နုပျိုချင်လို့၊ အသားအရေကောင်းချင်လို့၊ အရေးအကြောင်းတွေ ပျောက်ချင်လို့ စသဖြင့် အကြောင်းပြချက်အမျိုးမျိုးနဲ့ ကော်လာဂျင်ကို သောက်သုံးကြပါတယ်။ အသက်အရွယ်ရလာတာ၊ နေရောင်ခြည်ထဲက UV rays တွေနဲ့ ထိတွေ့မှုများတာ၊ အချိုတွေစားလွန်းတာ၊ နေထိုင်စားသောက်မှုပုံစံ မမှန်တာ၊ ဆေးလိပ်နဲ့အရက်သောက်တာ စတာတွေကြောင့် ခန္ဓာကိုယ်ထဲမှာ ကော်လာဂျင် ထုတ်လုပ်နှုန်းတွေ ကျဆင်းသွားတဲ့အတွက် ပြန်ဖြည့်နိုင်ရင်တော့ ကောင်းတာအမှန်ပါ။
ကော်လာဂျင်ကို သောက်သုံးကြသူ အများစုဟာ အမျိုးသမီးတွေဖြစ်ပြီး ကော်လာဂျင်ဆိုတာ အသားအရေနဲ့ အလှအပအတွက်ပဲလို့ သိထားကြတဲ့အတွက် အမျိုးသားတွေဟာ သူတို့နဲ့မဆိုင်ဘူးလို့ ထင်နေကြပုံပါပဲ။တကယ်တော့ ကော်လာဂျင်ကို အမျိုးသားတွေလည်း သောက်လို့ရပါတယ်။ ကော်လာဂျင်က အလှအပအတွက်ပဲ အသုံးဝင်တာမဟုတ်ဘဲ ကောင်းကျိုးတွေ အများကြီးရှိပါတယ်။
အမျိုးသားတွေ ဘာကြောင့် ကော်လာဂျင်သောက်သင့်သလဲ?
(၁) ဆံပင်ကျွတ် ထိပ်ပြောင်တာကို လျော့နည်းစေတယ်
အမျိုးသားတွေဟာ အသက်ကြီးလာရင် ထိပ်ပြောင်လာတတ်ပါတယ်။ ကော်လာဂျင်က ဆံပင်ရဲ့အမြစ်တွေကို လှုံ့ဆော်ပေးပြီး ဆံသားသန်စွမ်းဖို့ အဓိကကျတဲ့ ကီရာတင် keratin ဆိုတဲ့ပစ္စည်းကို ထွက်စေလို့ ဆံပင်မကျွတ်အောင် ကာကွယ်ပေးပါတယ်။
(၂) နှလုံးကို ကျန်းမာစေတယ်
ကော်လာဂျင်မှာပါတဲ့ ပရိုလင်း proline ဆိုတဲ့ အမိုင်နိုအက်ဆစ်က သွေးကြောထဲက အဆီတွေကို ရှင်းလင်းစေပြီး အာဂျန်နင်း arginine ဆိုတဲ့ အမိုင်နိုအက်ဆစ်ကတော့ သွေးလှည့်ပတ်မှုကို ကောင်းစေလို့ နှလုံးသွေးကြောကျဉ်းနဲ့ သွေးတိုးရောဂါကို ကာကွယ်ပေးပါတယ်။
(၃) အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာဖို့ အထောက်အကူပေးတယ်
ခန္ဓာကိုယ်ရဲ့ အရိုးနုတွေ၊ အရိုးတွေ၊ အရွတ်တွေမှာ နံပါတ် ၂ အမျိုးအစား ကော်လာဂျင် ပါဝင်ပါတယ်။ ကော်လာဂျင်တွေ လျော့နည်းလာတဲ့အခါ ဒူးနာခါးနာအဆစ်နာတာ၊ ယောင်ရမ်းတာတွေ ဖြစ်နိုင်လို့ ကော်လာဂျင် သောက်သင့်တာပါ။
(၄) အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးတယ်
ကော်လာဂျင်ဟာ အရေပြားမှာ ဆဲလ်အသစ်တွေ ဖြစ်လာအောင် ကူညီပေးပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်က ကော်လာဂျင်ထုတ်နှုန်း လျော့နည်းလာတဲ့အခါ အသားအရေပျော့တွဲတာ၊ ကြမ်းတမ်းတာ၊ အရေးအကြောင်းတွေ ဖြစ်စေတာမို့ အရွယ်မတိုင်မီ အိုမင်းရင့်ရော်တာ မဖြစ်ချင်ရင် အမျိုးသားတွေလည်း ကော်လာဂျင် သောက်သင့်ပါတယ်။
(၅) အူလမ်းကြောင်း ကျန်းမာစေတယ်
ကော်လာဂျင်က အစာအိမ်နဲ့ အူနံရံတွေကို သန်မာစေလို့ အဆိပ်အတောက်တွေ သွေးကြောထဲကို ရောက်မသွားအောင် ကာကွယ်ပေးပါတယ်။
(၆) ဇီဝလုပ်ငန်းစဉ်တွေကို အထောက်အကူပေးပြီး ကြွက်သားတွေကို သန်မာစေတယ်
ကော်လာဂျင်မှာပါတဲ့ ဂလိုင်စင်း glycine ဆိုတဲ့ အမိုင်နိုအက်ဆစ်က ကြွက်သားတွေ တည်ဆောက်ဖို့လိုအပ်တဲ့ ပရိုတင်းတွေကို လှုံ့ဆော်ပေးသလို ခန္ဓာကိုယ်မှာ စွမ်းအင်တွေ ရဖို့လည်း ကူညီပေးပါတယ်။
ဒါကြောင့် ပျိုမေတို့သာမက အမျိုးသားထုကြီးလည်း ကော်လာဂျင် သောက်သုံးသင့်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
Author: Dr.Yee Mon