လေဖြတ်ခြင်း၊ လေဖြန်းခြင်းဝေဒနာဟုဆိုလျှင် ဦးနှောက်သွေးကြောပိတ်ခြင်း ပေါက်ခြင်းကြောင့် ဖြစ်ရသောနောက်ဆက်တွဲ အခြေအနေတစ်ခုဖြစ်ကြောင်း အားလုံးသိရှိပြီးဖြစ်ပါသည်။ လေဖြတ်ခြင်း ကြုံတွေ့နိုင်ရသူများဟုဆိုလျှင် အများစုက အသက်အရွယ်ကြီးသူ၊ သွေးတိုးနှလုံးရောဂါရှိသူများတွင်သာ ဖြစ်နိုင်သည်ဟု ထင်မှတ်ထားတတ်ကြသည်။ လေ့လာတွေ့ရှိချက်များအရ လေဖြတ်ခြင်းဝေဒနာခံစားရသူများ၏ ၄ ပုံ ၁ ပုံခန့်သည် အသက် ၆၅ နှစ်အောက်အရွယ်ဖြစ်ပြီး ၁၀ ယောက်တွင်တစ်ယောက်မှာ အသက်၅၀အောက်အရွယ်များဖြစ်သည်ကို တွေ့ရပါသည်။
အသက် ၁၈ နှစ်မှ ၆၅ နှစ်ကြား အသက်အရွယ်များတွင် လေဖြတ်ခြင်း Young-onset Stroke ဖြစ်လျှင် အများအားဖြင့် သွေးကြောပေါက်ခြင်း၊ သွေးယိုစိမ့်ခြင်း Haemorrhagic နှင့် ဦးနှောက်သွေးပြန်ကြောများပိတ်ခြင်း Central Venous Thrombosis ကြောင့် ဖြစ်လေ့ရှိပါသည်။ လူငယ်များတွင် ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်သည့်နှုန်းကိုလေ့လာကြည့်လျှင် ၁၉၈၀ ခုနှစ်နောက်ပိုင်းမှစ၍ ယနေ့ထိ အရေအတွက်ပိုများလာသည်ကို တွေ့ရှိရသည်။ လူငယ်များတွင် ဦးနှောက်သွေးကြောပိတ်ခြင်းဖြစ်စေသည့် အကြောင်းအရင်းကိုမူ အတိအကျမသိရှိရပါ။
လူငယ်များတွင် လေဖြတ်ခြင်းကို ဖြစ်စေနိုင်သည့် အကြောင်းရင်းများမှာ ဦးနှောက်သွေးကြောဖောင်းရောဂါ Berry Aneurysm မျိုးရိုးရှိခြင်း၊ သွေးကြောများရောင်ရမ်းခြင်း၊ သွေးကြောများပုံမမှန်ခြင်း၊ သွေးမတိတ်ရောဂါကဲ့သို့ သွေးရောဂါအခံရှိသူများ၊ မွေးရာပါနှင့် အခြားနှလုံးရောဂါအခံရှိသူများ၊ အရေပြားလေးဖက်နာကဲ့သို့ရောဂါများ၊ ကိုယ်ခံအားစံလွဲရောဂါများ Autoimmune Disease၊ ဦးနှောက်သွေးပြန်ကြောပိတ်ဆို့ခြင်း၊ အရက်အလွန်အကျွံသောက်သူများ၊ မူးယစ်ဆေးသုံးစွဲသူများ၊ ကိုယ်ဝန်ဆောင်သွေးတိုးနှင့် ကိုယ်ဝန်ဆိပ်တက်နေသည့် အမျိုးသမီးများနှင့် ကိုယ်ဝန်တားဆေး၊ အီစထရိုဂျင်ကဲ့သို့ ဟော်မုန်းဆေးများနှင့် စတီးရွိုက်ပါဝင်သော အချို့ဆေးဝါးများကြောင့် လေဖြတ်နိုင်ခြေပိုများပါသည်။
လူငယ်များအနေဖြင့် လေဖြတ်ခြင်းအန္တရာယ်မှ ကာကွယ်ရန် ကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်ရန် လိုအပ်ပါသည်။ ခန္ဓာကိုယ်အလေးချိန်နှင့် သွေးပေါင်ချိန် ထိန်းညှိပေးခြင်း၊ ကိုယ်လက်လှုပ်ရှား ပုံမှန်လုပ်ပေးခြင်းတို့ပြုလုပ်ရမည်။ ဆေးလိပ်နှင့် အရက်သေစာ၊ မူးယစ်ဆေး စသည်တို့သုံးစွဲခြင်းကို ရှောင်ကြဉ်ရမည်။ ရောဂါအခံရှိလျှင် ကျန်းမာရေးစစ်ဆေးမှုနှင့် ကုသမှုပုံမှန်ခံယူခြင်းတို့ ပြုလုပ်ရန်လိုအပ်ပါသည်။
လေဖြတ်ခြင်း၏ အခြေအနေအကြောင်းရင်းကို လူနာရောဂါရာဇဝင်၊ မိသားစုရောဂါရာဇဝင်၊ ခန္ဓာကိုယ်စစ်ဆေးမှု၊ ကွန်ပျူတာ ဓာတ်မှန်ဖြင့် စစ်ဆေးခြင်း Computed Tomography၊ ဦးနှောက်တွင်အရည်ကိုစစ်ဆေးခြင်း CSF Examination၊ သံလိုက်ဓာတ်မှန်ရိုက်စစ်ဆေးခြင်း MRI၊ ဦးနှောက်တွင်း သွေးကြောများစစ်ဆေးခြင်း Vascular Imaging တို့ဖြင့် ရောဂါကိုသိရှိနိုင်ပါသည်။ အသက်ကြီးသူဖြစ်စေ လူငယ်ဖြစ်စေ လေဖြတ်လျှင် သင့်လျော်မှန်ကန်သောကုသမှုကို အချိန်မီရရှိရန် အလွန်အရေးကြီးပါသည်။ ရောဂါအခြေအနေပေါ်မူတည်ပြီး သွေးခဲဖျော်ဆေးအသုံးပြုကုသခြင်း၊ ခွဲစိတ်ကုသမှုခံယူခြင်း စသဖြင့် အရေးပေါ်ကုသမှုခံယူရန် လိုအပ်ပါသည်။
လူငယ်များအနေဖြင့် ရုတ်တရက် ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း၊ လည်ပင်းနှင့်ဇက်ကြောတောင့်တင်းခြင်း၊ မပျို့ဘဲအန်ခြင်း၊ အမြင်ဝါးခြင်း၊ နှစ်ရိပ်နှစ်ထပ်မြင်ခြင်း၊ မျက်ခွံလေးပြီးအောက်ကျခြင်း၊ အလင်းရောင်မခံနိုင်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်းစသည့် လက္ခဏာများ တွေ့ကြုံခံစားရလျှင် လေဖြတ်ခြင်းလက္ခဏာများ ဖြစ်နိုင်၍ နီးစပ်ရာဆေးရုံဆေးခန်းသို့ အမြန်သွားရောက်ပြသရန် လိုအပ်ပါသည်။
Author: Dr. Yee Mon