ကင်ဆာလို့ကြားလိုက်တာနဲ့ “သေမိန့်” တစ်ခုလို လူတွေသဘောထားကြပါတယ်။ တကယ်လည်း ကင်ဆာဆိုတာ ကမ္ဘာမှာ သေနှုန်းအများဆုံးရောဂါတွေထဲမှာ ထိပ်ဆုံးနားမှာရပ်တည်နေပါတယ်။ ဒါပေမယ့် ကင်ဆာဖြစ်တာနဲ့ သေမှာပဲလို့တော့ တထစ်ချပြောလို့မရပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်တွေအရ ကင်ဆာတွေရဲ့ ၃၀ – ၅၀ % ကို ကာကွယ်လို့ရတယ်လို့ဆိုပါတယ်။
ကင်ဆာမဖြစ်အောင် ကာကွယ်မယ်ဆို ?
- ဆေးလိပ်ဖြတ်ဖို့
- အရက်ဖြတ်ဖို့
- ကျန်းမာစေတဲ့ နေထိုင်မှုပုံစံနဲ့ နေထိုင်ဖို့
- ကင်ဆာဖြစ်စေတဲ့ ရောဂါပိုးမွှားတွေအတွက် ကာကွယ်ဆေးတွေ ကြိုတင်ထိုးထားဖို့ လိုပါတယ်။
အရေးအကြီးဆုံးအချက်ကတော့ ကာကွယ်နေရင်းနဲ့ပဲ ကင်ဆာဖြစ်လာခဲ့ရင်တောင်မှ စောစောစီးစီး ရောဂါလက္ခဏာတွေကို ကြိုတင်သတိထားမိပြီး အမြန်ဆုံးကုသမှုခံယူနိုင်ဖို့ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ အသက်အန္တရာယ်မဖြစ်အောင် ရှောင်ရှားလို့ရနိုင်ပါတယ်။
ဒါကြောင့် လူတိုင်းလူတိုင်း ကိုယ့်ခန္ဓာကိုယ်ကို နေ့စဉ်နဲ့အမျှ သတိထားကြည့်ဖို့ လိုပါတယ်။ တစ်ခုခုထူးခြားလာတာနဲ့ ပြောင်းလဲမှုတစ်ခုခုစတင်လာတာနဲ့ အမြန်ဆုံး စမ်းသပ်စစ်ဆေးဖို့.. ကုသမှုခံယူဖို့လိုပါတယ်။ ဒီလိုနည်းတွေနဲ့ ကင်ဆာကြောင့် သေဆုံးမှုနှုန်းတွေကို လျှော့ချလို့ရပါတယ်။
ကင်ဆာတစ်ခုခု တံခါးလာခေါက်ပြီဆို ဘာလက္ခဏာတွေပြတတ်လဲ ?
- ချောင်းဆိုးသွေးပါခြင်း
- အသံဝင်လာခြင်း၊ အသံပြောင်းသွားခြင်း
- ချောင်းဆက်တိုက်ဆိုးနေခြင်း
- လျှာ/အာခေါင်အနာ ၃ ပါတ်အထိမပျောက်ခြင်း
- အသက်ရှူမဝခြင်း
- အစာမျိုချရခက်ခြင်း
- အစာမကြေခြင်း၊ ရင်ပူခြင်း
- အလုံးအကြိတ် တစ်ခုခုပေါ်လာခြင်း
- မှဲ့အသစ်ပေါ်လာခြင်း/ မှဲ့ပုံစံပြောင်းသွားခြင်း
- အနာမကျက်ခြင်း
- ကိုယ်အလေးချိန်သိသိသာသာ လျော့ကျလာခြင်း
- အစားအသောက်ပျက်လာခြင်း
- ညဘက်ချွေးအရမ်းထွက်ခြင်း
- ဘာကြောင့်မှန်းမသိ နာကျင်ကိုက်ခဲနေခြင်း
- ဝမ်းအလေ့အကျင့်ပြောင်းလာခြင်း (ပုံမှန်မဟုတ်ဘဲ ဝမ်းချုပ်လာခြင်း၊ ဝမ်းပျက်လာခြင်း၊ ဝမ်းအကြိမ်ရေများလာခြင်း)
- ဆက်တိုက်ဗိုက်ကယ်နေခြင်း
- ဆီးတွင်သွေးပါလာခြင်း
- ဆီးသွားရခက်လာခြင်း
- ဝမ်းတွင်သွေးပါခြင်း
ဒီလိုလက္ခဏာတစ်ခုခု စပေါ်လာတာနဲ့ အမြန်ဆုံး ကျန်းမာရေးစစ်ဆေးမှုခံယူရပါမယ်။ အသက်ဆိုတာ ဉာဏ်နဲ့စောင့်ရှောက်ရတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးဖြစ်တာကြောင့် အားလုံးသတိထားကာကွယ်ကြဖို့ အလွန်အရေးကြီးပါတယ်။
Author: Dr. ဖြိုးဝေလင်း