လူတိုင်းလိုလို တစ်ခါမဟုတ် တစ်ခါ ခေါင်းကိုက်ဖူးကြမှာပါ။ ခေါင်းကိုက်ခြင်း အများစုရဲ့ အကြောင်းအရင်းကို တိတိကျကျ မသိနိုင်ပါဘူး။ ခေါင်းကိုက်ခြင်းနဲ့အတူ နားထင်ကြောတင်းခြင်း၊ လည်ပင်းကြွက်သား တောင့်တင်းခြင်း ဝေဒနာတွေပါ ခံစားရတတ်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာဦးနှောက်ထဲရှိ သွေးကြောများ ပုံမမှန်ကျဉ်းခြင်း ကျယ်ခြင်းများကြောင့်ဖြစ်ပါတယ်။ ဘာကြောင့်ခေါင်းကိုက်တယ်ဆိုတဲ့ အကြောင်းအရင်း တိတိကျကျမသိနိုင်ပေမယ့် စိတ်ဖိစီးတဲ့အချိန်နဲ့ အိပ်ရေးပျက်တဲ့အချိန်တွေမှာ အဖြစ်များတာကိုတွေ့နိုင်ပါတယ်။ ဆေးဝါးများနဲ့ အစားအသောက်များကတော့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို လှုံ့ဆော်ပေးပါတယ်။
ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို လှုံ့ဆော်ပေးတဲ့ အစားအသောက်တွေက တစ်ဦးနဲ့ တစ်ဦးအပေါ် သက်ရောက်မှုမတူနိုင်တာကြောင့် ခေါင်းကိုက်ဝေဒနာ ခံစားရရင် ဘာတွေစားသောက်ခဲ့လဲဆိုတာ ဒိုင်ယာရီ ရေးမှတ်ထားပါ။ ဒါမှ နောင်မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက် ဝေဒနာခံစားနေရသူ တော်တော်များများကိုလှုံ့ဆော်ပေးတဲ့ အစားအသောက်တွေကတော့ ကဖင်းပါတဲ့ အစားအသောက်များ (လက်ဖက်ရည်၊ ကော်ဖီ၊ ကိုလာ စသဖြင့်) ချောကလက်၊ ချိစ်ပြုပြင်စီမံထားတဲ့ အစားအသောက်တွေ၊အချဉ်ဖောက်ထားတဲ့အစားအသောက်တွေ၊ အရက် (ဘီယာ၊ ဝိုင်နီ၊ ဘရမ်ဒီ၊ ဝီစကီ စတာတွေ )၊ အခွံမာငါး၊ ငှက်ပျောသီး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ဂျုံနဲ့ ပြုလုပ်ထားသော အစားအသောက်များ စတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။
Vasoactive amine ပါတဲ့အစားအသောက်တွေကလည်း ခေါင်းတစ်ခြမ်းကိုက်စေဖို့ လှုံ့ဆော်ပေးပါတယ်။ အေမင်းပါတဲ့ အစားအသောက်တွေကတော့ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ ကြက်ဥချောင်း၊ ရှောက်နဲ့ သံပုရာနွယ်ဝင် အသီးများ၊ ချောကလက်၊ ဒိန်ခဲ၊ ဝိုင်နီ တို့ပဲဖြစ်ပါတယ်။
နိုက်ထရိတ်ပါတဲ့ အစားအသောက်များဖြစ်တဲ့ မုန်လာဥနီ၊ ဆလတ်၊ နံနံပင်၊ ဟင်းနုနွယ် စတာတွေကလည်း သွေးကြောတွေကို ကျယ်စေတဲ့အတွက်ရှောင်ရှားသင့်ပါတယ်။
အထက်မှာ ဖော်ပြထားတဲ့ အစားအသောက်တွေအပြင် မိမိတို့ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို ဖြစ်စေတဲ့ အစားအသောက်များကိုလည်း သတိပြုပြီး ရှောင်ကြဉ်ခြင်းဖြင့် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာသက်သာဖို့ အစားအသောက်ကို သတိပြုနိုင်ကြပါစေ။
Author : ခေတ်သစ် ဇီဝက