မိခင်များနေ့ကို ဒုတိယပတ် တနင်္ဂနွေနေ့လို့ သတ်မှတ်ခဲ့သလို၊ ဖခင်များနေ့ကိုလည်း ယခင်က နေ့အမျိုးမျိုး ကျင်းပခဲ့ပေမယ့် အမေရိကန်သမ္မတ ပညိသည လိုက်ဒန်လက်ထက် (၁၉၆၆ ခုနှစ်)ကစပြီး ဇွန်လ တတိယပတ် တနင်္ဂနွေနေ့ကို အဖေများနေ့ လို့ သတ်မှတ်ခဲ့ပြီးနောက် နှစ်စဉ်ထိုနေ့ရောက်တိုင်း ဖခင်များနေ့အဖြစ် ကျင်းပ လာကြတယ်။
မိသားစုတစ်ခုမှာ ဖခင်ဟာတံတိုင်းကြီးသဖွယ် အန္တရာယ်ကျရောက်မှုကနေ ကာရံပေးထားတယ်။ ပင်ပန်းကြီးစွာ ရှာဖွေကျွေးမွေးတဲ့ အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဖခင်များကို မမေ့လျော့သင့်ပါဘူး။ အချိန်မတိုင်မီ အိုမင်းရင့်ရော်ကာ၊ အိုမင်းလာတော့ လူကို လူမလေး ဆိုသလို နေရာမပေးဘဲ ချောင်ထိုးတတ်ကြတယ်။ သည်လိုပဲ ဗမာအို ကျောင်းကြိုကျောင်းကြား ဆိုပြီး လျစ်လျူရှုထားမှုတွေ တွေ့လာရတယ်။
ကလာပ်စည်းများဟာ အတွင်းရှိဒီအင်န်အေ ပျက်စီးမှုများလာတဲ့အခါ ပြန်လည်ပြုပြင်နိုင်စွမ်း မရှိတော့ဘဲ ဆဲလ်ကွဲပွားခြင်းရပ်တန့်သွားတယ်။ ဆဲလ်အိုမင်းခြင်း သို့မဟုတ် မိမိကိုယ်ကို ဖျက်ဆီးပစ်ခြင်း တစ်ခုခုဖြစ်နိုင်သလို အချို့ဆဲလ်တွေက ယင်းတို့ထုတ်လုပ်တဲ့ ဟော်မုန်းမထုတ်တော့ခြင်း၊ ရောင်ရမ်းခြင်း ဖြစ်စဉ်များမှာ ထွက်ရတဲ့ လှုံ့ဆော်ပစ္စည်းများမထွက်တော့ခြင်း စတဲ့ပြဿနာများဖြစ်ပြီး တစ်သျှူးရဲ့ဖွဲ့စည်းတည်ဆောက်ပုံများ ပျက်စီးလာတယ်။
မျိုးဗီဇ ပေါ်မှာလည်း မူတည်နိုင်ပါတယ်။ ဆက်တိုက်ကွဲပွားနေတဲ့ဆဲလ်များ (အရေပြားဆဲလ်များ) ၊လှုံ့ဆော်မှုရှိမှ ကွဲပြားစေတဲ့ဆဲလ်များ (အသည်းဆဲလ်များ)နဲ့ လုံးဝထပ်မံပွားနိုင်ခြင်းမရှိဆဲလ်များ (အာရုံကြောဆဲလ်များ)၊ ကြွက်သားများရှိကြရာ အိုမင်းလာတဲ့ဖခင်တစ်ယောက်အတွက် ပတ်ဝန်းကျင်က လှုံ့ဆော်မှုမျိုးစုံအောက်မှာ ခန္ဓာကိုယ် အတွင်းမျှ ခြေပျက်မသွားအောင် ဆဲလ်ထုတ်လုပ်မှု လျင်မြန်အောင် တုံ့ပြန်ပေးရတယ်။
