင့် နေ့စဉ်ပုံမှန်စားသောက်သည့်အစားအစာများတွင် အမျှင်ဓာတ်ပါဝင်အောင်ဖြည့်စွက်စားသောက်ကာ အမျှင်ဓာတ်စားခြင်းမှရသောကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိကြပါစေကြောင်းဆုတောင်းအပ်ပါသည်။
Author: Dr. Win