ခန္ဓာကိုယ်အတွက် အစာလည်းဆေး ဆေးလည်းအစာဆိုသည့် ဆိုရိုးအတိုင်း အစားအသောက်များမှတဆင့် လိုအပ်သည့် ဗီတာမင်၊ သတ္တုဓါတ်များကို အလွယ်တကူ ရရှိနိုင်ပါသည်။ အစားအစာများမှတဆင့် ရရှိသော သံဓါတ်သည် ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးကြီးပါသည်။ အစာအိမ်နှင့် အူလမ်းကြောင်းသည် တိရိစ္ဆာန်အသားများက ရသော heme iron သံဓါတ်ကို အသီးအရွက် nonheme iron သံဓါတ်ထက် ၃-၄ဆခန့်ပို၍ စုပ်ယူလေ့ရှိပါသည်။ ဇီဝကမ္မလုပ်ငန်းများအတွက် အရေးပါသော သံဓါတ်ကို အစာလမ်းကြောင်းမှ စုပ်ယူနိုင်မှုသည် တွဲဖက်စားသောက်သော အစားအစာများပေါ်တွင် မူတည်ပါသည်။
ပိုလီဖီနောဓါတ် polyphenols ပါဝင်သည့် အစားအစာများသည် သံဓါတ်စုပ်ယူမှုကို အဓိကတားဆီးပေးပြီး ၉၀ ရာခိုင်နှုန်းထိ ဟန့်တားနိုင်ပါသည်။ ကဖင်းဓါတ်ပါသော လက်ဖက်၊ ကော်ဖီ၊ လက်ဖက်ရည်များနှင့် ဆန်လုံးညို၊ စပျစ်သီး၊ ပြောင်းဖူး၊ အောက်စလစ် oxalic acid ပါသောအစားအစာများဖြစ်သည့် မြေပဲ၊ နို့မပါဝင်သောချောကလက် dark chocolate၊ နံနံပင်စသည်တို့ကို သံဓါတ်ပါဝင်သော အစားအစာများနှင့် တွဲဖက်စားသုံးခြင်းသည် သံဓါတ်စုပ်ယူမှုကို လျော့နည်းစေပါသည်။ ကော်ဖီတစ်ခွက်တွင် သံဓါတ်စုပ်ယူမှုကို တားဆီးနိုင်စွမ်း ၆၀% ထိရှိနိုင်ပါသည်။
ကယ်လ်ဆီယမ် Calcium ပါသော နို့နှင့်နို့ထွက်ပစ္စည်း၊ ချိစ် ဒိန်ခဲ၊ ဆာဒင်း ငါးသေတ္တာ၊ ဆယ်လမွန်ငါး၊ တိုဖူး၊ မုန်လာပင်၊ ပန်းပွင့်စိမ်း ဘရိုကိုလီ၊ အယ်လ်မွန်တို့သည် သံဓါတ်အမျိုးအစားများ၏ စုပ်ယူမှုကို အဟန့်အတား ဖြစ်စေနိုင်ပါသည်။ ကယ်လ်ဆီယမ်ဓါတ် ၅၀ မီလီဂရမ်အောက်သည် သံဓါတ်စုပ်ယူမှုအပေါ် သက်ရောက်မှု နည်းသော်လည်း ၃၀၀-၆၀၀ မီလီဂရမ်ရှိသော ပမာဏသည် heme iron နှင့် non-heme iron ဓာတ် နှစ်မျိုးလုံး၏ စုပ်ယူမှုကို ဟန့်တားနိုင်ပါသည်။
အောက်စလိတ်ဓါတ် oxatates ပါဝင်သော ကိုက်လန်၊ ဟင်းနုနွယ်ရွက်၊ စတော်ဘယ်ရီ၊ ပင်စိမ်း၊ မုန်လာဥစသည့် အသီးအရွက်များသည် non-heme iron သံဓါတ်စုပ်ယူမှုကို တားဆီးပေးသည်။ ထို့ကြောင့် အစိမ်းရင့်ရောင် အရွက်များဖြစ်သည့် ကိုက်လန်၊ ဟင်းနုနွယ်ရွက်တို့သည် သံဓါတ်ပါဝင်မှုများသော်လည်း အစာအိမ်အူလမ်းကြောင်းတွင် စုပ်ယူမှုအားနည်းတတ်ပါသည်။
phytic အက်ဆစ် ခေါ် phytates ဓါတ် ပါဝင်မှုများသည့် ဆန်၊ပြောင်း၊ အုတ်ဂျုံ၊ မြေပဲ၊ ပဲအမျိုးမျိုး၊ ပဲပိစပ်၊ အစေ့အဆန်များ(သစ်ကြားသီး၊ ထင်းရှူးစေ့၊အယ်လ်မွန်သီး၊ နှမ်းစေ့)၊ အာလူး၊ မုန်လာဥ၊ သကြားမုန်လာ ၊ မုန်လာဥနီကဲ့သို့ ဥအမျိုးမျိုးတို့သည် သံဓါတ်စုပ်ယူမှုကို ဟန့်တားစေနိုင်သည်။ ဗိုက်တာမင်စီသည် သံဓါတ်စုပ်ယူမှု အားကောင်းစေသည့် အစွမ်းရှိသဖြင့် ဗီတာမင်စီဓါတ် ခန္ဓာကိုယ်တွင် မလုံလောက်ချို့တဲ့လျှင် သံဓာတ်စုပ်ယူမှု လျော့နည်းတတ်သည်။
သောက်ဆေးများဖြစ်သော အစာကြေဆေးများ antacids နှင့် အက်ဆစ်ထုတ်မှုကို ဟန့်တားပေးသောဆေးများ proton pump inhibitors များသည် အစာအိမ်အတွင်းရှိ အစာချေဖျက်ပေးသော ဟိုက်ဒရိုကလိုရစ်အက်ဆစ်ကို နည်းစေခြင်း hypochlorhydria နှင့် အက်ဆစ်မထွက်ခြင်း achlorhydria တို့ကို ဖြစ်စေနိုင်သောကြောင့် သံဓါတ်စုက်ယူနိုင်မှုကို အဟန့်အတားဖြစ်စေနိုင်ပါသည်။
ကြက်ဥတွင်ပါဝင်သော အသားဓါတ်တစ်မျိုးဖြစ်သည့် phosvitin ဓါတ်သည် အစာအိမ်အူလမ်းကြောင်းမှ သံဓါတ်စုပ်ယူမှုကို ဟန့်တားသည့် အကြောင်းအရင်းဖြစ်ပြီး ၎င်းကို egg factor ဟု ခေါ်ပါသည်။ လေ့လာချက်များအရ ကြက်ဥပြုတ်တစ်လုံး စားသုံးခြင်းသည် သံဓါတ်စုပ်ယူနိုင်မှုကို ၂၈ ရာခိုင်နှုန်းထိ လျော့ကျစေနိုင်ကြောင်း တွေ့ရပါသည်။ ထို့ကြောင့် နေ့စဉ်စားသောက်နေသော အစားအစာများထဲမှ သံဓါတ်စုပ်ယူမှုကို ဟန့်တားပေးသည့်အရာများကို သတိထားဆင်ခြင်ပြီး အာဟာရမျှတအောင်ချင့်ချိန်စားသုံးရန် အရေးကြီးလှပါသည်။
Author: Dr.Yee Mon