ဓာတ်တိုးပစ္စည်း များ အန္တရာယ်က ဆဲလ်အတွင်း ဓာတ်ပြုခြင်း ဖြစ်ပေါ်လာသလို ဓာတ်ရောင်ခြည်များ၊ ဆေးလိပ်မီးခိုးအမှုန်များ၊ ပိုးသတ်ဆေးများ၊ စက်ရုံသုံးဓာတုပစ္စည်းများနှင့် ထိတွေ့တာ အချိန်ကြာတာနဲ့အမျှ ဆဲလ်များ ဒဏ်ရာရပြီး သေဆုံးစေတယ်။ အိုမင်းရင့်ရော်မှု လျင်မြန်စေတယ်။ ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ အဆစ်ရောင်ရောဂါစတဲ့ ရောဂါမျိုးစုံနဲ့ ဆက်နွယ်လျက် ရှိတတ်တယ်။
ဓာတ်တိုးပစ္စည်းများဟာ အားပျော့ပျယ်ပြယ်လာနိုင်တယ်။ မော်လီကျူးနဲ့ ဆဲလ်အပြောင်းအလဲများက ခန္ဓာကိုယ် မျှခြေများ ထိန်းညှိပေးထားတဲ့ ယန္တရားများအားနည်းလာပြီး ပတ်ဝန်းကျင်ရဲ့ ခုခံစွမ်းအားလျော့နည်းသွားတယ်။
နှလုံးနှင့်သွေးကြောအဖွဲ့အစည်း ပြောင်းလဲမှုများ တွေ့ရတယ်။ ပုံမှန်ကျန်းမာတဲ့ လူတစ်ဦးဟာ တစ်စက္ကန့် တစ်ခါခုန်နိုင်ပြီး ဘဝတစ်လျှောက်လုံး (အသက်ရှစ်ဆယ်ခန့်)အထိ နှလုံးဟာ ၂.၅ဘီလီယံကြိမ် ခုန်ခဲ့တယ်။ နေ့စဉ်သွေးဂါလန်ပေါင်း ၂၀၀၀ခန့်ကို တစ်ကိုယ်လုံးပို့ပေးတယ်။ ကျန်းမာနေတဲ့ နှလုံးတစ်ခုဟာ သွေးတစ်စက်ကို အမြန်ဆုံး ၂၄စက္ကန့်အတွင်း လူတစ်ကိုယ်လုံးရှိ သွေးကြောထဲဖြတ်သန်းပြီး နောက်တစ်ကြိမ် နှလုံးကို ပြန်ရောက် အောင် တွန်းပို့နိုင်တယ်။ အသက်အရွယ်ကြီးလာတာနဲ့အမျှ နှလုံးလုပ်ငန်း ပြောင်းလဲလာတယ်။ အနားယူချိန်၊ အိပ်စက်ချိန်မှာ နှလုံးလုပ်ငန်းဟာ မသိသာပေမယ့် ကိုယ်လက်လှုပ်ရှားပြုတဲ့အချိန်၊ အားကစားလုပ်ချိန်မှာ မြန်လာတယ်။ အသက် ၂၀အရွယ်မှာ အသက်ရှင်ဖို့လိုတာထက် ၁၀ဆပိုအလုပ်လုပ်ပေမယ့် အသက် ၃၀နှစ်နောက်ပိုင်းကစပြီး နှစ်စဉ် ၁ရာခိုင်နှုန်း လျော့သွားကာ သွေးပေါင်ချိန်တက်လာစေတယ်။ သွေးကြောများသို့ သွေးရောက်ရှိမှု နည်းပါး လာတဲ့ သက်ကြီးပိုင်းမှာ အဆုတ်နဲ့ တစ်သျှူးမှာ အောက်စီဂျင်လဲလှယ်မှု နည်းလာခြင်း၊ ကျောက်ကပ်နှင့် အသည်းလုပ်ငန်းလျော့ကျလာခြင်း၊ ဆဲလ်များအာဟာရပြတ်ခြင်း၊ ခြေသလုံးမှာ သွေးကြောများထုံးကာ သွေးခဲလွယ်ခြင်း၊ လမ်းလျှောက်စဉ် ခြေသလုံးကြွက်သားနာပြီး နားလိုက်မှသက်သာခြင်း စတဲ့လက္ခဏာများ ပေါ်ပေါက်လာတတ်တယ်။ အသက်ကြီးရင် လှုပ်ရှားမှု နှေးသွားတယ်။
