ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး Booster Dose ဆိုသည်မှာ ပုံမှန်ကာကွယ်ဆေးအပြည့်ထိုးပြီးနောက် ကိုဗစ်ရောဂါပိုးကို ကာကွယ်နိုင်စွမ်းနှင့် ကိုယ်ခံအားစနစ်တုံ့ပြန်မှုကို ပိုကောင်းအောင်ပြုလုပ်ပေးသော ထပ်တိုးဆေးထိုးနှံခြင်းဖြစ်ပါသည်။
လူတစ်ဦးနှင့်တစ်ဦး ကိုယ်ခံအားစနစ်တုံ့ပြန်မှုချင်း မတူညီသောကြောင့် ကာကွယ်ဆေးထိုးပြီး ရရှိလာသည့် ကာကွယ်နိုင်စွမ်းလည်း တစ်ဦးခြင်းကွာခြားမှု ရှိကြပါသည်။ Booster ထပ်ဆောင်းကာကွယ်ဆေးထိုးခြင်းသည် ခန္ဓာကိုယ်ခုခံအားစနစ်၏ ကာကွယ်နိုင်စွမ်းရည်ကို ဆေးထပ်ထိုးပြီး အားဖြည့်ခြင်းဖြစ်သည်။ လေ့လာမှုများအရ ကာကွယ်ဆေး အများစုမှ လှုံ့ဆော်ပေးသည့် ကိုယ်ခံအား Antibody သည် ပျမ်းမျှအားဖြင့် ၆ လခန့်အထိ ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရသည်။ သို့သော် ကာကွယ်ဆေး အမျိုးအစားအလိုက် ထွက်လာသည့် ခုခံနိုင်အား Antibody ၏ကြာချိန်၊ ဘယ်နှကြိမ်ထိုးဖို့လိုသည်ကို လေ့လာနေကြဆဲဖြစ်ပါသည်။
ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးနောက်တွင် ခန္ဓာကိုယ်ရှိခုခံအား Antibody ပမာဏ များလာပြီး အချိန်ကြာသည်နှင့် တဖြည်းဖြည်း ပြန်ကျလာပါသည်။ Pfizer၊ Moderna နှင့် Covishield ဆေးများကို နှစ်ကြိမ်ထိုးပြီး ရက် ၉၀ အကြာခန့်တွင် ခုခံအားပမာဏ ကျလာတတ်ပါသည်။ တရုတ်ကာကွယ်ဆေး Sinopharm နှစ်ကြိမ်ထိုးပြီး ၃ လအကြာတွင်လည်းအလားတူကျလာတတ်ပါတယ်။ ထို့ကြောင့် အသက်၁၂ နှစ်နှင့်အထက်များကို ထပ်ဆောင်းကာကွယ်ဆေး Booster တစ်ကြိမ်ထပ်ထိုးရန် အမေရိကန် Centers for Disease Control & Prevention (CDC) ရောဂါထိန်းချုပ် ကာကွယ်ရေးဌာနမှ တိုက်တွန်းညွှန်ကြားထားပါသည်။
Pfizer-BioNTech ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးလျှင် mRNA ကာကွယ်ဆေး Moderna သို့မဟုတ် Pfizer တစ်မျိုးမဟုတ်တစ်မျိုးကို နောက်၅လနှင့် အထက်အကြာတွင် Booster Dose ၁ ကြိမ် ထပ်ထိုးသင့်ပါတယ်။ အသက်၁၂-၁၇ နှစ်အရွယ်များအတွက်မူ Booster Dose ကို Pfizer-BioNTech ကိုသာ ရွေးချယ်ထိုးပေးသင့်ပါသည်။ Moderna ကာကွယ်ဆေး၂ကြိမ်ထိုးပြီးသည့် အသက် ၁၈ နှစ်နှင့်အထက်များကို အနည်းဆုံး ၅ လခြားပြီး Moderna or Pfizer booster ထိုးပေးသင့်ပါသည်။ Johnson & Johnson ၁ ကြိမ် ထိုးပြီးနောက် ၂ လနှင့်အထက်အကြာတွင် Booster Dose ၁ ကြိမ် ထပ်ထိုးသင့်ပြီး ၂ ကြိမ်ထိုးပြီးနောက် ၆ လနှင့် အထက်အကြာတွင် Janssen (J&J)/Moderna သို့မဟုတ် Pfizer-BioNTech တစ်မျိုးမျိုးကို Booster Dose ၁ ကြိမ် ထိုးသင့်ပါသည်။ AstraZeneca ၂ ကြိမ်ထိုးပြီးနောက် ၆ လနှင့်အထက်ကြာတွင် booster dose ၁ ကြိမ် ထပ်ထိုးသင့်ပါတယ်။
မြန်မာနိုင်ငံတွင် လက်ရှိထိုးပေးလျက်ရှိသော အိန္ဒိယနိုင်ငံ Serum Institute of India ထုတ် CoviShield ၏ Booster Dose ကို အိန္ဒိယက တရားဝင်ကြေငြာထားခြင်းမရှိပါ။ သို့သော် AstraZeneca နှင့် အမျိုးအစားတူဖြစ်သည့်အတွက် ပုံမှန်ကာကွယ်ဆေး၂ ကြိမ်အပြည့်ထိုးပြီး ၆ လနှင့် အထက်အကြာတွင် ထပ်ဆောင်းထိုးသင့်ပါတယ်။ ပြည်သူများ အလွယ်တကူထိုးနိုင်သည့် တရုတ်နိုင်ငံထုတ် Sinopharm, Sinovac နှင့် အိန္ဒိယနိုင်ငံထုတ် Covaxin ၂ကြိမ်ထိုးပြီး ၆လအကြာတွင် ကာကွယ်ဆေး၏ အာနိသင်ကျလာတတ်သဖြင့် တတိယအကြိမ်ထပ်ဆောင်းကို ၃ လနှင့်အထက်အကြာတွင် ထိုးသင့်သည်ဟု အကြံပြုထားပါသည်။
လက်ရှိကာလတွင် မိမိအတွက်လက်လှမ်းပြီး ယုံကြည်စိတ်ချရသည့် ကိုဗစ်ကာကွယ်ဆေးများကို သတ်မှတ်ထားသော Course ၂ကြိမ် ပြည့်မီအောင်ထိုးနှံပြီး အထက်တွင်ဖော်ပြထားသည့်အတိုင်း Booster Dose ထိုးရမည့်အချိန်တွင် တူညီသော သို့မဟုတ် ကိုက်ညီမှုရှိသော ဆေးအမျိုးအစားကို တတ်ကျွမ်းနားလည်သူများနှင့် ဆွေးနွေးတိုင်ပင်ပြီး ထိုးသင့်ပါသည်။ ကိုဗစ်ရောဂါကူးစက်ဖြစ်ပွါးမှု ကာကွယ်တားဆီးနိုင်ရေးအတွက် ကာကွယ်ဆေးပြည့်စုံပြီး Booster ကာကွယ်ဆေး ထိုးပြီးသူများလည်း ကိုဗစ်ကာကွယ်ရေး လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ခြင်းကိုလည်း ပြုလုပ်ရန်လိုအပ်ကြောင်း အသိပေးရေးသား လိုက်ရပါသည်။
Author: Dr. Yee Mon