လေ့ကျင့်ခန်းလုပ်ခြင်းသည် ကြွက်သားများကို ဖိစီးမှုဒဏ်ဖြစ်စေသည့်အတွက် ကြွက်သားများနာကျင်ခြင်းဝေဒနာ ခံစားရစေနိုင်ပါသည်။ ကြွက်သားများဒဏ်ရာရပြီးနောက် ဒဏ်ရာအနီးတစ်ဝိုက်ရှိ သွေးကြောများနှင့် အာရုံကြောများကို ထိခိုက်စေပြီး နာကျင်မှုဝေဒနာ ဖြစ်ပေါ်စေပါသည်။ လေ့ကျင့်ခန်းလုပ်ပြီးချိန် ကြွက်သားများနာကျင်ခြင်း Delayed Onset Muscle Soreness (DOMS)ကို လေ့ကျင့်ခန်းပြုလုပ်ပြီး ၆-၈နာရီခန့်အတွင်း စတင်ခံစားရနိုင်ပြီး ၂၄-၄၈ နာရီအထိနာကျင်မှု ခံစားရနိုင်ပါသည်။
ခန္ဓာကိုယ်တွင် ရေဓာတ်လုံလောက်မှုမရှိဘဲ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ဆောင်မှုကြောင့် ကြွက်သားနာကျင်ခြင်း ခံစားရနိုင်ပါသည်။ ကြွက်သားဒဏ်ဖြစ်ခြင်း၊ စုတ်ပြဲခြင်းတွေပါ ခံစားရနိုင်ပါသည်။ ထို့ကြောင့် လေ့ကျင့်ခန်းလုပ်သူများအနေဖြင့် အာဟာရပြည့်ဝအောင် ကာဗိုဟိုက်ဒရိတ်နှင့် ပရိုတင်းပြည့်ဝအောင်စားပြီး ခန္ဓာကိုယ်တွင် ရေဓာတ်လုံလောက်အောင် လေ့ကျင့်ခန်းမပြုလုပ်မီ ၂-၃နာရီ၊ ပြုလုပ်နေစဉ်နှင့် ပြုလုပ်ပြီးလျှင် ရေများများသောက်သင့်ပါသည်။
လေ့ကျင့်ခန်းလုပ်ပြီး ထိခိုက်နာကျင်မှုရှိသည့် ၂-၃ ရက် အတွင်းတွင် နာကျင်သည့် ကြွက်သားနေရာကို ထပ်ပြီးဒဏ်ရာမရအောင် အနားပေးရပါမည်။ လေ့ကျင့်ခန်းလုပ်ပြီးချိန် ကြွက်သားများနာကျင်ခြင်း သက်သာပြီးတစ်ပတ်ကျော်လျှင် လေ့ကျင့်ခန်းများ ပုံမှန်ပြန်လည် ပြုလုပ်နိုင်ပါသည်။ လေ့ကျင့်ခန်းလုပ်တိုင်း တစ်ပတ်လျှင် ၂ ရက်ခန့် ကြွက်သားများကို အနားပေးသင့်ပါသည်။
အရောင်ကျစေရန်အတွက် နာကျင်သည့်နေရာကို အမြင့်တွင်ထားပေးခြင်း၊ Elastic Bandage ပတ်တီးကဲ့သို့ အဝတ်တစ်ခုခုဖြင့် ခပ်ဖွဖွစည်းထားပေးခြင်း၊ အဝတ်တစ်ခုခုခံ၍ ရေခဲသို့မဟုတ် ရေနွေးဝတ်ကပ်ပေးခြင်း ပြုလုပ်နိုင်သည်။ ရေခဲသည် အနာသက်သာစေပြီး အရောင်ကျစေသည့် အစွမ်းသတ္တိရှိ၍ မိနစ်၂၀ ကြာတစ်နာရီခြားပြီး ကပ်ပေးနိုင်ပါသည်
နာကျင်မှုသက်သာစေသည့် လိမ်းဆေးများလိမ်းပေးခြင်း၊ အရောင်ကျဆေး၊ အကိုက်အခဲပျောက်ဆေးများ သောက်ပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးနိုင်သည်။ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူများအတွက် Epsom Salt ဆားခါးအသုံးပြု၍ ဆားရေစိမ်ပေးခြင်း၊ ရေနွေးဖြင့်ရေချိုးခြင်းသည် သွေးလည်ပတ်မှုကောင်းမွန်စေကာ ကြွက်သားတင်းပြီး နာကျင်မှုကိုလျော့စေပြီး ကြွက်သားဒဏ်ရာကို သက်သာစေနိုင်ပါတယ်။
လေ့ကျင့်ခန်းမပြုလုပ်ခင် အကြောလျှော့ခြင်း ကို သွေးပူလေ့ကျင့်ခန်းအနေနဲ့ လုပ်ဆောင်ပေးခြင်း၊ လေ့ကျင့်ခန်းလုပ်ပြီးချိန် အကြောလျှော့လေ့ကျင့်ခန်း လုပ်ပေးခြင်းက ကြွက်သားများထံသို့ သွေးရောက်ရှိမှု ကောင်းစေပြီး လေ့ကျင့်ခန်းလုပ်ပြီးသည့်အခါ ကြွက်သားများနာကျင်မှုကို သက်သာစေနိုင်ပါသည်။ လေ့ကျင့်ခန်းကို အပြင်းအထန်မလုပ်ဘဲ နည်းစနစ်အနေအထား မှန်မှန်ဖြင့် ဖြည်းဖြည်းပဲ ပြုလုပ်သင့်ပါသည်။ ခန္ဓာကိုယ်၏ ခံနိုင်ရည်ကိုမူတည်၍ သင့်လျော်သော အတိုင်းအတာကို တဖြည်းဖြည်းတိုးပြီး ပြုလုပ်ပေးသင့်ပါသည်။
ကြွက်သားများနာကျင်ခြင်း ပျောက်ကင်းပြီး ပုံမှန်လေ့ကျင့်ခန်း ၃ ပတ်ခန့် ပြုလုပ်ပြီးလျှင် ခန္ဓာကိုယ်ကြွက်သား ကြံ့ခိုင်မှု နဂိုမူလအနေအထားသို့ Pre-injury Fitness Level ပြန်ရရှိနိုင်ပါသည်။ လေ့ကျင့်ခန်းလုပ်ပြီးချိန် ကြွက်သားများနာကျင်ခြင်း ဝေဒနာသည် ၄ ပတ်ခန့်အကြာတွင် အလိုအလျောက်သက်သာသွားတတ်ကြပါသည်။ အကယ်၍ တစ်ပတ်ခန့်အကြာတွင် ကြွက်သားများနာကျင်ခြင်း ဝေဒနာ မသက်သာခဲ့လျှင် သို့မဟုတ် ပိုဆိုးလာခဲ့လျှင် ဆရာဝန်များနှင့် ဆွေးနွေးကုသမှု ခံယူသင့်ပါသည်။
Author: Dr. Yee Mon