အသက်ရှူအင်္ဂါ အဖွဲ့အစည်းရဲ့ ပြောင်းလဲမှုများအနေနဲ့ အသက်ကြီးလာရင် ရင်ခေါင်းနံရံနှင့် အဆုတ်ရဲ့ ကြံ့ခိုင်မှု လျော့နည်းလာတယ်။ အသက်ရှူရာမှာသုံးတဲ့ ကြွက်သားများ အားနည်းလာပြီး သက်လုံလျော့လာတယ်။ နံရိုးများကို ဆက်ထားတဲ့ ကြွက်သားများ သိမ်လာပြီး၊ အသက်ပြင်းပြင်း မရှူရှိုက်နိုင်ခြင်း၊ ချောင်းဆိုးခြင်း၊ ကာဗွန်ဒိုင် အောက်ဆိုဒ် ထိထိရောက်ရောက် မရှူထုတ်နိုင်ခြင်းဖြစ်စေတယ်။ အသက် ၆၅နှစ်ကျော်လာရင် လူတစ်ယောက်ထိုင်ပြီး အသက်ရှူနေရင် လေပန်ကာ အားလုံးမပွင့်နိုင်တော့ဘူး။
သွေးအတွင်း ပြောင်းလဲမှုများအနေနဲ့ သွေးနီဥအရွယ် ငယ်လာခြင်း၊ ဟေမိုဂလိုဘင် ပမာဏနဲ့ သွေးမွှားဥပမာဏ နည်းလာခြင်း၊ ယားယံစေတဲ့ သွေးဖြူဥအချို့များလာခြင်း၊ သွေးအတွင်း ဖောလိတ်နဲ့ သံဓာတ်များ လာခြင်းတို့ဟာ အသက်ကြီးရင် ကြုံတွေ့လာရတယ်။ သွေးကြောနံရံမှာ ကိုလက်စထရောလ်များ အညှိတက်ကာ အိုမင်းခြင်းဖြစ်စေတယ်။
အသက်ကြီးလာတဲ့ ဖခင်တို့မှာ ကိုယ်ခံအားစနစ်ပြောင်းလဲလာတယ်။ သွေးဖြူဥများ ကွဲပြားဖို့ လှုံ့ဆော်တဲ့ ပြင်ပလှုံ့ဆော်မှုများကို တုံ့ပြန်မှုနည်းလာလို့ ခန္ဓာကိုယ်အတွင်းက လှုံ့ဆော်ပေးတဲ့ဓာတ်နည်းလာပြီး ဆဲလ်ပွားဖို့ လိုအပ်ချိန်မှာ ဆဲလ်ပွားမှုနှုန်း လျော့ကျလာတတ်ပါတယ်။
အသက်ကြီးရင် အရိုးနဲ့သားစနစ်ပြောင်းသွားတယ်။ ကိုယ်ဟန်အနေအထား ပြောင်းလာခြင်း၊ ပေါင်ရိုးနဲ့ ခြေသလုံးရိုး ပိုကွေးလာခြင်း၊ ကြွက်သားအားနည်းလာခြင်းဖြစ်ကာ အသက်ကြီးချိန်မှာ အရိုးပါးခြင်း၊ အရိုးပွခြင်းများ ရင်ဆိုင်တွေ့လာရတယ်။ အသက် ၂၀မှာ လူအရိုးဖွဲ့စည်းမှု ၉၀ရာခိုင်နှုန်း ပြီးစီးကာ အသက် ၃၀ကျော်မှာ အရိုးထု အများဆုံးဖြစ်ပြီး အသက် ၄၀နောက်ပိုင်း အရိုးအဆစ်များနဲ့ အရိုးဖျက်ဆဲလ်များ မျှခြေပျက်စီးသွားလို့ အရိုးကြီးထွားမှု နှေးကွေးကာ အရိုးများစတင်ပါးပြီး အပေါက်များဖြစ်ပေါ်လာတယ်။ ဒါကြောင့် အရိုးကျိုးလွယ်တယ်။
