မိုးတွေရွာတဲ့ ဝသန်ကာလမှာ အအေးမိဖျားနာ common cold နှင့် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကြောင့် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားတတ်ကြပါတယ်။ မိုးရာသီတွင် ကူးစက်တတ်သော rhinovirus နှင့် ရာသီတုပ်ကွေးဗိုင်းရပ်စ်ကဲ့သို့ ရောဂါပိုးများကြောင့် (seasonal flu )တုပ်ကွေးဖျားနာ အဓိကဖြစ်တတ်ပါတယ်။ မိုးရာသီတွင် နေရောင်ခြည် ရရှိမှုနည်းခြင်း၊ စိုထိုင်းဆများလာခြင်းတို့ကြောင့် နေအိမ်တွင်း၌ ရောဂါပိုးမွှားများ ပိုမိုခိုအောင်းပေါက်ဖွား ရှင်သန်နိုင်ကြပါတယ်။ဒါ့ကြောင့် မိုးရာသီမှာ ကိုယ်ခံစွမ်းအားကောင်းပြီး ရောဂါပိုးအလွယ်တကူ မကူးစက်အောင် ကာကွယ်ဖို့ အရေးကြီးပါတယ်။
မိုးရာသီတွင် လူအများစုဟာ မိုးရွာချိန် အပြင်သို့မထွက်ပဲ အိမ်ထဲ၊ အခန်းထဲတွင်သာ အနေများတာကြောင့် အတူနေ မိသားစုဝင် သို့မဟုတ် အလုပ်အတူတူလုပ်သူ တစ်ဦးဦးတွင် အအေးမိတုပ်ကွေးဖျားနာဖြစ်ခဲ့လျှင် ဗိုင်းရပ်စ်ပိုးများ ပို၍ကူးစက်လွယ်ပါတယ်။ရောဂါပိုးမွှားကူးစက်လွယ်သော လူထူထပ်သောနေရာများကို တတ်နိုင်သမျှ ရှောင်ကျဉ်သင့်ပါတယ်။
ရောဂါပိုးကူးစက်မှုမှ ကာကွယ်ပြီး ကိုယ်ခံစွမ်းအားကောင်းစေဖို့ အဓိကအားဖြင့် ကျန်းမာသော စားသောက်နေထိုင်မှုပုံစံဖြစ်အောင် ဂရုတစိုက် နေထိုင်စားသောက်သင့်ပါတယ်။ ကိုယ်ခံအား ကောင်းမွန်အောင် ထောက်ပံ့ပေးသော ဗီတာမင်နဲ့ သတ္တုဓါတ်ကြွယ်ဝသော အစားအသောက်အုပ်စုအားလုံး စုံလင်စွာ စားသုံးပေးရပါမယ်။ဗီတာမင်စီ (vitamin C) ၊ ဗီတာမင်အေ၊ဘီအုပ်စု( vitamin A & vitamin B complex) ဇင့်၊ဆီလီနီယမ်၊ဖော်လစ်အက်ဆစ်နှင့် သတ္တုဓါတ်များပါဝင်သော အစားအစာ၊ အသီးအရွက်၊ ခန္ဓာကိုယ်အကျိုးပြု probiotics ပါအစားအစာများ များများ စားပေးရပါမယ်။
ကိုယ်ခံအားကောင်းအောင် လုံလောက်စွာအနားယူပေးပြီး အိပ်ရေးဝဝအိပ်ဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်ရေဓါတ်ပြည့်ရန် ရေများများသောက်ပေးပါ။ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ဆေးလိပ်၊ ဘီယာ၊ အရက် အလွန်အကျွံသောက်ခြင်းတို့ဟာ ကိုယ်ခံအားကို လျော့နည်းစေတဲ့အတွက် ရှောင်ကျဉ်သင့်ပါတယ်။ ခန္ဓာကိုယ်အလေးချိန် သင့်တင့်အောင် ထိန်းညှိပေးခြင်းဖြင့်လည်း ကိုယ်ခံအားကိုထိန်းထားပြီး ရာသီတုပ်ကွေး ကူးစက်မှု မဖြစ်ရအောင် ကာကွယ်နိုင်ပါတယ်။
စိတ်ပင်ပန်း စိတ်ဖိစီးမှုများလျှင် ကိုယ်ခံအားကျဆင်းတတ်တာကြောင့် lifestyle modification ခေါ် ဘဝနေထိုင်မှုပုံစံ ပြောင်းလဲပေးခြင်းဖြင့် စိတ်ဖိစီးမှုလျော့နည်းအောင် stress management ပြုလုပ်ပေးသင့်ပါတယ်။စိတ်ရောကိုယ်ပါ အနားယူပေးခြင်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း စသည်တို့ကို ပုံမှန်လုပ်ဆောင် ပေးသင့်ပါတယ်။
မိုးရာသီမှာ မိုးသည်းထန်ပြီး နေရောင်ခြည် ရရှိမှုနည်းတာကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကောင်းအောင် လှုံ့ဆော်ပေးမှု အားနည်းတတ်ပါတယ်။ဒါ့ကြောင့် နေရောင်ခြည်လုံလောက်စွာ ရတဲ့အချိန်မှာ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခြင်းဖြင့် ကိုယ်ခံစွမ်းအားကို ကောင်းစေနိုင်ပါတယ်။ လက်ကိုမကြာခဏ သန့်စင်ဆေးကြောပေးခြင်း၊ အပြင်သွားလျှင် လူထူထပ်သော နေရာရှောင်ခြင်း၊ နှာခေါင်းစည်း mask တပ်ဆင်ပေးခြင်း၊ လိုအပ်ပါက ဗီတာမင်စီပါဝင်သော Supplement များသောက်ပေးခြင်း၊ ရာသီတုပ်ကွေးကာကွယ်ဆေး နှစ်စဉ်ပုံမှန်၊ အချိန်မှန်ထိုးခြင်း၊ ကိုဗစ်ကာကွယ်ဆေး စသောဆေးများ မပျက်မကွက်ထိုးခြင်းတို့ ပြုလုပ်ပေးခြင်းဖြင့် ရာသီတုပ်ကွေးကို ကာကွယ်နိုင်ပါတယ်။
အသက်အရွယ် ကြီးသူများ၊ ကလေးများနှင့် စတီးရွိုက်ဆေးများ၊ ကိုယ်ခံအားချသည့်ဆေးများ သောက်သုံးနေရသူများ၊ ကိုယ်ခံအားနည်းသော ရောဂါအခံရှိသူများတွင် ရောဂါပိုးကူးစက်နိုင်မှု ပိုများတာကြောင့် အထူးဂရုစိုက်ရပါမယ်။ အရေးကြီးဆုံးအချက် အနေဖြင့် နေမကောင်း ဖြစ်နေသူများနှင့် ထိတွေ့မှုမရှိအောင် အထူးဂရုတစိုက် ဆင်ခြင်နေထိုင်ခြင်း၊ ဖျားနာလျှင် အခြားသူများ မကူးစက်စေရန် သီးသန့်ခွဲထားခြင်းဖြင့် ရာသီတုပ်ကွေး ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ပါတယ်။
Author : Dr.Yee Mon