ဘဝမှာစစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာ အပေါ်ယံပကာသန စည်းစိမ်ဥစ္စာတွေ၊ ရာထူးအရှိန်အဝါတွေလို့ မှတ်ယူကောင်း မှတ်ယူမိပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုလောကစည်းစိမ်ကို ခံစားစံစားဖို့အတွက် ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝကမရှိမဖြစ်ပါ။ ကျန်းမာရေးမကောင်းရင် ဘယ်လောက်ပဲချမ်းသာကြွယ်ဝပါစေ၊ အဆုံးသတ်မှာတော့ ကျန်းမာရေးချို့တဲ့ခြင်း၊ ရောဂါဝေဒနာခံစားရခြင်းတွေကြောင့် လူ့ဘောင်လောကကြီးက အချိန်မတိုင်ခင် နှုတ်ဆက်ထွက်ခွါသွားရမှာဖြစ်ပါတယ်။
လူ့ဘဝရှင်သန်စဉ်ကာလမှာ အနာရောဂါဝေဒနာ ခံစားရတဲ့အဖြစ်မျိုး မဖြစ်ရလေအောင် ကိုယ်ခံအားကောင်းမွန်တဲ့သူဖြစ်ဖို့က ကျန်းမာပျော်ရွှင်သော လူနေမှုဘဝရဲ့ အခရာပါ။ လူတစ်ယောက်ဟာ ကျန်းမာရေးကို ကောင်းကောင်းထိန်းသိမ်းထားနိုင်မယ်ဆိုရင် နှလုံးရောဂါ၊ အဝလွန်၊ သွေးတိုး၊ ဆီးချိုစတဲ့ နာတာရှည်ရောဂါတွေကိုပါ ကြိုတင်ကာကွယ်ပြီးသားဖြစ်နေမှာ ဖြစ်ပါတယ်။
တကယ်တော့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ဆိုတာ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားပိုးလို ကူးစက်ရောဂါတွေကအစ ဆိုးရွားပြင်းထန်သော ကင်ဆာရောဂါလို အခြေအနေမျိုးတွေအတွက်ပါ ခန္ဓာကိုယ်ကို တတ်နိုင်သလောက် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ကာကွယ်ပေးတဲ့စနစ်ပါ။ ဒီလိုကာကွယ်တဲ့ စနစ်တွေ ပိုမိုသန်မာအားကောင်းလာအောင် ကာကွယ်ဆေးတွေက လှုံ့ဆော်ပေးကြပါသေးတယ်။ တခြားသော ကိုယ်ခံအားစနစ် အားကောင်းလာစေတဲ့ နည်းလမ်းများကိုလည်း ဆက်လက်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ဘယ်လိုအရာတွေက ကိုယ်ခံအားစနစ်ကို အားကောင်းလာစေသလဲ?
[၁] အာဟာရပြည့်ဝစွာ စားသုံးပါ
အဓိကကတော့ ရောဂါဖြစ်ပွားစေနိုင်တဲ့ အဆီအဆိမ့်တွေ၊ အချိုတွေ၊ ဆားတွေကို တတ်နိုင်သမျှ ရှောင်ရှားပြီး antioxidants ခေါ် ဓါတ်တိုးဆန့်ကျင်သတ္တိရှိတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ၊ အစေ့အဆံ၊ အဆီထုတ်ထားတဲ့ ဒါမှမဟုတ် အဆီပါဝင်မှုနည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးပေးရမှာဖြစ်ပါတယ်။
[၂] ကိုယ်လက်လှုပ်ရှားမှုအတွက် အချိန်ပေးပါ
ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းက စားကောင်းခြင်း၊ အိပ်ကောင်းခြင်းစတဲ့ ကောင်းခြင်းအဖြာဖြာနဲ့ ပြည့်စုံစေတဲ့အပြင် စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာစတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေ စိတ်ပင်ပန်းနွမ်းနယ်မှုတွေကိုလည်း ကုစားပေးနိုင်ပါတယ်။
[၃] ခန္ဓာကိုယ်အလေးချိန်ကို ဂရုတစိုက် အလေးထားပါ
အဝလွန်ခြင်းဟာ metabolic syndrome ခေါ် ရောဂါများ ခံစားရစေပြီး ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကို ပုံမမှန်ဖြစ်စေပြီးတော့ တုပ်ကွေးဖျားနာ၊ အသည်းရောင်အသားဝါဘီ၊ မေးခိုင်ရောဂါစတဲ့ ကာကွယ်ဆေးတွေရဲ့ အာနိသင်ကိုပါ လျော့နည်းကျဆင်းစေပါတယ်။
[၄] အိပ်ရေး ဝဝ အိပ်ပါ
အိပ်ရေး ဝဝ မအိပ်ဘဲ အိပ်ရေးတွေ ပျက်နေခြင်းဟာ ကိုယ်ခံအားစနစ်ကို အားလျော့စေပြီးတော့ မလိုလားအပ်သော နောက်ဆက်တွဲ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုပါဖြစ်လာစေမှာ ဖြစ်ပါတယ်။
[၅] ဆေးလိပ်သောက်တတ်တဲ့ အကျင့်ရှိရင် ဖြတ်ကိုဖြတ်ပါ
ဆေးလိပ်သောက်တာဟာ ရောဂါတွေဝင်လာရင် ရင်ဆိုင်တိုက်ခိုက်မယ့် ကိုယ်ခံအားစနစ်ကို ချို့ယွင်းစေတဲ့အပြင် ပုံမမှန်လွန်ကဲစွာ တုံ့ပြန်ခြင်းကြောင့် rheumatoid arthritis ကဲ့သို့သော ရောဂါများလဲ ဖြစ်စေနိုင်ပါတယ်။
[၆] အရက် အလွန်အကျွံသောက်သုံးခြင်း မပြုရ
အရက် အလွန်အကျွံသောက်သုံးခြင်းဟာ ကိုယ်ခံအားစနစ်ကို အားနည်းစေတဲ့အပြင် ဆေးဝါးများရဲ့ စွမ်းဆောင်ရည်ကိုလဲ ကျဆင်းစေပြီး အရက်စွဲရောဂါပါ ဖြစ်စေနိုင်ပါတယ်။
[၇] စိတ်ဖိစီးမှုကို လျှော့ပါ
စိတ်ပင်ပန်းမှူ၊ စိတ်ဖိစီးမှုတွေဟာ ခန္ဓာကိုယ်မှ cortisol ကော်တီဇောကိုထွက်စေပြီး ကိုယ်ခံအားနည်းစေတတ်တာကြောင့် စိတ်ဖိစီးမှုကင်းအောင် တတ်နိုင်သမျှ နေထိုင်သင့်ပါတယ်။
အနည်းဆုံး အထက်ပါ အချက် ( ၆ ) ချက်ကို လိုက်နာမယ်ဆိုရင်တော့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စွာထိန်းသိမ်းမြှင့်တင်နိုင်ပြီးတော့ ကျန်းမာပျော်ရွှင်သော လူနေမှုဘဝကို မုချတည်ဆောက်နိုင်မှာဖြစ်ပါတယ်။
Author: Dr. Yee Mon