အဆစ်များ ပျက်စီးယိုယွင်းလာကာ ကြွက်သားထုနည်းခြင်းနဲ့အတူ အိုအေ ခေါ် နာတာရှည် အဆစ်ရောင်ရမ်းမှု အတွေ့အများဆုံးဖြစ်တယ်။ လှုပ်ရှားမှုကို လျော့ပါးနှောင့်နှေးစေတယ်။
အဆီပြောင်းလဲမှုမှာ လူတစ်ဦးချင်း အဆီပမာဏလျော့နည်းပုံချင်း မတူဘူး။ အသက် ၅၀နှစ်မှာ အဆီတက်နှုန်း အမျိုးသားနှင့် အမျိုးသမီးတူနိုင်ပေမယ့် နောက်ပိုင်းအဆီပမာဏများပြီး ကြွက်သားထုနည်းတယ်။
ကျောက်ကပ်နှင့်ဆီးလမ်းကြောင်း အသက်၄၅နှစ်ရောက်ရင် ကျောက်ကပ်အတွင်း သွေးကြောများ ပြောင်းလဲပြီး လုပ်ငန်းလုပ်ကိုင်မှု လျော့နည်းလာတယ်။ ကျောက်ကပ်ထဲသွေးဝင်ခြင်း ၁၀ရာခိုင်နှုန်း လျော့နည်းသွားလို့ အသက် ၈၀နှစ်မှာ ကျောက်ကပ်ထဲသွေးဝင်နှုန်းဟာ အသက် ၃၀နှစ်လူငယ်ရဲ့ ထက်ဝက်ခန့်သာ ရှိတော့တယ်။ အညစ်အကြေး စွန့်ထုတ်မှု၊ အဆိပ်အတောက်များဖယ်ရှားမှုဟာ အသက်ကြီးလာရင် လျော့နည်းလာလို့ ဆင်ခြင်စားသောက်ရမယ်။
ဟော်မုန်းထုတ်လုပ်မှု ဦးနှောက်ထဲက ပီကျူထရီဟော်မုန်းဟာ သက်လတ်ပိုင်းမှာ အရွယ်အစား အကြီးဆုံး
ဖြစ်ပြီး ယင်းနောက်ပိုင်း ရှုံ့သွားတယ်။ ခန္ဓာကိုယ်ကြီးထွားမှု ဟော်မုန်းဟာ ပထမဆုံးလျော့နည်းလာပြီး နောက်ပိုင်း မျိုးပွားအင်္ဂါများ လှုံ့ဆော်ပေးတဲ့ဟော်မုန်း၊ သိုင်းရွိုက်ဟော်မုန်း၊ စိတ်ဖိစီးမှုကြောင့် ထွက်လာတဲ့ဟော်မုန်းစသဖြင့် အစဉ်လိုက်ထုတ်လုပ်မှု လျော့နည်းကာ စွမ်းဆောင်ရည် ကျလာစေပါတယ်။
ပန်ကရိယ၊ အင်ဆူလင်ဓာတ်ထုတ်လုပ်မှုဟာ အသက်ကြီးလာရင် သွေးထဲပိုများလာပြီး အချိုဓာတ်ခံနိုင်ရည် နည်းလာတယ်။ ဆဲလ်များက အင်ဆူလင် အသုံးပြုမှုနည်းလာလို့ ဖြစ်တယ်။ အသက် ၅၀နှစ်မှာ ညဘက်ကစပြီး အစာမစားဘဲနံနက်စောစော အချိုဓာတ်တိုင်းကြည့်လျှင် ငယ်စဉ်ကထက် တက်လာတာတွေ့ရတယ်။
မျိုးပွားစနစ် ပြောင်းလဲမှုအနေနဲ့ အသက်ကြီးရင့်လာတဲ့ဖခင်ဟာ မမျှော်မှန်းနိုင်တဲ့ အပြောင်းအလဲတွေ့ရတယ်။ ကျားဟော်မုန်းထုတ်လုပ်မှု လျော့ကျပြီး ဖိုမစွမ်းအား လျော့ပေမယ့် ဆီးကျိတ်ကြီးလာမှုကြောင့် မျိုးပွားနိုင်မှု ပုံမှန်ထိန်းသိမ်းထားနိုင်သလို ရှိကြတယ်။ ဖွဲတစ်ဆုပ် ကိုင်နိုင်သေးတယ် ဆိုရမယ်။
ဦးနှောက်နဲ့ အာရုံကြောစနစ်ပြောင်းလဲမှုမှာ အာရုံကြောရဲ့လုပ်ငန်းဆောင်တာ ပျက်စီးမှုကနေ၊ ပြန်လည် ပြုပြင်မရနိုင်လို့ ပုံမှန်လုပ်ဆောင်မှုတွေ လျော့နည်းလာတယ်။ အချို့မှတ်ဥာဏ်နဲ့ဆိုင်တဲ့ စွမ်းဆောင်မှု ဥပမာ-အတွေ့အကြုံများ၊ ဗဟုသုတများ အသက်ကြီးလာရင် ပိုမိုခိုင်မြဲတိုးပွားလာတယ်။ ဦးနှောက်အလေးချိန်ဟာ အသက် ၂၀နှစ်မှာ အများဆုံးဖြစ်ပြီး၊ နောက်ပိုင်းဦးနှောက်အပေါ်ယံအခွံ ကွာသွားလို့ အာရုံလျှပ်စစ်စီးကြောင်း ဖြတ်သန်း သွားလာနှုန်း နှေးလာတယ်။ အာရုံလျှပ်စီးကြောင်း ဖြတ်သန်းသွားလာနှုန်း နှေးလာတယ်။ အာရုံလျှပ်စစ်စီးကြောင်းများ ဖြတ်သွားနှုန်း ၁၀ရာခိုင်နှုန်း လျော့ကျလာတယ်။ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ ပစ္စည်းများ လျော့နည်းထုတ်လုပ်လာခြင်း၊ အရိုးကျိုးသွားရင် အလွယ်တကူ ဆက်မှုအားနည်းခြင်း၊ ဆဲလ်အတွင်းမှ အဆီပိုများ စုလာခြင်း၊ ဆဲလ်အတွင်းမှ ပစ္စည်းများ ပုံသဏ္ဌာန်ပျက်ခြင်း၊ ဆဲလ်ရဲ့ သက်တမ်းတိုးလာခြင်း စတဲ့ပြောင်းလဲမှုတွေ ဖြစ်စေတယ်။
အသက်ကြီးလာတဲ့ဖခင်အိုကြီးများကို အလုပ်အကျွေးပြုသင့်ပါတယ်။ ဖခင်တို့မှာ မနေမနားတရစပ် ရှာဖွေလုပ်ကိုင်ကြရပေရာ တစ်ယောက်တည်း စားဖို့ဆိုရင် အချိန်မရွေး လုံလောက်နိုင်ပေမယ့် သားသမီးဆိုတဲ့ သံယောဇဉ်များကြောင့် ကြိုးစားလုပ်ကိုင်ကြရတယ်။ အရွယ်မတိုင်ခင် ရောဂါတွေရ၊ အိုမင်းကြရတယ်။ သဘာဝအရ ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်လုပ်ဆောင်ချက်များ နှေးကွေးလာတာနဲ့အမျှ အချို့မလုပ်နိုင်၊ မကိုင်နိုင်ဖြစ်ပြီး ကျောင်းကြို၊ ကျောင်းကြားရောက်ရှိသွားရတော့ စိတ်မကောင်းစရာ ဖြစ်နေပါတယ်။ အချို့လည်း လူအိုရုံ တွေ ရောက်ရှိသွားကြတယ်။ ဖခင်တို့ဘ၀ မြှင့်တင်ပေးရေး ဦးစားပေး ရေးသားလိုက်ပါတယ်။
Author: Dr. လွင်သန့်